ရုရှားနဲ့ စစ်ကောင်စီရေတပ် ဒုတိယအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မည်

RFA Burmese
2024.10.21
ရုရှားနဲ့ စစ်ကောင်စီရေတပ် ဒုတိယအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မည် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်ရန်အတွက် ရုရှားရေတပ်မှ စစ်ရေယာဥ်လေးစင်းနှင့် အရာရှိကြီးများ မြန်မာနိုင်ငံကို ရောက်လာသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဥ်။
Myanmar Military

[Update: 5: 50 PM, Oct 21, 2024]

မြန်မာနိုင်ငံမှာ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် ရုရှားရေတပ်ရဲ့ စစ်ရေယာဉ်လေးစင်းဟာ အောက်တိုဘာလ ၂၀ ရက် တနင်္ဂနွေနေ့က ရောက်ရှိလာကြောင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဒီနေ့ ဖော်ပြပါတယ်။

စစ်ကောင်စီက ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် လေ့ကျင့်ခန်းကို ကပ္ပလီပင်လယ်ပြင်မှာ အောက်တိုဘာ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ငါးရက်ကြာဆောင်ရွက်နေတာပါ။ ရုရှားနဲ့ စစ်ကောင်စီ ပူးတွဲစစ်ရေးလေ့ကျင့်မှု မှာ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ရေး အပါအဝင် ပင်လယ်ပြင်ကနေ မြေပြင်၊ ဝေဟင်နဲ့ ရေအောက်လေ့ကျင့်ခန်း တွေ၊ လက်တွေ့လေ့ကျင့်ပစ်ခတ်တာတွေ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

"သူတို့ရဲ့ ဒီလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်အရ ဟန်ရေးပြလုပ်ပြနေတဲ့ဟာတွေဟာ တကယ့်ဒီတော်လှန်ရေးဘက်မှာကျတော့ ထိရောက်မှုမရှိဘူးပေါ့"

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ပြည်တွင်းပဋိပက္ခမှာ စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီကို စိတ်ဓာတ်မကျဖို့ အားပေးလိုတဲ့ရည်ရွယ်ချက်နဲ့ ရုရှားကအခုလို ပူးတွဲစစ်ရေးလေ့ကျင့်လာတာလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီစစ်တပ် စိတ်ဓာတ်မကျဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာပေါ့။ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တဲ့အတွက် စစ်တပ်ဘက်ကို စိတ်ဓာတ်ရေးရာအရများ မြှင့်တင်ပေးနိုင်မလားဆိုပြီးတော့ ရည်ရွယ်ပြီးတော့ အဲဒီလှုပ်ရှားမှုတွေလုပ်တာပေါ့”

ရုရှားရေတပ်နဲ့ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်ပေမဲ့ စစ်ကောင်စီရဲ့ လက်ရှိ ပြည်တွင်းပဋိပက္ခမှာ စစ်ရေးအရ အရေးနိမ့်တဲ့အခြေအနေကိုတော့ မပြောင်းလဲနိုင်ဘူးလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်သူ CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ဒီပူးတွဲ စစ်ရေး လေ့ကျင့်မှုဟာ ပြည်တွင်းစစ်မှာ စစ်ကောင်စီက ရေကြောင်းအင်အားကို အသုံးပြုလာချင်တဲ့သဘောဖြစ်နိုင် တယ်လို့ ပြောပါတယ်။

“သူ (စစ်ကောင်စီ) ရဲ့ ရေတပ်အင်အားကို ကောင်းကောင်းအသုံးချလို့မရတာကို သူတွေ့နေတယ်ပေါ့နော်။ အဲတော့ ဒီပြည်တွင်းစစ်၊ ဒီတော်လှန်စစ်ကိုလည်း သူ့ရဲ့ ရေကြောင်းအင်အားကို သုံးပြီးတော့ ဘယ်လိုလုပ်နိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒါချဉ်းကပ်လေ့လာပြီးတော့ စစ်တပ်နှစ်ခုလေ့ကျင့်ရေး၊ သင်ကြားရေးပေါ့နော် အတွေ့ အကြုံ နှီးနှောဖလှယ်တဲ့ ပုံစံမျိုးတွေလုပ်လာချင်တဲ့သဘောလို့တော့ ကျွန်တော်ကတော့ ပြောချင်ပါတယ် ခင်ဗျ”

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေယာဉ်၊ လက်နက်၊ ပစ္စည်းကိရိယာတွေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ အောက်တိုဘာ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနားမှာ ပြောထားပါတယ်။

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမတိုင်ခင် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ရုရှားရေတပ် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ​တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo : Myanmar Military)
မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမတိုင်ခင် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ရုရှားရေတပ် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ​တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo : Myanmar Military)

စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ ပင်မကမ်းခြေ ကမ်းရိုးတန်းကနေ သီးသန့်စီးပွားရေးဇုန်အထိ ဝေဟင်၊ ရေပြင် ကာကွယ်နိုင်ဖို့ဆိုပြီး ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလထဲမှာ ဖွဲ့စည်းခဲ့တာပါ။

စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက မြန်မာပြည်တွင်းပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် လက်ခံပြီး ရုရှားက စစ်ရေးအရ ပါဝင်တိုက်ခိုက်ပေးဖို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့ ရုရှားအစိုးရ သတင်းဌာန SPUTNIK နဲ့ပြုလုပ်တဲ့ မေးမြန်းခန်းတစ်ခုမှာ တောင်းဆိုထားပါတယ်။

ရုရှား-မြန်မာရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းကတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦးကတော့ ရုရှားနဲ့မြန်မာရေတပ် အခုတစ်ကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုက ရေကြောင်း လုံခြုံရေးအတွက်ဖြစ်ပြီး ပြည်တွင်းလုံခြုံရေးနဲ့လည်း ဆက်စပ်နေတယ်လို့ပြောပါတယ်။

“လောလောဆယ်လုပ်မဲ့ ရေတပ်လေ့ကျင့်ခန်းကတော့ သူက အဓိကကတော့ ပင်လယ်ပြင်စိုးမိုးရေးနဲ့ ခုနပြောတဲ့ ရေကြောင်းလုံခြုံရေးပေါ့။ ရေကြောင်းလုံခြုံရေးဖြစ်တဲ့အတွက် အထူးသဖြင့် ဒီဒေသဆိုင်ရာအတွက် ပိုပြီး ဒီလေ့ကျင့်ခန်းက ရည်ရွယ်ထားတာပါ။ တိုက်ရိုက် ဒီ ပြည်တွင်းကိုက လုံခြုံရေးအခြေအနေနဲ့ သက်ဆိုင်လားဆိုတော့ တိုက်ရိုက်တော့ ဆက်စပ်မှုမရှိဘူး။ ဒါပေမဲ့ သွယ်ဝိုက်သောအားဖြင့် ဒီပြင်ပက ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်တားဆီးခြင်းအားဖြင့် ပြည်တွင်းမှာရှိတဲ့ ခြိမ်းခြောက်မှုတွေကို ဒါသွယ် ဝိုက်သောနည်းအားဖြင့် ကြိုတင်ကာကွယ်ပြီးသားဖြစ်တယ်ပေါ့။ အဲလိုတော့ ဆက်စပ်မှုရှိတယ်လို့ ပြောလို့ရပါတယ် ခင်ဗျ”

စစ်ကောင်စီရဲ့ အောက်တိုဘာ ၁၅ ရက်နေ့ ကြိုတင်သတိပေးချက်မှာတော့ လေ့ကျင့်ရေးကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေဖို့ လေ့ကျင့်ရေးနေရာရဲ့ ငါးမိုင်ပတ်လည်မှာ သင်္ဘောတွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ သတိပေးထားပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ရေးအကူအညီပေးဖို့ ရုရှားကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တောင်းဆို

ရုရှားနဲ့ မြန်မာ အကြိမ် ငါးဆယ်ကျော် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ စီစဉ်

ရေကြောင်းလုံခြုံရေး မြန်မာနဲ့ တရုတ် ပူးပေါင်းလေ့ကျင့်


လေယာဉ်၊ ရဟတ်ယာဉ်တွေအနေနဲ့လည်း လေ့ကျင့်ခန်းဆောင်ရွက်နေချိန်အတွင်း အမြင့်ပေ တစ်သောင်း ခွဲအောက် ဖြတ်ကျော်ပျံသန်းတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်သူ CDM ရေတပ်ဗိုလ်ကြီး ကပ္ပတိန် မွန်းကတော့ စစ်ကောင်စီရဲ့ ရုရှားရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင်မှုက တော်လှန်ရေးအင်အားစုတွေအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ပြောပါတယ်။

“အခုလက်ရှိကျင့်နေတဲ့ စစ်ရေယာဉ်တွေ၊ ဒီစစ်ရေယာဉ်အမျိုးအစားတွေရယ် ပြီးရင် အသုံးပြုနေတဲ့ လက်နက်တွေသည် ဒီသမ္မဇဉ်အရ သူတို့ရဲ့ ဒီလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်အရ ဟန်ရေးပြလုပ်ပြနေတဲ့ဟာတွေဟာ တကယ့်ဒီတော်လှန်ရေးဘက်မှာကျတော့ ထိရောက်မှုမရှိဘူးပေါ့နော်။ ဘာလို့မဖြစ်ဘူးလဲဆိုတော့ သူတို့ အသုံးပြုနေတဲ့ ရေယာဉ်တွေ၊ အသုံးပြုနေတဲ့ လက်နက်တွေသည် ကျွန်တော်တို့ မြစ်တွင်းသွားသင်္ဘောတွေမှာ သုံးနေတာမျိုးမဟုတ်ဘူး။ ကျွန်တော်တို့ ဒီမြေပြင်တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့နေတဲ့ စစ်သင်္ဘောမျိုးမဟုတ် ဘူးပေါ့နော်။ အဲဒီအတွက် ကျွန်တော်တို့အတွက် အရမ်းသက်ရောက်မှုမရှိဘူးပေါ့နော်”

ဒါပေမဲ့ စစ်ကောင်စီရဲ့ ရေတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို တချို့နေရာတွေမှာ ဒုက္ခပေးနိုင်တဲ့အထဲမှာ တော့ ပါဝင်နေတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း စစ်ကောင်စီ ရေတပ်ဟာ ရုရှားရေတပ်နဲ့ ပထမဦးဆုံးအကြိမ် ပူးတွဲစစ်ရေး မှုပြုလုပ်ခဲ့ပြီး ဒါဟာ ဒုတိယအကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။

(မှတ်ချက် - ဤသတင်းတွင် စစ်ရေးလေ့လာသုံးသပ်သူများ၏ ပြောဆိုချက်များကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။