ဒေါ်လာဈေးကျအောင် ဖမ်းဆီးနေပေမယ့် မဖြစ်မနေလိုအပ်နေသူတွေကိုသာ ထိခိုက်

RFA Burmese
2023.06.25
ဒေါ်လာဈေးကျအောင် ဖမ်းဆီးနေပေမယ့် မဖြစ်မနေလိုအပ်နေသူတွေကိုသာ ထိခိုက် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေအချို့ကို တွေ့ရစဉ်။
RFA

ဒေါ်လာနဲ့ရွှေစျေး မြင့်တက်လာတာကို ထိန်းချုပ်ဖို့ ရန်ကုန်နဲ့ မန္တလေးက နိုင်ငံခြားငွေ လဲလှယ်နှုန်း ဈေးကစားသူ၊ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်သူ၊ တရားမဝင်နိုင်ငံခြားငွေ လွှဲပြောင်းသူ ၅၁ ဦးနဲ့ ကုမ္ပဏီသုံးခုကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီရဲ့ စောင့်ကြည့်ကြီးကြပ် စစ်ဆေးရေးအဖွဲ့က ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ် ရေး ဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ဒေါ်လာနဲ့ ရွှေစျေး မြင့်တက်လာတာပါ။

အဲဒီနောက် ပြည်တွင်းမှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၈၀၀ ကျော်ဝန်းကျင်ကနေ ကျပ် ၃၀၀၀ ကျော်အထိ တက်ခဲ့သလို အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ စွန်းစွန်း ကနေ ၃၂ သိန်းကျော်အထိ စျေးတက်ခဲ့တာပါ။

"အခြေခံစားကုန်တွေအထိရောက်လာရင် ဒါတိုင်းပြည်က မတည်မငြိမ်ဖြစ်ပြီးတော့ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်ပေါ့နော်"

စစ်ကောင်စီအနေနဲ့ တရားမဝင်ဒေါ်လာရောင်းဝယ်သူတွေကို ဖမ်းဆီးနေတယ်ဆိုပေမယ့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူတွေသာ အဖမ်းခံနေရတာလို့ ရန်ကုန်မြို့မှာ ဒေါ်လာ ရောင်းဝယ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။ 

“ဖမ်းတယ်ဆီးတယ်ကတော့ ဘယ်လိုပြောရမလဲဆိုတော့ တချို့ပြန်ပြီး ငွေပေးပြီးထုတ်နိုင်တဲ့သူလည်းရှိတယ်။ တချို့ကျတော့လည်း ပြန်မထုတ်နိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် MC ( Money Changer)တွေရဲ့ နောက်မှာလည်း သူတို့ချိတ်တွေရှိတယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့မှာနောက်ခံလူတွေရှိတယ်။ ဖမ်းသွားလည်း ခဏနေပြန်ထွက်လာကြတာ။ အသေးသမား (တစ်နိုင်တစ်ပိုင် ရောင်းဝယ်သူ)တွေကတော့ ပြန်မထုတ်နိုင်ကြဘူးပေါ့”

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်လာတာကြောင့် ပြည်ပကနေတင်သွင်းရတဲ့ ကုန်ပစ္စည်းဈေးတွေ ဆက်တိုက်မြင့်တက်လာနေတာပါ။ 

ရန်ကုန်မြို့မှာ ရွှေလုပ်ငန်းလုပ်ကိုင်နေသူကလည်း စစ်ကောင်စီအနေနဲ့ ရွှေစျေးမြင့်တက်တာကို ထိန်းချုပ်ချင်ရင် နိုင်ငံခြားငွေ လွတ်လပ်စွာသုံးစွဲခွင့်နဲ့ ပြည်ပအဝင်အထွက် နိုင်ငံခြားငွေကြေးကို သေသေချာချာ စိစစ်ဖို့လိုမယ်လို့ RFA ကို ပြောပါတယ်။

“ကုန်သည်တွေနဲ့လည်းဆိုင်သလို ကမ္ဘာ့ဈေးနဲ့လည်းဆိုင်တယ်။ အကုန်လုံးကတော့ ဆက်စပ်နေတာပေါ့။ ကမ္ဘာ ဈေး (ရွှေ) တက်တော့လည်းတက်တယ်ပေါ့။ ပြည်တွင်း ထဲမှာ မကျဘူးဆိုတာလည်း လက်ဝယ် သိမ်းထားတဲ့သူတွေက ကုန်သည်တွေဖြစ်နေတဲ့ အခါကျတော့ သူတို့မထုတ်ပြန်ရင်လည်း ဗမာပြည်ကရွှေဈေးက ဘယ်လိုကျမလဲ။ ဒါကရှိသေးတာကို။ တရားဝင်ပေါ့ လွတ်လွတ်လပ်လပ် နိုင်ငံခြားငွေကြေး သုံးစွဲခွင့်၊ ပြည်ပကိုထွက်တဲ့ ငွေကြေးတွေ၊ ပြည်ပကဝင်လာတဲ့ ငွေကြေးတွေ၊ ပြည်ပတင်ပို့မှု အတွက် အသုံးပြုတဲ့ငွေတွေကို သေသေချာချာ စိစစ်ပေးနိုင်ရင် (ရွှေ)ဈေး ထိန်းသွား နိုင်မယ်လို့ မြင်ပါတယ်”

ပြည်တွင်းကို ထိုင်း၊ တရုတ်နဲ့ စင်ကာပူကနေ တရားမဝင်ဝင်လာတဲ့ ကီလို အခေါက်ရွှေ တွေကို အမေရိကန် ဒေါ်လာနဲ့ ပေးချေရတာဖြစ်ပြီး အဲဒီတရားမဝင်ဈေးကွက်ကလည်း ကြီးကြီးမားမားရှိနေတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဒေါ်လာဈေးကွက်ကို ဖမ်းဆီးတာမျိုးနဲ့ထိန်းချုပ်ဖို့ ကြိုးပမ်းနေပေမယ့် တရားမဝင်ငွေဈေးကွက် ပျောက်သွားမှာမဟုတ်ဘဲ လတ်တလောလိုအပ်ချက်ရှိနေသူ တွေကိုသာ အခက်ဖြစ်စေတယ်လို့ ငွေကြေး ဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦး က RFA ကိုပြောပါတယ်။

 “အဲဒါတော့ မကျနိုင်ပါဘူး တချို့လုပ်ငန်းတွေ ရပ်သွားမှာပေါ့။ မှောင်ခိုလုပ်ငန်းကတော့ သိတဲ့အတိုင်း ဘယ်တုန်းကမှ ကျသွားတယ်ဆိုတာမှ မရှိတာ။ ဘယ်သူတွေ အခက်အခဲ ဖြစ်မလဲဆိုတော့ လောလော လတ်လတ် ပြည်ပဆေးကုသွားမယ်တို့၊ မိသားစုနဲ့ အလည်အပတ် ခရီး ထွက်မယ်ဆိုတဲ့လူတွေပဲ ငွေဝယ်ရတာ အခက်အခဲဖြစ်မှာပါ။ သူတို့ (တရားမဝင်) အချင်းချင်းကြားမှာ လက်ကြီးသမားတွေမှာရှိနေတဲ့ ဈေးကွက်ကတော့ မပျောက်ပါဘူး။ သူတို့ကြားထဲမှာ ယုံကြည်မှု (Trust) ရှိပြီးသားပါ။ အရောင်းအဝယ် လုပ်နေသူ အချင်းချင်းကြားမှာ ကြီးတဲ့ ဈေးကွက်က မပျောက်ပါဘူး”

အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း အဆမတန်မြင့်တက်လာမှုကို စစ်ကောင်စီက ထိန်းချုပ်ဖို့ကြိုးပမ်းနေပေမယ့်လည်း အခုချိန်အထိမထိန်းချုပ်နိုင်သေးဘူး လို့ ငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှ ရွှေအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ (Photo: AFP)
ရန်ကုန်မြို့မှ ရွှေအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ (Photo: AFP)

ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေထိန်းချုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွန်လ ၂၃ ရက်က စလို့ AD လိုင်စင်ရဘဏ်နဲ့ ဘဏ်အသုံးပြုသူတွေအကြား၊ ဘဏ်ကိုအသုံးပြုသူ ပြင်ပ ငွေကြေး လုပ်ငန်းရှင်အချင်းချင်းအကြား ရောင်းဝယ်မှုတွေကို Online Trading စနစ် နဲ့လုပ်ခဲ့ပါတယ်။

ဇွန်လ ၂၃ ရက် သောကြာနေ့တစ်ရက်တည်းမှာပဲ Online Trading အရောင်းအဝယ် အတွက် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ  ၂၉၂၀/၂၉၂၂  နဲ့ ဒေါ်လာ ၄ ဒသမ ၈၁ သန်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ စစ်ကောင်စီ အနေနဲ့ ဒေါ်လာစျေးကို အချိန်မီ မထိန်းသိမ်းနိုင်ရင် အခြေခံစားကုန်တွေအထိရောက်လာ ပြီး အခြေအနေ ဆိုးရွားသွားနိုင် တယ်လို့ RFA ကိုပြောပါတယ်။

“နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတော့ စက်သုံးဆီစျေးတွေကစားမယ်။ နောက်တစ်ခါ အခြေခံ စားကုန်တွေအထိရောက်လာရင် ဒါတိုင်းပြည်က မတည်မငြိမ် ဖြစ်ပြီးတော့ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲတော့ နစကတစ်ရပ်အနေနဲ့ မဟုတ်ဘဲနဲ့ ဒါအစိုးရတစ်ရပ်အနေနဲ့ ဒီလို အခြေအနေမျိုးမှာ အချိန်မီ ဒေါ်လာတွေ စျေးမကစားအောင် တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် ဒါသူတို့ ဆောင်ရွက်နေတယ်လို့ ကျွန်တော် ယေဘုယျအားဖြင့်တော့ မြင်တာပေါ့လေ။ ဥပဒေ လမ်းကြောင်းအရ”

အမေရိကန်အစိုးရရဲ့ အခုလိုပိတ်ဆို့အရေးယူမှုဟာလည်း စစ်ကောင်စီအတွက် ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်တယ် လို့ ဆိုပါတယ်။

ဒေါ်လာစျေးအပေါ် ကိုင်တွယ်နေတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်၊ ငွေကြေးစီမံဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘဏ်နှစ်ခုကို ပိတ်ဆို့ အရေးယူတာနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ နိုင်ငံရေး၊ စီးပွားရေးအရ အကျပ်အတည်းဖြစ်အောင်လုပ်နေတာလို့ ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီပိုင် မီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

ဗဟိုဘဏ်ရဲ့ ဇွန်လ ၂၃ ရက်ထုတ်ပြန်ချက်မှာ နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကစားတာ၊ တရားမဝင်နိုင်ငံခြားငွေ လဲလှယ်တာနဲ့ တရားမဝင်ငွေလွှဲလုပ်ငန်းလုပ်တာကို ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ ဆက်စပ်ပြဋ္ဌာန်းချက် တွေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။