တရားမဝင် နိုင်ငံခြားငွေလဲလှယ်မှုစွပ်စွဲချက်နဲ့ လူကိုးဆယ်ကျော် အရေးယူခံရ
2024.08.02
ဒီရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး တစ်ရှိန်ထိုးကျဆင်းနေပြီး အမေရိကန်ဒေါ်လာစျေးနှုန်း အဆမတန်မြင့်တက်ခဲ့တဲ့နောက် တရားမဝင် နိုင်ငံခြားငွေလဲလှယ်သူ ၉၃ ဦးကို အရေးယူလိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိထားသူတွေရဲ့ ဘဏ်ငွေစာရင်းနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စိစစ်နေပြီး ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေနဲ့ အရေးယူမယ်လို့လည်း ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့အထိ ဗဟိုဘဏ် စည်းမျဥ်းတွေကို မလိုက်နာတဲ့ နိုင်ငံခြားငွေလုပ်ငန်း ၁၉၄ ခုကိုပါ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
“ကုန်စျေးနှုန်းမကျသရွေ့ ဗဟိုဘဏ်က ဒေါ်လာစျေးကို ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး”
အခုလို အရေးယူတာတွေဟာ ကျပ်ငွေတန်ဖိုး ကျဆင်းနေတဲ့ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။
ဒီအခြေအနေတွေကြောင်း ဒေါ်လာစျေးမကျဘဲ မှောင်ခိုစျေးကွက်ကို ပိုကြီးထွားလာစေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
“အခုဟာက မှောင်ခိုစျေးကွက်ကြီး ပိုပေါ်သွားတာပေါ့ဗျာ။ အခု ၅၇၀၀ တို့ ဘာတို့စျေးကို အော်ချင်သလို အော်ရောင်းနေတာတွေ ရှိတယ်။ အဲဒီလိုမျိုးတွေပဲ ဖြစ်မှာပဲ။ လောလောဆယ် အနေအထားကတော့ဗျာ၊ ကျွန်တော့်အမြင်ပြောရရင် မှောင်ခိုစျေးကွက်ကြီးက ပိုဖြစ်သွားတာပေါ့။ ဖမ်းလိုက်တဲ့အခါကျတော့ လူတွေက တိတ်တိတ်ပုန်း ပိုရောင်းတယ်။ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံခြား ငွေလဲလှယ်ရေးလုပ်ငန်းရှင်တစ်ဦးကတော့ ကုန်စျေးနှုန်းမကျသရွေ့ ဗဟိုဘဏ်က ဒေါ်လာစျေးကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။
“ဒီ ကျွန်တော်တို့နိုင်ငံမှာက ဒေါ်လာလိုအပ်ချက် အများကြီးရှိတယ်။ အများကြီးရှိတဲ့အခါကျတော့ ထိန်းလည်း ခဏပဲလို့ ကျွန်တော်မြင်တယ်။ ဥပမာ ဟွန်ဒီနဲ့ပဲပေးပေး၊ ဒေါ်လာအရွက်နဲ့ပဲပေးပေး ဒါတွေနဲ့ပဲ ဆက်စပ်နေတာဆိုတော့ အခုဒေါ်လာစျေးကို ဖမ်းထိန်း အခုလိုအရေးယူပေမဲ့လည်း ကုန်စျေးနှုန်း မကျသရွှေ့ကတော့ ဘာမှလုပ်လို့မရဘူး”
ဆက်နွှယ်သောသတင်းများ
မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းနေ
ပြည်တွင်းဘဏ်တွေမှာ ငွေသားထုတ်ယူမှုပမာဏ ကန့်သတ်
ကျပ်ငွေတန်ဖိုးကျဆင်းမှု ဗဟိုဘဏ် ထိန်းချုပ်ဖို့ ခက်ခဲ
ဒေါ်လာစျေး အဆမတန်မြင့်တက်နေတာဟာ ဗဟိုဘဏ်က ဒေါ်လာကို အကန့်အသတ်နဲ့ပဲ ရောင်းနေတာကြောင့်ဖြစ်တယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဒီကိစ္စတွေက စျေးကွက်ကို ထိန်းချုပ်လို့မရဘူး။ မရရင်ဖမ်းမယ် လုပ်လို့မရဘူး။ ရွှေလည်း ဖမ်းတယ်။ ဒေါ်လာလည်း ဖမ်းတယ်။ ဆန်လည်း ဖမ်းတယ်။ ဆီလည်း ဖမ်းတယ်။ အကုန် ဖမ်းနေတာပဲ။ ဒါပေမဲ့ စျေးတွေကျလား မေးကြည့် စျေးတွေ မြင့်တက်နေဆဲပဲ။ မြန်မာငွေတန်ဖိုးပဲ ကျကျလာတာပဲ။ တကယ်က ဒေါ်လာကို လိုသလောက် မရောင်းပေးနိုင်လို့ အဲဒီပြဿနာတွေ တက်နေတာ”
ဒေါ်လာစျေးကို ထိန်းချုပ်နိုင်ဖို့ တရားမဝင် ဒီဂျစ်တယ်ငွေကြေး ရောင်းဝယ်လဲလှယ်သူ၊ နိုင်ငံခြားငွေကစားသူနဲ့ ဟွန်ဒီလုပ်ငန်းတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်က အခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ဆက်တိုက်ဖမ်းဆီးအရေးယူတာာတွေ ရှိလာတာပါ။
“ဒီအခြေအနေကိုကုစားဖို့ စစ်ကောင်စီဘက်က မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲဖို့လိုပါတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ဒီအခြေအနေကိုကုစားဖို့ စစ်ကောင်စီဘက်က မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲဖို့လိုတယ်လို့ ထောက်ပြပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရင် မလုံလောက်ဘူး။ ပြင်ရမဲ့ မူဝါဒပိုင်းတွေလည်း ပြင်ရမယ်။ နောက်ပြီးတော့ ပို့ကုန်ကိုလည်း များများသွားအောင် လုပ်နိုင်မှ ဒီဟာ ထိန်းနိုင်မဲ့သဘောရှိတယ်။ ဒါမှမဟုတ်ရင်တော့ မထိန်းနိုင်ဘူး”
လတ်တလော အရေးယူ ဆောင်ရွက်နေတဲ့အပေါ် စစ်ကောင်စီရဲ့ ဗဟိုဘဏ်၊ ငွေကြေးစီမံဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အာဏာမသိမ်းခင်က အမေရိကန် တစ်ဒေါ်လာကို ၁၃၅၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပေမဲ့ လက်ရှိ တစ်ဒေါ်လာကို ၅,၃၀၀ ခန့်အထိ လေးဆနီးပါးမြင့်တက်လာပါတယ်။
ပြည်တွင်းရွှေစျေးလည်း အာဏာမသိမ်းခင် ကျပ် ၁၆ သိန်းဝန်းကျင်ကနေ သုံးနှစ်ကျော်အကြာ ဒီနေ့မှာ တစ်ကျပ်သားကို ပြင်ပပေါက်စျေး ကျပ် ၆၈ သိန်းခန့်အထိ လေးဆကျော် မြင့်တက်နေပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းပြီး ဒေါ်လာနဲ့ ရွှေစျေး မဆမတန်မြင့်တက်နေပေမဲ့ ဗဟိုဘဏ်ကတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ်နဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကလည်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၄၆ သိန်းကျော်သာ သတ်မှတ်ထားဆဲဖြစ်ပါတယ်။