နိုင်ငံတစ်ဝန်း ငွေသားအကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်နေရ
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဘဏ်တွေကနေ ငွေသား ထုတ်ရတဲ့အပိုင်းမှာ လိုသလိုမရတော့တာကြောင့် ဘဏ်လုပ်ငန်းတွေအပေါ် ပြည်သူတွေ ယုံကြည်မှု လျော့နည်းလာနေပါတယ်။
ဘဏ်စနစ်အပေါ်အခြေခံပြီး အသုံးပြုရတဲ့ မိုဘိုင်းငွေပေးချေမှုစနစ်တွေမှာလည်း ရာခိုင်နှုန်းတစ်ခု ထပ်ဖြည့် ပြီး ပေးချေနေရသလို ငွေသားတွေကိုလည်း ပြင်ပမှာ ရာခိုင်နှုန်းတစ်ခုပေးပြီး ထုတ်ယူအသုံးပြုနေကြရတာပါ။
မိုဘိုင်းငွေပေးပေးချေမှုနဲ့ ပစ္စည်းဝယ်တဲ့အခါ အနည်းဆုံး ငါးရာခိုင်နှုန်း ထပ်ဆောင်းပေးရပြီးမှ ဝယ်လို့ရတာ ကြောင့် အခက်အခဲတွေဖြစ်တယ်လို့ မြောင်းမြမြို့မှာ ဈေးဆိုင်ဖွင့်ထားသူတစ်ယောက်က RFA ကို ပြောပါ တယ်။
“Mobile Banking ထဲကနေ ပစ္စည်းလှမ်းဝယ်တဲ့အခါကျရင် ဟိုဘက်ကို ငါးရာခိုင်နှုန်းပေးရတယ်၊ ပေးပြီး တော့မှ ဝယ်လို့ရတာ၊ ငွေပြန်ထုတ်တဲ့အခါ သူတို့လည်း ရာခိုင်နှုန်းပေးရတဲ့အတွက် ငါးရာခိုင်နှုန်းတောင်း တဲ့ သဘောပေါ့၊ ဘယ်လိုကွာခြားလဲဆိုတော့ ရာခိုင်နှုန်းပေးရတော့ အဆင်မပြေဘူးပေါ့၊ ဘဏ်ထဲက ပိုက်ဆံက တစ်သိန်းဆို တစ်သိန်းမတန်တော့တဲ့သဘော ဖြစ်သွားတာပေါ့၊ ပိုက်ဆံတန်ကြေးက တစ်သိန်း ဆို ကိုးသောင်းခွဲပဲ တန်ကြေးရှိတဲ့သဘော ဖြစ်တာပေါ့၊ ပြန်ရောင်းတဲ့အခါလည်း အရင်းတောင် မနည်း လိုက်နေရတယ်၊ ဒီနေ့ ၁၀၀၀ ရောင်းတဲ့ဟာ နောက်နေ့ ၁၁၀၀ လောက်နဲ့ ပြန်ဝယ်ရတာမျိုးဖြစ်နေတယ်၊ အခုဆို ပိုဆိုးမယ့်အနေအထား ရှိနိုင်တယ်၊ အခုက ရာခိုင်နှုန်းပေးတာတောင်မှ အလွယ်တကူထုတ်လို့ မရတော့ဘူး”
လက်ရှိမြို့ပေါ်မှာ ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ အပိုပေးပြီး ငွေသားထုတ်ယူနေရသလို အဲလိုအပို ပေးထုတ်ချင်ရင်တောင် ထုတ်ချင်တိုင်း ထုတ်မရဖြစ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ရပ်တန့်သွားတဲ့ဒေသက ပြည်သူတွေဟာ ဘဏ်စနစ်နဲ့ အွန်လိုင်းငွေကြေးလွှဲပြောင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေတဆင့် ငွေအလွှဲအပြောင်းလုပ်နေရပေမယ့် အခုလို အဆမတန် ရာခိုင်နှုန်းတွေ ပေးထုတ်နေရတာကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။
ငွေသားလိုအပ်လို့ မဖြစ်မနေထုတ်ယူလိုတဲ့အခါ ရာခိုင်နှုန်းတစ်ခု အပိုပေးပြီး ထုတ်မယ်ဆိုရင်တောင် သိတဲ့သူအချင်းချင်းပဲရတာကြောင့် ငွေသားအခက်အခဲနဲ့ ပိုမိုရင်ဆိုင်နေကြရတယ်လို့ စစ်ကိုင်းတိုင်းမှာ နေထိုင်တဲ့ ကိုဟိန်းက RFA ကို ပြောပါတယ်။
“ဒီနေ့ ဆယ်သိန်းထုတ်ချင်လည်း ထုတ်လို့မရဘူး၊ ငါးသိန်းထုတ်ချင်လည်း ထုတ်လို့မရဘူး၊ အသိနဲ့မှပဲ ထုတ်ပေးတဲ့ဟာမျိုးတွေရှိတယ်၊ ဆိုင်တိုင်းလည်း ထုတ်မပေးဘူး၊ မသိတဲ့သူဆိုရင် ဘယ်မှထုတ်လို့ကို မရဘူး၊ ရာခိုင်နှုန်းဆိုရင် တစ်သိန်းကို ၄၀၀၀ ကနေ ၈၀၀၀ အထိရှိတယ် ထုတ်ခက၊ ကိုယ့်ပိုက်ဆံကိုယ် အကောင့်ထဲကနေ ပြန်ထုတ်ဖို့ကိုတောင်မှ ပိုက်ဆံပေးထုတ်နေရတာဆိုတော့ ဘယ်လိုမှကို အဆင် မပြေဘူး၊ အခုဟာက ကားတွေကလည်း ပို့ရတာအဆင်မပြေတော့ ဖုန်းထဲကနေလွှဲဖို့ကလည်း ရာခိုင်နှုန်းနဲ့ မထုတ်လို့ကလည်း မရဘူးဆိုတော့ တော်တော်ကို ကိုယ့်ပိုက်ဆံကိုယ်ရဖို့အရေး ပိုက်ဆံကို ပိုက်ဆံပေးပြီး ပြန်ဝယ်ရသလိုဖြစ်နေတယ်”
မြို့ပေါ်မှာ အလုပ်သွားလုပ်နေသူတွေနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ကိုင်နေတဲ့ သားသမီးတွေက မိဘတွေဆီကို ပိုက်ဆံလှမ်းလွှဲတာ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့် ငွေလွှဲပြောင်းပေးပို့တာတွေဟာလည်း ရာခိုင်နှုန်းများစွာ ပေးနေရတာကြာင့် အပြည့်အဝ မရကြတော့ဘူးလို့ ကိုဟိန်းက ဆိုပါတယ်။
ရန်ကုန်မြို့မှာ အိမ်ငှားနေထိုင်နေရတဲ့ ပုဂ္ဂလိကဝန်ထမ်း အိမ်ရှင်မတစ်ယောက်ကလည်း အိမ်ငှားခပေးချေဖို့ ဘဏ်ထဲကလစာတွေ ထုတ်မရတာကြောင့် ရာခိုင်နှုန်းနဲ့ အပိုဆောင်းပေးပြီး ထုတ်လို့ရမယ့်နေရာ လိုက်ရှာ နေရတယ်လို့ RFA ကို ပြောပါတယ်။
“ကျမတို့ ရန်ကုန်မှာလည်း အခုပိုက်ဆံက ထုတ်လို့မရဘူးပေါ့နော်၊ အရင်တုန်းကဆိုရင် ATM စက်တွေမှာ သွားတန်းစီတယ် တစ်ပတ်တစ်ခါထုတ်လို့ရတယ်၊ ဘဏ်မှာလည်း အရင်တုန်းကဆိုရင် ATM မှာ ထုတ်လို့ ရတယ်ပေါ့နော် အခုက ထုတ်လို့မရဘူး၊ ထုတ်လို့မရတဲ့အတွက် ရာခိုင်နှုန်းတွေပေးပြီး ထုတ်ရတယ်၊ ရာခိုင်နှုန်းတွေ က အခု ငါးရာခိုင်နှုန်းက တစ်ချို့ဆိုရင် ခုနစ်ရာခိုင်နှုန်းပေါ့နော်၊ ညီမဆိုရင် ဒီလအိမ်စာချုပ် ချုပ်ရမှာ ပိုက်ဆံက မရှိသေးဘူး၊ အိမ်ရှင်ကလည်း ဘဏ်နဲ့လက်သင့်မခံဘူး၊ အဲတော့ အပြင်ကနေ ရာခိုင်နှုန်းနဲ့ လိုက်ရှာပြီးတော့ အိမ်စာချုပ် ချုပ်ရမှာပေါ့နော်၊ အဲအတွက်လည်း အဆင်မပြေသေးဘူး၊ ရာခိုင်နှုန်းတွေက အရမ်းများတော့ နည်းတဲ့ဆီကို လိုက်ရှာနေရတယ်”
လက်ရှိပြည်သူတွေဟာ ငွေသားထုတ်မရတဲ့ အခက်အခဲကြောင့် စားသောက်ကုန် ပစ္စည်းတစ်ခုခုဝယ်တာ ကအစ အင်တာနက်ဘေလ်ဆောင်တာအဆုံး အွန်လိုင်းငွေကြေးကိုပဲ အားကိုးပေးချေနေကြရပေမယ့် ရာခိုင်နှုန်းအပိုတွေပေးရတဲ့ ပြဿနာကို မဖြစ်မနေရင်ဆိုင်နေကြရတာပါ။
"အရင်တုန်းကဆိုရင် ATM မှာ ထုတ်လို့ရတယ်ပေါ့နော် အခုက ထုတ်လို့မရဘူး၊ ထုတ်လို့မရတဲ့အတွက် ရာခိုင်နှုန်းတွေပေးပြီး ထုတ်ရတယ်"
ငွေသားထုတ်မရတဲ့ အခက်အခဲကြောင့် လုပ်ငန်းတွေလည်း ရပ်ဆိုင်းနေတယ်လို့ ကယားပြည်နယ် လွိုင်ကော်မြို့ဒေသခံ ဆန်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“ကျနော်တို့ဘက်မှာကလည်း ရာခိုင်နှုန်းနဲ့ တောင်းတာပဲ၊ အနည်းဆုံးက Kpay ဆိုရင် သုံးရာခိုင်နှုန်း တောင်းတယ်၊ အခုကတော့ ကျနော်တို့ အဲဒီ Kpay တွေဘာတွေ မသုံးတော့ဘူးဗျ၊ ငွေစင်ပဲလေ ကိုယ် ကသွားဝယ်ရင်လည်း ငွေစင်ပဲ ကိုယ့်ဆီလာဝယ်ရင်လည်း ငွေစင်ပဲ လက်ခံတော့တယ်၊ လုပ်ငန်းတွေ ကတော့ ကျနော်တစ်ယောက်တည်းတင် မဟုတ်ဘူး ရှိသမျှလူအပေါင်းအသင်းတွေအားလုံး အနည်းဆုံး သုံးပုံနှစ်ပုံတော့ လျော့သွားပြီ၊ ရပ်ကုန်ကြပြီ ဆက်မလုပ်ကြတော့ဘူး၊ ဥပမာ ဆန်ပွဲရုံဆိုလည်း ပွဲရုံ မပိတ်ရုံတမယ်ပဲ ထားတော့တယ်၊ အရင်က အိတ်တစ်ထောင်လောက်ထားတဲ့သူဆိုရင် အခုအများဆုံးထား တစ်ရာပဲ၊ အလုပ်က သိပ်မလုပ်ကြတော့ဘူး၊ ကိုယ့်ရှိတာနဲ့ပဲကိုယ် လိပ်ပတ်လည်အောင် စားစရာသောက် စရာရှိရင် ပြီးပြီဆိုပြီး အဲလိုမျိုးပဲ နေကြတော့တာများတယ်”
ကိုယ့်ဘက်က ကုန်ပစ္စည်းပြန်ဝယ်တဲ့အခါ ငွေသားနဲ့ပဲ လက်ခံတော့တာကြောင့် အခုနောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေ အားလုံးနီးပါး ငွေသားနဲ့ပဲ အရောင်းအဝယ်ပြုလုပ်တော့တယ်လို့ ဦးအောင်ကျော်ဇောက ဆိုပါတယ်။
နာမည်ကြီး ပုဂ္ဂလိကဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ယောက်ကလည်း သူတို့အတွက် လစာကိုတောင် ငွေသားမပေးတော့သလို ကိုယ့်ဘဏ်မှာလည်း ငွေသားထုတ်မရ၊ ATM စက်တွေမှာလည်း ထုတ်မရတာကြောင့် အခြားသူတွေနဲ့အတူတူပဲ အပြင်မှာ ရာခိုင်နှုန်းပေးပြီး ပြန်ထုတ် ယူနေရတယ်လို့ RFA ကို ပြောပါတယ်။
ဘဏ်မှာငွေသားမရှိတော့တာကြောင့် ATM စက်တွေလည်း မထည့်နိုင်သလို ငွေထုတ်မပေးတာ ဇူလိုင်လ လောက် ကတည်းက ဖြစ်တယ်လို့ လက်ရှိပြည်တွင်း နာမည်ကြီးပုဂ္ဂလိကဘဏ်တစ်ခုရဲ့ အမည်မဖော်လိုရဲ့ ထိပ်ပိုင်းတာဝန်ရှိသူ တစ်ယောက်က RFA ကို ပြောပါတယ်။
“သုံးပုံနှစ်ပုံလောက်ပဲ ပြန်ဖွင့်ထားနိုင်တယ်၊ ဖွင့်လည်း ငွေထုတ်မယ့်ကိစ္စတွေမှ မလုပ်ပေးနိုင်တော့တာ၊ အခုက ငွေထုတ်တာအားလုံး ရပ်သွားပြီလေ၊ ATM ပိုက်ဆံဖြည့်တဲ့ကိစ္စလည်း မရှိတော့ဘူး၊ ဘဏ်မှာက ဘာပဲရှိလဲဆိုတော့ အရစ်ကျနဲ့ဝယ်ထားတဲ့သူတွေ ပြန်ဆပ်တာရှိမယ်၊ နောက် အကြွေးဝယ်ကတ်ပျောက် တာတို့ လျှို့ဝှက်နံပါတ်မှားတာတို့ အဲလိုဟာမျိုးတွေလောက်ပဲ လုပ်ငန်းဆောင်ရွက်တာ ရှိတော့တယ်၊ နောက်ပြီးတော့ နိုင်ငံခြားကို ငွေလွှဲမယ်ပေါ့ နိုင်ငံခြားငွေလွှဲမယ်ဆိုတာ နည်းနည်းပါးပါးပေါ့၊ တစ်ချို့ ပစ္စည်းမှာတာတို့ ဘာတို့အတွက် ငွေလွှဲမယ်လိုမျိုး ဝန်ဆောင်မှုအသေးအမွှားလေးတွေကတော့ ဆက်ပြီး သွားနေတာပေါ့လေ၊ ကျပ်ငွေလိုအပ်ချက်က တအားများသွားပြီ၊ ကျပ်ငွေရှားသွားတော့ ထုတ်ရခက် သွားမှာပဲ”

ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာတွေကြောင့် ဘဏ်တွေပုံမှန်အတိုင်း ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ မဖြစ်နိုင်တော့ဘဲ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ ပိုဆိုးသွားဖို့ပဲရှိတယ်လို့ ဘဏ်တာဝန်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လက်ရှိမြန်မာငွေတန်ဖိုးကျဆင်းမှု အပါအဝင် စီးပွားရေး အကျပ်အတည်းတွေအတွက် သူတို့မှာတာဝန်ရှိပြီး အကောင်းဆုံး ဖြေရှင်းနေတယ်လို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ငွေသားကိုင်ဆောင်ဖို့မလိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးလာအောင် ဗဟိုဘဏ်က ကြိုးပမ်းနေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒါပေမဲ့ ငွေသားရှားပါးမှု ပြဿနာအတွက် လောလောဆယ် ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာကိုတော့ ပြောဆိုတာ မရှိပါဘူး။
ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာထဲမှာ ပြည်တွင်းက လူတစ်သန်းလောက် အလုပ်အကိုင်ဆုံးရှုံးရဖို့ရှိနေပြီး ၂၀၂၂ ခုနှစ်အရောက်မှာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၁၉ ခုနှစ်က ထက် နှစ်ဆ မြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။