ပြည်တွင်းဘဏ်တွေမှာ ငွေသားထုတ်ယူမှုပမာဏ ကန့်သတ်
2024.07.10

ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေမှာ ဇူလိုင်လ ဒုတိယပတ်ကစလို့ ဘဏ်အကောင့်အမျိုးအစားအားလုံးကို ငွေသားပမာဏ အကန့်အသတ်နဲ့သာ ထုတ်ပေးတော့တာကြောင့် အခက်အခဲဖြစ်နေကြရတယ်လို့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
ပုဂ္ဂလိဘဏ်တွေမှာ အရင်က ငွေသားကို အကန့်အသတ်မရှိ ထုတ်ယူလို့ရပေမဲ့ အခုတော့ တစ်နေ့ကို ငွေသားဆယ်သိန်းကနေ သိန်းနှစ်ဆယ်အထိသာ ထုတ်ပေးတော့တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"လောလောဆယ်ကတော့ ဘဏ်တွေမှာ အခုအများဆုံး ဆယ်သိန်း၊ သိန်းနှစ်ဆယ် အဲဒီလောက်ပဲ ပေးတော့တယ်ဗျ။ တစ်နေရာနဲ့တစ်နေရာ တူမှာမဟုတ်ဘူးလို့ ထင်တယ်။ ကျွန်တော်တို့မြို့ထဲမှာတော့ အဲဒီလိုပဲ ဘဏ်က ထုတ်ပေးတော့တယ်။ ဒီနေ့နဲ့ဆို သုံးရက်ပေါ့။ သုံးရက်လောက်ပဲရှိသေးတယ်။ ငွေသွင်းကတော့ ပြဿနာမရှိဘူး။ ငွေထုတ်ကတော့ အခက်အခဲရှိတာပေါ့။ ငွေသွင်းကတော့ ကြိုက်သလောက်သွင်း ငွေထုတ်ကတော့ ဥပမာ Special (ဘဏ်အကောင့်) ကို ငါးဆယ်ထည့်ထားတယ်။ ငါးဆယ်ပြန်ထုတ်မယ်ဆိုရင်တော့ အခက်အခဲရှိတာပေါ့"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စက်ရုံလုပ်ငန်းရှင်တစ်ဦးကတော့ တချို့ ပုဂ္ဂလိကဘဏ်တွေမှာ ဒီနေ့ ကျပ်ငွေငါးသိန်းသာ ထုတ်ယူလို့ရတယ်လို့ RFA ကို ပြောပါတယ်။
"ခက်တာတော့ အခုက အကုန်လုံး ခက်နေကြတာပေါ့လေ။ သူက အခုက ဘဏ်တွေကလည်း အခုဟာက ပိုက်ဆံမရှိလို့ထက် ဗဟိုဘဏ်က ကန့်သတ်လိုက်တဲ့ဟာ ပိုဆိုးနေတယ်ပေါ့နော်။ သူ့ကန့်သတ်ချက်အတိုင်း လုပ်ပေးရသလိုဖြစ်နေတယ်။ ဗဟိုဘဏ်က ငွေသွင်းငွေထုတ်တွေ လိုက်ကြည့်နေသလိုဖြစ်နေတာပေါ့နော်။ အခုတော့ လစာထုတ်တဲ့ရက်ကတော့ နည်းနည်းခက်ခဲတယ်။ အခုရက်တွေကတော့ ပိုဆိုးတယ်။ ဒီနေ့မနက် စက်ရုံအသုံးစရိတ်ထုတ်ဖို့သွားတာ သူတို့ ငါးသိန်းပဲ ထုတ်ပေးတယ်။ ပြည်လမ်းဘဏ် KBZ ဘဏ်ဆို ငါးသိန်းပဲ ပေးတယ်"
ငွေသားကို အကန့်အသတ်နဲ့ ထုတ်ပေးနေတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ကမ္ဘောဇဘဏ်ခွဲတစ်ခုကို RFA က ဆက်သွယ်မေးရာမှာ ငွေထုတ်ယူသူများလွန်းနေတာကြောင့် ဘဏ်ရဲ့ဝင်ငွေအပေါ်မူတည်ပြီး ငွေထုတ်ပေးရတာလို့ ပြောပါတယ်။ ဇူလိုင် ၉ ရက်နေ့ကတော့ ငွေထုတ်သူတွေကို အများဆုံး ကျပ်ငွေသိန်းသုံးဆယ်အထိ ထုတ်ပေးနိုင်ပေမဲ့ ဒီနေ့မှာတော့ အများဆုံးကျပ်ငွေ ဆယ်သိန်းသာ ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းက အိမ်ရာချေးငွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာ၀တီဘဏ်၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။
"ဘဏ်ရဲ့သဘောကတော့ ဘယ်ဘဏ်မဆိုပေါ့နော်၊ အကုန်ဝိုင်းထုတ်မယ်ဆို ဘယ်ဘဏ်မဆို ပြိုမှာပဲ။ ပြုံပြီးဝိုင်းထုတ်လိုက်ရင် ငွေစက္ကူမလည်တော့မှာစိုးလို့ ကန့်သတ်လိုက်တာ"
စစ်ကောင်စီရဲ့ အရေးယူမှုကြောင့် ပြည်သူတွေ စိုးရိမ်မှု မြင့်တက်ပြီး ငွေတွေကို အလုံးအရင်းနဲ့ထုတ်ဖို့ ကြိုးစားရာကနေ အခုလိုကန့်သတ်မှုတွေ လုပ်လာကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂ္ဂလိက ဘဏ်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီတစ်ခေါက်ဖြစ်တဲ့ ဖြစ်စဉ်က ချေးငွေအပ်ငွေအချိုး မညီမျှတဲ့အတွက်ကြောင့်မို့လို့ အစိုးရကိုယ်တိုင်က ဘဏ်တွေကို အရေးယူမယ်လို့ လုပ်လိုက်တဲ့အခါကျတော့ လူတွေကကြောက်ပြီးတော့ ပိုကြောက်သွားတာပေါ့နော်။ ပုံမှန်ဆို အစိုးရကနေ အကာအကွယ်ပေးတဲ့အခြေအနေကနေ အခုအစိုးရကိုယ်တိုင်က အရေးယူမယ်ဆိုတဲ့အခါကျတော့ KBZ ကလောက်လွဲလို့ ကျန်တဲ့ဘဏ်တွေကို စိတ်မချတော့ဘဲနဲ့ ဝိုင်းထုတ်တာပေါ့နော်။ အဲဒီတော့ ဘဏ်ရဲ့သဘောကတော့ ဘယ်ဘဏ်မဆိုပေါ့နော်၊ အကုန်ဝိုင်းထုတ်မယ်ဆို ဘယ်ဘဏ်မဆို ပြိုမှာပဲ။ ပြုံပြီးဝိုင်းထုတ်လိုက်ရင် ငွေစက္ကူမလည်တော့မှာစိုးလို့ ကန့်သတ်လိုက်တာ”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ဗဟိုဘဏ်၊ ငွေကြေးစီမံဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြည်တွင်းစီးပွားရေး တည်ငြိမ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်လာ ငွေလဲနှုန်း၊ ပို့ကုန်သွင်းကုန်ရငွေ အခန်းကဏ္ဍနဲ့ ငွေလွှဲလုပ်ငန်းတွေကို အဆင့်ဆင့် တင်းကျပ်တာနဲ့ အရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း တရားမဝင် ဒီဂျစ်တယ် ငွေကြေးရောင်းဝယ်သူနဲ့ နိုင်ငံခြားငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ လူလေးဆယ်နီးပါးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတွေနဲ့ အရေးယူခဲ့ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။