စစ်ခေါင်းဆောင်နဲ့ ၂၀၂၄ နိုင်ငံတကာအခင်းအကျင်း
2024.12.26

အာဏာသိမ်းပြီးနောက် တိုင်းပြည်အနှံ့ စစ်မီးလောင်နေတဲ့ မြန်မာပြည်မှာ စစ်ခေါင်းဆောင်ရာထူးအပြင် ၂၀၂၄ ခုနှစ်အတွင်း ယာယီသမ္မတတာဝန်ကိုပါ ကိုယ်တိုင်လွှဲပြောင်းရယူလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်ကို တရုတ်အစိုးရက သိသိသာသာ ရပ်တည်ပြခဲ့ပါတယ်။
နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်ကိုသာ စေလွှတ်ရမယ်ဆိုတဲ့အချက်နဲ့ အာဆီယံအစည်းအဝေးတွေကို သပိတ်မှောက်ခဲ့တဲ့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်ထဲ အစည်းအဝေးတွေ ပြန်တက်လာပါတယ်။
“တပ်ထဲက ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ သူတွေအနေနဲ့ ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေပြီး ကိုယ်ပါအမှုတွဲမှာလား။ ဒါမှမဟုတ်ပြုပြင်ပြောင်းလဲရေးလုပ်ပြီး ပြည်သူနဲ့ပူးပေါင်းမလား။ တပ်ထဲကလူတွေအတွက် အချိုးအကွေ့တစ်ခုပဲ”
တစ်ဖက်မှာတော့ စစ်ခေါင်းဆောင်ဟာ မြန်မာနဲ့အာရှမှာ ပထမဆုံးသောဖြစ်ရပ်အနေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တင်သွင်းခံလိုက်ရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စစ်ခေါင်းဆောင်နဲ့ နိုင်ငံတကာအခင်းအကျင်း ဘယ်လိုရှိခဲ့ပါသလဲ။
"စစ်ကောင်စီနဲ့ တရုတ်ဆက်ဆံရေး"
စစ်အုပ်စုနဲ့ စဉ်ဆက်မပြတ်ဆက်ဆံရေး ရှိနေတာကို သိုသိပ်ထားလိုပြီး ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အာဏာရှင်ကြား ကြားနေအဖြစ် လှုပ်ရှားပြခဲ့တဲ့ တရုတ်အစိုးရဟာ ၂၀၂၄ ခုနှစ်ထဲမှာတော့ စစ်ခေါင်းဆောင်ကို အရေးပေးပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကို သိသိသာသာ ရပ်တည်ပြခဲ့ပါတယ်။
တရုတ်အစိုးရက မူဝါဒပြောင်းလဲပြီး စစ်ကောင်စီကို ပြတ်ပြတ်သားသားထောက်ခံရပ်တည်ပြလိုက်တာက စစ်ကောင်စီအတွက် အကျိုးဖြစ်သွားစေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ် ကသုံးသပ်ပါတယ်။
“၂၀၂၄ ခုနှစ်မှာ အကြီးမားဆုံး အပြောင်းအလဲတစ်ခုကတော့ စစ်ကောင်စီကို တရုတ်နိုင်ငံရဲ့ အားပေး ထောက်ခံမှုပါ။ တရုတ်အစိုးရဟာ အစပိုင်းမှာ နယ်စပ်ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီကို တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စစ်ကောင်စီဘက်က ရပ်တည်ကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ပြလာပါတယ်။ ဒါက မြန်မာစစ်တပ်ရဲ့ အောင်မြင်မှု ဆိုတာထက် တရုတ် အစိုးရဘက်က မူဝါဒ အပြောင်းအလဲဖြစ်သွားတာလို့ ကျွန်တော်မြင်ပါတယ်။ တရုတ်ရဲ့ အားပေးထောက်ခံမှုကို ပေါ်ပေါ်ထင်ထင်မြင်လာရတာ မြန်မာစစ်တပ်အတွက် အကျိုးရှိစေပါတယ်”
၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းက တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး မစ္စတာစွန်းဝေတုန်ရဲ့ မြန်မာပြည်ခရီးစဉ်ကစလို့ တစ်နှစ်ပတ်လုံး တရုတ်အစိုးရအရာရှိတွေ မြန်မာပြည်ထဲ ခေါက်တုံ့ခေါက်ပြန် သွားလာမှုတွေရှိခဲ့တာပါ။
သြဂုတ်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်မှာဆိုရင် အငြိမ်းစား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ပါ တွေ့ဆုံခဲ့ပါသေးတယ်။ ဦးသန်းရွှေက မြန်မာပြည် တည်ငြိမ်ရေးအတွက် တရုတ်ပံ့ပိုးကူညီမှုတွေ မျှော်လင့်နေတယ်လို့ တွေ့ဆုံပွဲပြီးနောက် တရုတ်သံရုံးက ထုတ်ပြောခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်လည်း အာဏာသိမ်းပြီးနောက် ပထမဆုံးတရုတ်ခရီးကို ဒီနှစ်ကုန်၊ နိုဝင်ဘာလအတွင်း ၁၀ ရက်ကြာသွားခဲ့ပါတယ်။ ခရီးကပြန်အလာမှာတော့ စစ်ခေါင်းဆောင်က သူရဲ့တရုတ်ခရီးစဉ်ဟာ မြန်မာပြည်သူတွေ လူမှုစီးပွားမြင့်တက်စေမဲ့ အောင်မြင်တဲ့ခရီးလို့ ကြွေးကြော်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ပြောတဲ့ အောင်မြင်တဲ့ခရီးစဉ်ပြီးနောက် ပေါ်လာတာက တရုတ်ပုဂ္ဂလိကပိုင်လုံခြုံရေး တပ်ဖွဲ့တွေ မြန်မာနိုင်ငံအတွင်း နေရာချထားဖို့ဆိုတဲ့ သဘောတူညီချက်ပါပဲ။ ဒီအချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ရေရှည်မှာတော့ တရုတ်စစ်သားတွေ မြန်မာပြည်ထဲကိုဝင်ဖို့အတွက် အစပြုတဲ့ခြေလှမ်းဖြစ်တဲ့အတွက် သတိထားဖို့ကောင်းတယ်” လို့ တွက်ဆပါတယ်။
နိုင်ငံတကာက မြန်မာ့အရေးလေ့လာသူတွေက တရုတ်လုံခြုံရေးကုမ္ပဏီတွေ မြန်မာပြည်ထဲ ရောက်လာရင် ပြည်တွင်းစစ် ပိုကျယ်ပြန့်လာပြီး လူအမြောက်အမြား သေကျေပျက်စီးလိမ့်မယ်လို့ ထောက်ပြကြပါတယ်။
ဒီလိုလုံခြုံရေးကိစ္စတွေအထိပါ ပါဝင်လာတဲ့ ကြီးမားတဲ့အပေးအယူတွေရဲ့ တခြားတစ်ဖက်မှာတော့ တရုတ်အစိုးရဖိအားနဲ့ လားရှိုးအပါအဝင် မြို့ပေါင်း ၂၀ ကျော်ကို သိမ်းထားတဲ့ ကိုးကန့်တပ်မတော် MNDAAနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာသွားခဲ့ရပါတယ်။
ဒါပေမဲ့ တရုတ်ဖိအားနဲ့ ဆုံးရှုံးလက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ လက်ဝယ်ပြန်ရတဲ့အထိတော့ စစ်ခေါင်းဆောင်က မစွမ်းသာခဲ့ပါဘူး။
"အာဆီယံမှာ ခြေပြန်ဆန့်လာတဲ့ စစ်ကောင်စီ"
ဘုံသဘောတူညီချက်ငါးရပ်ကို စစ်ခေါင်းဆောင်ကိုယ်တိုင် အာဆီယံမှာ လက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်း သူကိုယ်တိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတက်ခွင့်မရတော့လို့ သပိတ်မှောက်ထားခဲ့တဲ့ အာဆီယံအစည်းအဝေး တွေကို စစ်ကောင်စီက ဒီနှစ်အောက်တိုဘာလထဲ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်ပြီး အစည်းအဝေးတွေ တက်စေခဲ့ပါတယ်။
စစ်ကောင်စီက အာဆီယံအစည်းအဝေးတွေမှာ ခြေဦးပြန်လှည့်လာခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က…"ရှင်းရှင်းပြောရရင် သုံးနှစ်ကျော်၊ လေးနှစ်လောက် မလွှတ်လာခဲ့ဘူး။ စစ်ခေါင်းဆောင်နဲ့ သူ့နိုင်ငံခြားရေးဝန်ကြီး တက်လို့မရလို့။ အခုတော့ ခေါင်းလျှိုပြီးဝင်လာရတဲ့ သဘော။” လို့ မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီဟာ အာဆီယံအစည်းအဝေးတွေမှာ ခြေပြန်ချလာတဲ့အတူ တခြားအာဆီယံနိုင်ငံတွေကို အကျပ်ရိုက်စေတဲ့ကိစ္စကိုလည်း ဖန်တီးခဲ့ပါတယ်။
လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ၊ နိုဝင်ဘာလကလုပ်ခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ အာဆီယံကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် မိတ်ဖက်နိုင်ငံသစ်တွေ လက်ခံမယ့်အစီအစဉ်ကို မြန်မာတစ်နိုင်ငံကတည်းကပဲ ကန့်ကွက်ခဲ့လို့ အတည်မပြုနိုင်ဘဲ လာမဲ့နှစ်မှာ ဆက်ဆွေးနွေးဖို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။
သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်အပါအဝင် အနောက် နိုင်ငံတချို့ ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောထားတဲ့ ဒီအစီအစဉ်ကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်း တက်ရောက် ကန့်ကွက်ခဲ့တာပါ။
စင်ကာပူကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen ကတော့ မြန်မာအနေနဲ့ လက်စားချေတဲ့နိုင်ငံရေးအတွက် အာဆီယံကို အသုံးမချဖို့နဲ့ အာဆီယံအနေနဲ့ မြန်မာကြောင့် အခက်တွေ့နေရတာတွေကို အားလုံးသိထားပြီးပြီလို့ သတိပေးစကားပြောခဲ့ပါတယ်။
“လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ ဘယ်လိုနိုင်ငံကမှ ဒီလောက်လူသတ်နေတဲ့၊ ပြည်သူကိုပြန်ပြီးတော့ ဒုက္ခပေးပြီးသတ်ဖြတ်နေတဲ့သူတွေက တရားမျှတတဲ့ရွေးကောက်ပွဲကို ဖော်ဆောင်မယ်ဆိုတာ ယုံကြည်မှာ မဟုတ်ပါဘူး”
ဒီလိုအခင်းအကျင်းတွေမဖြစ်ခင်ကတည်းက အရပ်ဘက်အဖွဲ့အစည်းနှစ်ရာကျော်က အာဆီယံ အစည်းအဝေး တွေမှာ စစ်ကောင်စီကို ဖယ်ထုတ်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေရှိခဲ့ပေမဲ့ တောင်းဆိုချက်က မအောင်မြင်ခဲ့ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရကို အာဆီယံဆွေးနွေးပွဲတွေမှာ တက်ခွင့်ပေးဖို့ တိုက်တွန်းချက်တွေကလည်း အာဏာသိမ်းပြီး လေးနှစ်နီးပါးအထိ လက်တွေ့ဖြစ်မလာသေးပါဘူး။
တစ်ဖက်မှာလည်း အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲဖို့လိုပြီလို့ ထောက်ပြခံထားရတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ကိုင်စွဲထားနေဆဲပါ။ ၂၀၂၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ကျခဲ့တဲ့ လာအိုဟာ ဒီဘုံသဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်အောင် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နိုင်ခဲ့တာမရှိဘူးလို့လည်း နိုင်ငံတကာက မြန်မာ့အရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
လာမဲ့ ၂၀၂၅ မှာတော့ မလေးရှားက အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲပြောင်းယူမှာဖြစ်ပြီး အာဆီယံဟာ မြန်မာအရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ပိုတွေ့နိုင်တယ်လို့ လေ့လာသူတွေက တွက်ဆကြပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးခွင့်ရဖို့လိုတယ်လို့ အောက်တိုဘာလ ဒုတိယအပတ်ထဲ လာအိုနိုင်ငံမှာလုပ်တဲ့ အာဆီယံညီလာခံမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးခွင့်ရဖို့ပဲ၊ အာဆီယံရဲ့ ဒီတောင်းဆိုချက်ကို မြန်မာဘက်က လိုက်လျောဖို့လိုတယ်။ ဒါဟာ အာဆီယံကချမှတ်ထားတဲ့ အချက်တွေထဲမှာလည်းပါတာမို့ ဒါကိုလိုက်လုပ်ဖို့လိုတယ်။ ကျွန်တော်တို့အားလုံးက မြန်မာပြည်က ပဋိပက္ခတွေ အကြမ်းဖက်မှုတွေကို ချုပ်ငြိမ်းစေချင်ပါတယ်"
သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်လို့ ဆိုရာမှာ စစ်ခေါင်းဆောင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူနဲ့မှ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။
၂၀၂၄ ခုနှစ်မေလ ၇ ရက်နေ့က စစ်ခေါင်းဆောင်နဲ့ သူရဲ့မိတ်ဖက် အာဏာရှင်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ အွန်လိုင်းကနေ ဗီဒီယိုနဲ့ ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယိုနဲ့တွေ့ခွင့်ပေးဖို့ မစ္စတာဟွန်ဆန်က တောင်းဆိုခဲ့တာကို စစ်ခေါင်းဆောင်က ငြင်းဆိုခဲ့ပါတယ်။
"အာဏာရှင်နိုင်ငံတွေရဲ့ထောက်ခံမှုနဲ့ ကျင်းပမဲ့ ရွေးကောက်ပွဲ"
စစ်ရေးအကျအရှုံးတွေ တစ်စတစ်စတိုးလာနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့ဆန္ဒမပါဘဲ တရုတ်အပါအဝင် အာဏာရှင်နိုင်ငံတချို့ရဲ့ သဘောတူညီချက်နဲ့အတူ ၂၀၂၅ ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါပြီ။ ပြည်သူ့လွှတ်တော်ကလွဲပြီး ပြည်နယ်၊ တိုင်းနဲ့ အမျိုးသားလွှတ်တော်တွေမှာ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပပြီး တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်ဖို့ စစ်ခေါင်းဆောင်က လုပ်ဆောင်နေတာပါ။
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပမှာဖြစ်သလို လေ့လာသူတွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်က သူ့မိတ်ဖက် တရုတ်၊ ကမ္ဘောဒီးယား၊ ရုရှားစတဲ့နိုင်ငံတွေက အစိုးရအဖွဲ့ခေါင်းဆောင်တွေ နဲ့တွေ့တိုင်း ပြောလေ့ရှိပြီး ထောက်ခံမှုယူလေ့ရှိပါတယ်။
ရုရှားက စစ်ကောင်စီရွေးကောက်ပွဲအတွက် ကူညီမှာဖြစ်သလို ကမ္ဘောဒီးယားကလည်း လေ့လာသူတွေ စေလွှတ်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ကလည်း တစ်ပြည်လုံးရွေးကောက်ပွဲ ကျင်းပရေးအပါအဝင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံတယ်တယ်လို့ ပြောထားပါတယ်။
၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက …“လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ ဘယ်လိုနိုင်ငံကမှ ဒီလောက်လူသတ်နေတဲ့၊ ပြည်သူကိုပြန်ပြီးတော့ ဒုက္ခပေးပြီးသတ်ဖြတ်နေတဲ့သူတွေက တရားမျှတတဲ့ရွေးကောက်ပွဲကို ဖော်ဆောင်မယ်ဆိုတာ ယုံကြည်မှာ မဟုတ်ပါဘူး” လို့ မှတ်ချက်ပြုပါတယ်။
အာဆီယံကတော့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုလားတယ်လို့ ယေဘုယျသဘောမျိုး ပြောထားပါတယ်။ မြန်မာပြည်သူတွေကတော့ အာဏာသိမ်းစစ်တပ်က ဦးစီးကျင်းပမဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း ရွေးကောက်ပွဲကို လက်မခံကြောင်းအတိအလင်းပြောထားပြီး တော်လှန်ရေးအင်အားစုတွေကတော့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်မယ်လို့ ကြေညာထားတာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲထွက်ပေါက် လမ်းကြောင်းက အောင်မြင်နိုင်ခြေမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက တွက်ဆကြပါတယ်။
"ဖမ်းဝရမ်းအထုတ်ခံရခြေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင်"
တရုတ်အကူအညီ အပါအဝင် ရုရှားနဲ့ကမ္ဘောဒီးယားတို့ရဲ့ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲကနေ နိုင်ငံရေး ထွက်ပေါက်ရဖို့ နည်းလမ်းဟောင်းကို သုံးဖို့ကြိုးပမ်းနေတဲ့ စစ်ခေါင်းဆောင်ကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက်က ပြည်တွင်း၊ပြည်ပဒီမိုကရေစီအင်အားစုတွေအတွက် ကျေနပ်စရာကိစ္စ ဖြစ်ခဲ့ပါတယ်။
“တရားမျှတမှုကို ကျွန်မတို့မြေပေါ်မှာ ရှာလို့မရတော့ဘူး” လို့ ဒီလျှောက်ထားချက်အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို မှတ်ချက်ပေးပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့မှာ (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက်အာမက်ခန် (Karim AA Khan) က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးထံတင်သွင်းခဲ့တာပါ။
ဒီတောင်းဆိုချက်ကို ဗြိတိန်လွှတ်တော်အမတ်တွေက ကြိုဆိုကြောင်း လွှတ်တော်မှာ လက်မှတ်ရေးထိုး အဆိုတင်ခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ Burma Campaign UK ၊ မြန်မာရိုဟင်ဂျာအသင်း (BROUK) စတဲ့ အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလေ့လာတဲ့ နိုင်ငံတကာလေ့လာသူတွေက ကြိုဆိုခဲ့ကြပါတယ်။
စစ်ကောင်စီကတော့ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ရဲ့ဆုံးဖြတ်ချက်ကိုလက်မခံဘူးလို့ ပြောထားပါတယ်။ ဥပဒေပညာရှင်တွေအပါအဝင် NUG ဘက်ကတော့ ဒီလျှောက်ထားချက် နောက်ဆက်တွဲ စစ်ခေါင်းဆောင်ဟာ ဖမ်းဆီးခံရဖို့ အလားအလာရှိတယ်လို့ ယူဆကြပါတယ်။
“သူဘယ်လိုပဲ လက်မခံဘူး၊ လက်ခံတယ်ပြောပြော သူလက်ခံခံ၊ မခံခံ တရားရုံးက ကြေညာလို့ ရလို့ကို ကြေညာပြီးပြီ။ သက်သေအထောက်အထားတွေရှိလို့လည်း လုပ်တာပေါ့နော်။ ဘယ်ရာဇဝတ်ကောင်ကမှ ဖမ်းတာကိုလက်ခံတယ်လို့တော့ ပြောတာတော့ မရှိလှဘူး။ ဒီကြားထဲကပဲ အဖမ်းခံသွားရတာပဲ။ တပ်ထဲက ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ သူတွေအနေနဲ့ ဒီလိုခေါင်းဆောင်မျိုးအောက်မှာနေပြီး ကိုယ်ပါအမှုတွဲမှာလား။ ဒါမှမဟုတ်ပြုပြင်ပြောင်းလဲရေးလုပ်ပြီး ပြည်သူနဲ့ပူးပေါင်းမလား။ တပ်ထဲကလူတွေအတွက် အချိုးအကွေ့တစ်ခုပဲ”
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပြောခဲ့တာပါ။
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ဖမ်းဝရမ်းကို လက်ခံလိုက်ရင် စစ်ခေါင်းဆောင်ကိုဖမ်းဆီးပြီး နယ်သာလန် နိုင်ငံ၊ သည်ဟိတ်တရားရုံးကို ပို့ဆောင်တာ၊ အမှုကိုစတင်စစ်ဆေးတာနဲ့ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
ဆက်နွှယ်သောသတင်းများ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အနာဂတ်အလားအလာ
ပြည်တွင်းစစ်အတွင်း စစ်ခေါင်းဆောင်ရဲ့ဆုတံဆိပ်များ
သမဝါယမ စနစ်ဟောင်းကို ပြန်အသက်သွင်းဖို့ စစ်ခေါင်းဆောင် စီစဉ်
ဖမ်းဝရမ်းဂယက်ကြောင့် စစ်ကောင်စီဟာ စီးပွားရေးနဲ့နိုင်ငံရေးအရ ပိုအကျပ်တွေ့လာနိုင်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေဝေနုက တွက်ဆပါတယ်။
“အနည်းဆုံး တရုတ်ကစပြီးတော့ သတိထားသွားမယ်။ အာဆီယံနိုင်ငံတွေဆိုပိုတောင်မှ အာဆီယံနိုင်ငံတွေက Super Power နိုင်ငံတွေမဟုတ်ဘူး။ ဝရမ်းထုတ်ခံထားရတဲ့ တရားခံဦးဆောင်နေတဲ့ အစိုးရကို ထောက်ခံသွားမယ်ဆိုပြီး ပေါ်ပေါ်ထင်ထင် လက်တွဲသွားမယ်ဆိုတဲ့နိုင်ငံက အင်မတန်နည်းသွားမယ်လို့ ကျွန်မထင်တယ်။ အာဆီယံထဲမှာတောင်မှ”
အမေရိကန်နဲ့ အနောက်အုပ်စုတွေကတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်သလို ပိတ်ဆို့မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။
ကုလသမဂ္ဂမှာလည်း မြန်မာ့အရေးဆွေးနွေးချက်တွေက မပြတ်ရှိနေပေမဲ့ စစ်ကောင်စီထံ လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချနေတဲ့လမ်းကြောင်းတွေကို ထိထိရောက်ရောက် ရပ်တန့်နိုင်တဲ့ ကိစ္စရပ်တွေကိုတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။
မြန်မာ့ပြည်တွင်း ရှေ့လျှောက် စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာပြီး အရပ်သားတွေ အိုးမဲ့အိမ်မဲ့ဖြစ်မှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂအကြီးအကဲတွေက မကြာခဏထုတ်ဖော်ပြောလေ့ရှိပါတယ်။