ရုရှားဘဏ်တွေနဲ့ ချိတ်ဆက်ဖို့ စစ်ကောင်စီ စီစဉ်

ရုရှားနိုင်ငံမှာ ဘဏ်စာရင်းဖွင့်လှစ်ဖို့ရှိတဲ့ အင်းဝနဲ့ မြဝတီအပါအဝင် မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ရုရှားဘဏ်ငါးခု မေလထဲမှာ ဗီဒီယိုရုပ်သံစနစ်နဲ့ ဆွေးနွေးမယ့်အကြောင်း စစ်ကောင်စီဗဟိုဘဏ်ကနေ မြန်မာနိုင်ငံဘဏ်များအသင်းကို ဧပြီလ ၂၅ ရက်နေ့က တရားဝင် စာပို့ အကြောင်းကြားထားပါတယ်။
အဲဒီစာထဲမှာ စစ်တပ်ပိုင် မြဝတီဘဏ်နဲ့ အင်းဝဘဏ်တွေရဲ့ အမည်စာရင်းနဲ့ ဆက်သွယ် ရမယ့်သူတွေကို ရုရှားဗဟိုဘဏ်ဘက်ကို ပြန်ပို့ပေးဖို့ ပြောထားပါတယ်။ အင်းဝနဲ့ မြဝတီဘဏ်အပြင် အခြားပုဂ္ဂလိဘဏ်တွေရဲ့ အမည်စာရင်းကိုတော့ ဖော်ပြမထားပါဘူး။
ဒီဘဏ်နှစ်ခုဟာ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ဘဏ်တွေဖြစ်တာကြောင့် ရုရှားဆီက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတဲ့အခါ တိုက်ရိုက်ငွေချေဖို့နဲ့ စစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ရုရှားဘက်ကို ပြောင်းရွှေ့ဖို့ ကြိုတင်ပြင်ဆင်တာလို့ စီးပွားရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းပါတယ်။
စစ်ကောင်စီဘက်ကတော့ ဘဏ်ကိစ္စနဲ့ လက်နက်ကိစ္စ မပတ်သက်ဘူးလို့ ငြင်းပါတယ်။ ဒါဟာ ရုရှား-မြန်မာ ကုန်သွယ်ရေးတိုးမြှင့်ဖို့ လုပ်ဆောင်တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ရုရှားဘက်ကနေပြီး ကုန်သွယ်မှုနဲ့ စွမ်းအင်ကဏ္ဍတိုးမြှင့်ဖို့၊ ပြီးရင် ကဏ္ဍအသီး အသီးမှာ တိုးမြှင့်ဖို့ လာတဲ့ဟာတွေ ရှိတယ်။ လုပ်ငန်းတွေ တိုးမြှင့်နိုင်ဖို့အတွက် ဘဏ်လုပ်ငန်းတွေပါ ဆောင်ရွက်ရမှာ ဖြစ်တယ်။ နိုင်ငံခြားငွေကို ဒေါ်လာအခြေခံတင် မဟုတ်ဘူး၊ အခုယွမ်နဲ့ ကျပ်ငွေနဲ့ တိုက်ရိုက်လဲလှယ်ပြီးတော့ ကုန်သွယ်ရေး ဆောင် ရွက်နိုင်ဖို့၊ ပြီးရင် ဘတ်နဲ့ ကျပ်နဲ့၊ ရူပီးနဲ့ ကျပ်နဲ့ ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဆောင် ရွက်နေတာရှိတယ်။ ဒီလိုပါပဲ နိုင်ငံခြားသုံးငွေဖြစ်တဲ့ ရူဘယ်နဲ့ ကျပ်နဲ့ တိုက်ရိုက်လဲ လှယ်ဆောင်ရွက်နိုင်ဖို့။ ဒါ့အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ကုန်ပစ္စည်းချင်း ဖလှယ်နိုင်တဲ့ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဆောင်ရွက်လျက်ရှိတယ်”
စစ်လက်နက်ပစ္စည်း ဝယ်ယူမှုတွေမှာ အစိုးရချင်း (G to G ) စနစ်နဲ့ ငွေပေးချေတာဖြစ်လို့ အခု နှစ်နိုင်ငံ ဘဏ်တွေအချင်းချင်း ချိတ်ဆက်အလုပ်လုပ်မယ့်ကိစ္စနဲ့ မပတ်သက်ဘူးလို့ လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ရုရှားဆီကနေ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး ဝယ်ယူဖို့ ညှိနှိုင်းနေတာတွေ အပါအဝင် ဧပြီလ ၂၈ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ရုရှားလက်အောက်ခံ တာတာ စတန်ပြည်နယ်ကနေလည်း ဓာတ်မြေဩဇာတွေ ဝယ်ယူရေးနဲ့ မြန်မာနိုင်ငံကနေ စိုက်ပျိုးရေးထွက်ကုန်တွေကို တင်ပို့ရေး သဘောတူညီခဲ့တာရှိပြီး ဒါတွေအတွက်လည်း ဘဏ်စနစ်တွေပါ ချိတ်ဆက်ဖို့ လုပ်နေတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂ္ဂလိကဘဏ် အရာရှိတစ်ဦးကလည်း ဒါဟာ ကုန်သွယ်ရေးမှာ တရုတ်ယွမ်နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်လဲလို့ ရနေသလို ရုရှားသုံး ရူဘယ်ငွေနဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်လဲနိုင်အောင် စီစဥ်တာလို့ ပြောပါတယ်။
“ ရုရှားကိစ္စမတိုင်ခင်မှာကတည်းက China Initiative ဆိုပြီးရှိတယ်၊ မူဆယ်ဘက်မှာ ကောင်တာဖွင့်တယ်။ အဲလိုပဲ အခုလိုဆိုရင် ဗမာဘဏ် ကြိုက်တဲ့ နီးစပ်ရာဘဏ်ကိုသွား တရုတ်နိုင်ငံကို ငွေလွှဲလို့ရတယ်။ ဒီမှာရှိတဲ့ တရုတ်တစ်ယောက်သည် US ဒေါ်လာပဲ တရုတ်မှာရှိတဲ့ အကောင့်ကို လွှဲချင်လည်းရတယ်။ မြန်မာငွေလွှဲမယ်ဆိုလည်း ယွမ် အော်တိုလဲလှယ်ပေးလို့လည်းရတယ်။ အဲလိုပဲ ရုရှားကလည်း အဲဒီအတိုင်းပဲလာတာ၊ ရူဘယ်လည်း အဲလိုပဲလုပ်မှာ။ ရုရှားဘဏ်ကနေပြီးတော့ ဗမာပြည်က ဗမာအကောင့်ကို ရူဘယ်တစ်သိန်း ထည့်လိုက်ရင် အလိုအလျောက် သူတို့သတ်မှတ်ထားတဲ့စျေးအတိုင်း တန်းပို့လို့ရတယ်။ အဲဒီတော့ ရူဘယ်သုံးလို့ရတဲ့နိုင်ငံ ပိုများလာမယ်။ ဗမာငွေသုံးလို့ ရတဲ့နိုင်ငံ ပိုများလာမယ်။ တရုတ်နဲ့ ရုရှားနဲ့ နီးစပ်တဲ့နိုင်ငံတွေ အကုန်လုံး သူတို့ရဲ့ ငွေကြေးစနစ်ကို ပိုပြီးလွယ်ကူအောင်လို့ Channel တွေ ထပ်ဖောက်လိုက်တာပဲ”
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ရုရှား-မြန်မာ ချစ်ကြည် ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအသင်းရဲ့ ခရီးစဉ်ကတည်းက မြန်မာဘက်က ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး ဘဏ်လုပ်ငန်းကိစ္စတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
"တရုတ်နဲ့ ရုရှားနဲ့ နီးစပ်တဲ့နိုင်ငံတွေ အကုန်လုံး သူတို့ရဲ့ ငွေကြေးစနစ်ကို ပိုပြီးလွယ်ကူအောင်လို့ Channel တွေ ထပ်ဖောက်လိုက်တာပဲ”
ရုရှား-မြန်မာ ဘဏ်လုပ်ငန်းချင်း ချိတ်ဆက်ဆောင်ရွက်ဖို့ စီစဥ်တာဟာ လက်ရှိ အကျပ် အတည်းဖြစ်နေတဲ့ ပြည်တွင်းဘဏ်လုပ်ငန်း အခြေအနေ တိုးတက်ဖို့ဆိုတဲ့ ပြောဆိုချက် တွေလည်း ရှိနေပါတယ်။
ပြည်တွင်းဘဏ်လုပ်ငန်း အခြေအနေ တိုးတက်ဖို့ဆိုရင် စီးပွားရေးပိုကောင်းတဲ့ ဂျပန်လို၊ စင်ကာပူလို နိုင်ငံမျိုးနဲ့ ချိတ်ဆက်ရမှာမို့ ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ စစ်ကောင်စီ မှာ တခြားအကြောင်းအရာ ရှိနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ပုဂ္ဂလိကဘဏ်အရာရှိတစ်ဦးက ခန့်မှန်းပါတယ်။
“ကျနော်ထင်တာ ပုဂ္ဂလိကဘဏ်တွေကတော့ မချိတ်လောက်ဘူး။ မြဝတီတို့၊ အင်းဝတို့ဆိုတာက အစိုးရတစ်ပိုင်းဘဏ်တွေ ဖြစ်နေတာကိုး။ အဲဘဏ်တွေပဲ ချိတ်ဆက်ပြီးတော့ ငွေကြေးကိစ္စ လုပ်မယ်ထင်တယ်။ ဒီရုရှားဘဏ်တွေနဲ့ ချိတ်လို့ တအားကြီး ကောင်းလာစရာမရှိဘူး။ ကောင်းလာစရာရှိရင် တခြားနိုင်ငံတွေက သူ့ကို ဦးအောင်ချိတ်မှာပေါ့။ တကယ်တမ်း စင်ကာပူတို့၊ ဂျပန်တို့ စီးပွားရေးကောင်းတဲ့ နိုင်ငံတွေက သူ့ကို သွားချိတ်မှာပေါ့”
ဒီလုပ်ဆောင်ချက်ဟာ စစ်ကောင်စီမှာ စီးပွားရေးထက် တခြားရည်ရွယ်ချက် ရှိကောင်းရှိ နိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်းဇင်က ယူဆပါတယ်။
“အင်းဝဘဏ်နဲ့ မြဝတီဘဏ်က ရုရှားမှာ အကောင့်ဖွင့်ရုံနဲ့တော့ သိပ်ပြီးတော့ အလုပ် တွေ အများကြီးလုပ်လို့ ရမယ်တော့မထင်ဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ရုရှားဘက်က ဘဏ်က ဒီမှာရုံးချုပ်လာဖွင့်ရင်ဖွင့်၊ မဖွင့်ရင် ဒီကနေ ဟိုမှာ ရုံးခွဲသွားဖွင့်နိုင်မယ်ဆိုရင် အဲဒါမျိုးဆိုရင်တော့ ဟိုဘက်နဲ့ ဒီဘက်နဲ့ ဆက်စပ်သွားတာပေါ့။ အခြားရည်ရွယ်ချက် ရှိကောင်းရှိပါလိမ့်မယ်။ ငွေကြေးတစ်ခုတည်းကို မှီခိုနေရတာထက်စာရင် ငွေကြေး စီးဆင်းမှုကို ရွေးချယ်သုံးလို့ရရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ ငွေးကြေးကိုလက်ခံနိုင်တဲ့ အတိုင်းတာကကျတော့ US ဒေါ်လာကို ကျနော်တို့က လက်ရှိအခြေအနေအရ မေ့ပစ်လို့မရဘူး။ ဒုတိယနေရာကို ပို့လို့မရဘူး။ ဒါက လက်ရှိ ပကတိတရားပဲ ”
နောင်တစ်ချိန် စွမ်းအင်ပြဿနာကိုဖြေရှင်းဖို့ကိုပါ ဘက်စုံတွက်ဆပြီး တစ်နေရာတည်းကို မှီခိုတာမဟုတ်ဘဲ နှစ်နေရာ၊ သုံးနေရာ ကြိုတင်ရှာထားတာတော့ ကောင်းတဲ့နည်းလမ်း တစ်ခု ဖြစ်နိုင်တယ်လို့ ဦးနေလင်းဇင်က ဆိုပါတယ်။
အခုလို နိုင်ငံတကာနဲ့ အဆင်မပြေဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က ရုရှားဘဏ်တွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားတာဟာ စီးပွားရေးထက် နိုင်ငံရေး၊ စစ်ရေးအရ ရုရှားနဲ့ နီးနီးကပ်ကပ် ရှိတယ်ဆိုတာကို ပြသလိုတဲ့သဘောလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းကို ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အမေရိကန်နဲ့ အီးယူလို အင်အားကြီးနိုင်ငံတွေက နိုင်ငံတကာမှာရှိတဲ့ ရုရှားဘဏ်တွေကနေ ငွေထုတ်လို့မရအောင်၊ ရုရှားဘဏ်တွေ နိုင်ငံတကာငွေကြေးစနစ်ထဲ ဝင်လို့မရအောင် ပိတ်ဆို့ဒဏ်ခတ်ထား ပါတယ်။
အလားတူ စစ်တပ်ပိုင် မြဝတီနဲ့ အင်းဝဘဏ်တွေဟာလည်း စစ်ကောင်စီရဲ့ အဓိကငွေကြေး စီးဆင်းတဲ့ လမ်းကြောင်းတွေ ဖြစ်နေတာကြောင့် အမေရိကန်အစိုးရက ငွေကြေးနဲ့ ဘဏ္ဍာရေး အရ ပိတ်ဆို့ဒဏ်ခတ်ထားပါတယ်။