စစ်ခေါင်းဆောင် ရုရှားသမ္မတနဲ့တွေ့ဖို့ စတင်ထွက်ခွာ
2025.03.03

[Update: 5: 00 PM, Mar 3, 2025]
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို နေပြည်တော် တပ်မတော်လေဆိပ်ကနေ မတ်လ ၃ ရက် ဒီနေ့မနက်က ထွက်ခွာသွားပါတယ်။ သမ္မတ ပူတင်က သူ့ကို တရားဝင်ဖိတ်ကြားထားပြီး မတ်လ ၄ ရက်နေ့မှာ လက်ခံတွေ့ဆုံမယ်လို့ ရုရှားသမ္မတရုံးက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ခရီးစဉ်မှာ ရုရှားနိုင်ငံနဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးမယ်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
"သူ့အာဏာ တည်မြဲဖို့အတွက် အသည်းအသန်လိုအပ်ချိန်မှာ သူ့ဘက်မှာရှိတဲ့ ဒီပိုင်ဆိုင်မှုတွေပေါ့နော် ဒီတိုင်းပြည်ရဲ့နေရာတွေ၊ နယ်မြေတွေ ဒါတွေကိုထိုးအပ်ပြီးတော့ ရုရှားဆီက သူလိုချင်တဲ့အရာတွေကို ကြိုးစားမယ်လို့ ယူဆပါတယ်”
ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တဲ့အခါ ဒီခရီးစဉ်မှာ စစ်ရေးထက်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ကို အဓိကဆွေးနွေးနိုင်ခြေရှေတယ်လို့ RFA ကို ပြောပါတယ်။
“ဒီတစ်ကြိမ်ကတော့ အဲဒီစီးပွားရေးနဲ့ ပတ်သက်လို့ ဘာတွေပူးပေါင်းဆောင်ရွက်နိုင်မလဲ ။ ရုရှား-မြန်မာ နှစ်နိုင်ငံကြားမှာ ဘာတွေတိုးချဲ့နိုင်မလဲပေါ့။ ဒီအပိုင်းကို အဓိကသွားတယ်လို့ပဲ သုံးသပ်ပါတယ်။ စစ်ရေးကတော့ အရင်ကတည်းက မြန်မာနဲ့ ရုရှားက ဒီမဟာဗျူဟာ စစ်ရေးမိတ်ဖက်အနေနဲ့ စာချုပ် ချုပ်ပြီးသားဖြစ်တော့ စစ်ရေးပိုင်းဆိုင်ရာ တချို့ပူးပေါင်းဆောင်ရွက်မှုတွေ ဘာတွေထပ်အဆင့်မြှင့်တင်မလဲ။ ဒါကတော့ ဒုတိယအဆင့်အနေနဲ့ သွားလိမ့်မယ်လို့ထင်တယ်”
စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းထားတဲ့လေးနှစ်အတွင်း ရုရှားနိုင်ငံကိုသွားတာ လေးကြိမ်မြောက်ဖြစ်ပြီး၊ ထားဝယ်ဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံမှုပေးလိုက်တဲ့အတွက် သမ္မတပူတင်က တရားဝင်ဖိတ်ပြီး လက်ခံတွေ့ဆုံဖို့ ဖြစ်လာတာပါ။
စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ အာဏာတည်မြဲဖို့အတွက် အပြန်အလှန်အပေးအယူခရီးပဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ် က သုံးသပ်ပါတယ်။
“ဒီထားဝယ်မှာလည်း အထူးစီးပွားဇုန်စီမံကိန်းတချို့ကို ရုရှားနဲ့ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီးတော့ စာချုပ်ချုပ်လိုက်တာလည်း ရှိတယ်ပေါ့နော်။ အဲဒါတွေအပြင် အဓိက ကတော့ မင်းအောင်လှိုင်ကတော့ သူတို့ ဒီနိုင်ငံတကာ ထောက်ခံမှုရော၊ စစ်ရေးအရ ကူညီထောက်ပံ့မှုရောပေါ့နော် ဒါတွေက သူစစ်နိုင်ဖို့ နောက်ပြီးတော့ သူ့အာဏာ တည်မြဲဖို့အတွက် အသည်းအသန်လိုအပ်ချိန်မှာ သူ့ဘက်မှာရှိတဲ့ ဒီပိုင်ဆိုင်မှုတွေပေါ့နော် ဒီတိုင်းပြည်ရဲ့ နေရာတွေ၊ နယ်မြေတွေ ဒါတွေကိုထိုးအပ်ပြီးတော့ ရုရှားဆီက သူလိုချင်တဲ့အရာတွေကို ကြိုးစားမယ်လို့ ယူဆပါတယ်”
ဆက်နွှယ်သောသတင်းများ
ရုရှားကို မြန်မာအလုပ်သမား စေလွှတ်ဖို့ရှိနေ
ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနဲ့ စစ်ကောင်စီ လက်မှတ်ထိုး
ရုရှားကမှာယူထားတဲ့ Su-30 တိုက်လေယာဉ်ခြောက်စင်းလုံး စစ်ကောင်စီရရှိ
အခုခရီးစဉ်ဟာ အာဂျင်တီးနားတရားရုံးရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာ ဖမ်း၀ရမ်းထုတ် ခံထားရတဲ့ စစ်ခေါင်းဆောင်ရဲ့ ပထမဦးဆုံး ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။
ထားဝယ်ဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံခွင့်ရသွားတာဟာ ရုရှားအတွက် အိန္ဒိယသမုဒ္ဒရာနဲ့ဆက်နေတဲ့ ဘင်္ဂလား ပင်လယ်အော်မှာ ခြေချခွင့်ရသွားတာလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ဒါဟာ ရုရှားအတွက် အင်ဒို ပစိဖိတ်ဒေသမှာ ခြေချဖို့ခွင့်ပြုလိုက်တာဖြစ်တဲ့အတွက် ရုရှားအတွက်တော့ ဒါဟာအခွင့်အလမ်းကောင်းကြီးဖြစ်ပါတယ်။ ရုရှားဟာ ဘင်္ဂလားပင်လယ်အော်မှာ သူ့အနေနဲ့ ပထမဆုံး ခြေချခွင့်ရသွားတာဖြစ်ပြီး အရှေ့တောင်အာရှမှာလည်း သူ့အတွက် ရင်းနှီးမြှုပ်နှံခွင့်ပေးလိုက်တာ ဖြစ်တာပေါ့ဗျာ။ အဲဒီတော့ စစ်လက်နက်ပစ္စည်းပေးတယ်ဆိုတာ အသေးအဖွဲဖြစ်သွားပါပြီ”
အမျိုးသားသယံဇာတပိုင်နက်တစ်ခုဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံခွင့်ပေးလိုက်တာကြောင့် ရုရှားက တုံ့ပြန်တဲ့အနေနဲ့ စစ်ခေါင်းဆောင်ကို မဟာဗျူဟာ မဟာမိတ်အဖြစ်နဲ့ အသိအမှတ်ပြုလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်မှာ တခြားနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကိုပိုမျှော်လင့်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ရုရှားကိုယ်တိုင်ကလည်း ကမ္ဘာ့စီးပွားရေးမှာချိန်ကြည့်ရင် သိပ်ကောင်းတဲ့နိုင်ငံထဲမှာ အခြေအနေမရှိဘူး လောလောဆယ် နေရာကလေ။ ဟိုတစ်နေ့က ကျွန်တော် သုံးသပ်ချက်တစ်ခုကို ဖတ်လိုက်ရတဲ့အခါကျတော့လေ သူလည်း သူရဲ့ ပဋိပက္ခကတော့ ဖြစ်နေတာပေါ့နော်။ ဆိုတော့ ကြားထဲမှာ ဘယ်လောက်အထိ ရောက်နိုင်မလဲဆို တာတော့ ကျွန်တော်တို့တော့ မှန်းလို့မရသေးဘူးပေါ့နော်။ နောက်တစ်ချက်ကတော့ တကယ်တမ်းဆိုရင်တော့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို ပိုမျှော်တယ်ပေါ့နော်”
ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ဖော်ပြချက်အရ ထားဝယ်အထူးစီးပွားရေးဇုန်ထဲ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံ ချက်စက်ရုံတည်ဆောက်ဖို့ စီမံကိန်းတွေ ပါဝင်နေပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ ကနဦးလုပ်ငန်းတွေထဲမှာ ၁ဝ မိုင်ပတ်လည် စက်မှုဇုန်နယ်မြေ၊ ဆိပ်ကမ်းငယ်၊ သဘာ၀ ဓာတ်ငွေ့ဆိပ်ကမ်း၊ ဓာတ်အားပေးစက်ရုံ၊ မြို့ပြစီမံကိန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေလှောင်ကန်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်ကို ဖောက်လုပ်မဲ့ နှစ်လမ်းသွား ကားလမ်းနဲ့ အခြေခံ အဆောက်အဦ စီမံကိန်းတွေ ပါဝင်ပါတယ်။
ဒီစီမံကိန်းတွေမှာ ကနဦးရင်းနှီးမြှုပ်နှံဖို့ ထိုင်းနိုင်ငံနဲ့ သဘောတူညီမှုရပြီးမှ ပျက်ပြားခဲ့ရပြီး ဂျပန်နိုင်ငံကလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့အတွက် လေ့လာတာတွေရှိခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံမှာ အများဆုံးရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေထဲမှာ ရုရှားက အဆင့် ၂၂ မှာ ရပ်တည်နေပါတယ်။
(မှတ်ချက် - ဤသတင်းတွင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်၊ စီးပွားရေး လေ့လာသုံးသပ်သူတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)