ကျပ်ငွေတန်ဖိုးကျဆင်းမှု ဗဟိုဘဏ် ထိန်းချုပ်ဖို့ ခက်ခဲ

RFA Burmese
2024.05.31
ကျပ်ငွေတန်ဖိုးကျဆင်းမှု ဗဟိုဘဏ် ထိန်းချုပ်ဖို့ ခက်ခဲ ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

ရွှေနဲ့ ဒေါ်လာအရောင်းအဝယ်လုပ်နေသူတွေရဲ့ ပြောဆိုချက်အရ မေလ ၂၀ ရက်နေ့မှာ အခေါက်ရွှေဈေးနှုန်း တစ်ကျပ်သား ကျပ်သိန်း ၅၀ ဝန်းကျင်ရှိရာကနေ မေလ ၃၁ ရက်နေ့မှာတော့ ၅၆ သိန်းကျော်အထိ မြင့်တက် သွားသလို အမေရိကန် ဒေါ်လာစျေးကလည်း တစ်ဒေါ်လာ ကျပ် လေးထောင်ကနေ ကျပ် ၄၆ဝဝ ဝန်းကျင်အထိ မြင့်တက်သွားပါတယ်။

“ထိန်းကျောင်းရင် အဲဒီဒေါ်လာစျေးက တက်သွားလေရော"

ဒေါ်လာနဲ့ ရွှေစျေး အဆမတန် မြင့်တက်သွားပြီး ကျပ်ငွေတန်ဖိုး ကျဆင်းသွားတာဟာ ပြည်ပကိုထွက်ခွာတဲ့နှုန်း မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံခြားငွေ လဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“ပြည်ပထွက်ခဲ့တဲ့နှုန်းများပြီး ဟို ဘယ်နှစ်နှစ် ဘယ်နှစ်နှစ်ကြားထဲမှာ စစ်မှုထမ်းရမှာတို့၊ ဘာတို့ကြောက်ပြီး အပြင် (ပြည်ပ) ထွက်ကြတယ်။ အခုလူငယ်ပိုင်းတွေပါ အပြင်ထွက်ကြတယ်။ အပြင်ထွက်တဲ့အခါကျတော့ လိုအပ်ချက်တွေ များသွားတယ်။ လိုအပ်ချက်တွေများတော့ ဒေါ်လာဝယ်တယ်။ ဘတ်ဝယ်တယ်။ စင်ကာပူရွေးတဲ့လူဆို စလုံး (စင်ကာပူဒေါ်လာ) ဝယ်တယ်။ မရမက လိုက်ရှာဝယ်တယ်။ ရှာဝယ်တော့ စျေးတွေက တက်ရော”

စစ်တပ်အာဏာမသိမ်းခင်က ကျပ်ငွေတန်ဖိုးဟာ တစ်ဒေါ်လာကို ၁၃၅၀ ကျပ်ဝန်းကျင်သာရှိခဲ့ပေမဲ့ သုံးနှစ်ကျော်အကြာ မေလ ၃၁ ရက်နေ့အထိ တစ်ဒေါ်လာ တန်ဖိုးဟာ ၄,၆၀၀ ကျပ်ဝန်းကျင်အထိ သုံးဆနီးပါး မြင့်တက်လာပါတယ်။

အလားတူ ပြည်တွင်းရွှေစျေးကလည်း စစ်တပ်အာဏာမသိမ်းခင် ကျပ် ၁၆ သိန်းဝန်းကျင်က သုံးနှစ်ကျော်အကြာ မေလ ၃၁ ရက်နေ့အထိ တစ်ကျပ်သားကို ကျပ် ၅၆ သိန်းကျော် လေးဆနီးပါးမြင့်တက်နေတာပါ။

ပြည်တွင်းကျပ်ငွေ တန်ဖိုးဆက်တိုက်ကျဆင်းနေတာကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ဒစ်ဂျစ်တယ် ငွေကြေးတွေဖြစ်တဲ့ Cryptocurrency, Bitcoin(BTC)၊ Litecoin(LTC)၊ Ethereum (ETH)၊ Perfect Money (PM) နဲ့ USDT အရောင်းအဝယ်နဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကို အရေးယူမယ်လို့ မေလ ၂၄ ရက်နေ့မှာ ကြေညာထားပါတယ်။

မေလ ၂၆ ရက်နေ့ကလည်း လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၆ ခုကို ဗဟိုဘဏ်က အရေးယူလိုက်ပါတယ်။

ဒီနှစ် မတ်လနဲ့ ဧပြီလအတွင်းမှာ နိုင်ငံခြားငွေလဲလိုင်စင်ရ ကုမ္ပဏီ ၃၁ ခုကိုလည်း စစ်ကောင်စီ ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်ပိတ်တာနဲ့ ယာယီရပ်ဆိုင်းတာတွေ လုပ်ဆောင်ထားပါတယ်။

ဗဟိုဘဏ်က ကျပ်ငွေတန်ဖိုးကျဆင်းတာကို ထိန်းချုပ်ဖို့ကြိုးစားလေ ပိုဆိုးလေပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန်ပါတယ်။

“ထိန်းကျောင်းရင် အဲဒီဒေါ်လာစျေးက တက်သွားလေရော။ သူတို့ (ဗဟိုဘဏ်) စာမထွက်ခင်အချိန်မှာ ကျွန်တော်တို့က ဒေါ်လာ ၄,၀၀၀ နဲ့ ၄,၁၀၀ ကြားထဲမှာ နည်းနည်းလေး တက်သွားရင်တောင် ၄၁၂၀ လောက်ပဲ ရှိတယ်ပေါ့။ အဲတော့ ထိန်းလည်းထိန်းလိုက်ရော ၄,၃၀၀ လောက်ဖြစ်သွားတယ်။ တက်သွားတယ်ပေါ့။ အဲတော့ မကြာခင် ဒီထက်ပိုတက်မှာ။ ရွှေစျေးလည်း ဒီအတိုင်းပဲပေါ့နော်။ ဒီလို သူ့ဟာနဲ့သူ ၃၆ သိန်း၊ ၃၇ သိန်းဖြစ်တာကို သွားလုပ်လိုက်တဲ့အခါတော့ အခုတဖြည်းဖြည်းနဲ့ပိုဆိုးပြီး အခုဟာက သိန်း ၅၀ ကျော်သွားပြီပေါ့နော်။ အခုဆိုရင် ၅၃ သိန်း၊ ၅၄ သိန်းဖြစ်နေပြီပေါ့။ ဖြစ်နေပြီဆိုတော့ အဲဒါကိုလည်း သူတို့က ထုတ်(ပြန်) လေ၊ လုပ်လေ ပိုဆိုးလေဖြစ်မှာပဲပေါ့နော်"

လက်ရှိ နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြားငွေရရှိစေမဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ ရပ်ဆိုင်းနေတာကလည်း နိုင်ငံခြားငွေ စီးဆင်းမှုကို ထိခိုက်စေပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံဗဟိုဘဏ် အရာရှိတစ်ဦးကတော့ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာဟာ နိုင်ငံခြားငွေ ဒေါ်လာ အဝင်အထွက် မညီမျှတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

“အစိမ်း (ဒေါ်လာ) က အဝင်နဲ့အထွက် စီးဆင်းတာမမှန်လို့ပေါ့။ မညီမမျှလို့ ဖြစ်နေတာပေါ့။ အစိမ်းက အဝင်စီးဆင်းလာရင်လည်း တစ်မျိုးပေါ့။ အထွက်ကများပြီး အဝင်စီးဆင်းမှုက နည်းနေတော့ ဒီလိုဖြစ်တယ်လို့ပဲ ထင်တာပေါ့ကွာ။ အစိမ်းကို ဆွဲတင်ချင်တဲ့ ကျင့်ဝတ်မရှိတဲ့ စီးပွားရေးသမားတွေကြောင့်လည်း ပါတာပေါ့”

ကျပ်ငွေတန်ဖိုးကျဆင်းတာ ထိန်းချုပ်ဖို့နဲ့ နိုင်ငံခြားငွေ စျေးတည်ငြိမ်ဖို့ ဗဟိုဘဏ်တာဝန်ရှိသူတွေက နေ့ရောညပါ ကြိုးပမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ ထိုင်းနိုင်ငံ ဘဏ်လေးခုက တာဝန်ရှိသူတွေနဲ့ မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ လက်ခံတွေ့ဆုံပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ဖို့ ဗဟိုဘဏ်က မူဝါဒချမှတ် ဆောင်ရွက်နေတဲ့ အခြေအနေ၊ နှစ်နိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့မှ ရွှေဆိုင်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့မှ ရွှေဆိုင်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အစီအမံတွေကို သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ ဗဟိုဘဏ်ဟာ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာစျေးအဆမတန်မြင့်တက်လာတာကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

“မြန်မာပြည်စီးပွားရေးက ပုံမှန်စီးပွားရေး မဟုတ်ဘူး။ ပုံမှန်မဟုတ်တဲ့ စီးပွားရေး။ ပုံမှန်မဟုတ်တဲ့စီးပွားရေး ဖြစ်နေတဲ့အခါကျတော့ ပြင်ပက ကုန်သည်တွေရဲ့ စျေးကစားတဲ့ဒဏ်ကိုလည်း သူ (ဗဟိုဘဏ်) က မကာကွယ်နိုင်ဘူးပေါ့နော်။ ဒီဥပဒေထုတ်ပြန်တာနဲ့ပဲ အရေးယူတာတစ်ခုတည်းနဲ့တော့ ဒီဒေါ်လာကြီးမြင့်မှုကို လိုက်မကုစားနိုင်ဘူးလို့ ကျွန်တော်တို့မြင်တယ်။ ဘာလို့လဲဆိုတော့ တကယ်ထိထိရောက်ဖြစ်တဲ့ တိုင်းပြည်ရဲ့ အမာစီးပွားရေးတွေ နည်းနေတာကို”

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လေ့လာသူတွေကတော့ နိုင်ငံခြားငွေစျေးနဲ့ ရွှေစျေးက ဆက်လက်မြင့်တက်နေဦးမှာဖြစ်ပြီး ဒီဂယက်ကို အခြေခံလူတန်းစားတွေ အဓိက ခံစားရမှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းသုံးဆလောက် မြင့်တက်လာတာကြောင့် ပြည်သူတွေ ခက်ခဲကျပ်တည်းနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။