အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်မှုကြောင့် ထိခိုက်နစ်နာကြောင်း စစ်ကောင်စီဝန်ခံ
2023.08.23

စစ်ကောင်စီပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်ထားတဲ့အတွက် ထိခိုက်နစ်နာကြောင်း စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ခံပြောဆိုပါတယ်။
ဩဂုတ် ၂၂ ရက် မနေ့က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေး အဖွဲ့ သတင်းစာရှင်းပွဲမှာ အဲဒီလို ပြောသွားတာပါ။
ဒီဒဏ်ခတ်ပိတ်ဆို့မှုကြောင့် နိုင်ငံခြားငွေရရှိမှုနဲ့ သုံးစွဲမှုအပါအဝင် ကဏ္ဍအားလုံးအပေါ် သက်ရောက်ထိခိုက်နေတယ်လို့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
"၎င်းတို့ကို ပိတ်ဆို့ခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံတော်အစိုးရရဲ့ နိုင်ငံတော်နဲ့ ပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကိစ္စများ အပါအဝင် နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှုများကို သက်ရောက်စေတဲ့အပြင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှု ရယူသူ၊ ပုဂ္ဂိုလ်၊ ဌာနအဖွဲ့အစည်းများကိုလည်းပဲ ထိခိုက်စေပါတယ်"
အမေရိကန်အစိုးရက စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို ပိတ်ဆို့ဒဏ်ခတ်တဲ့ အကြောင်းပြချက် ကလည်း ခိုင်လုံမှု မရှိဘူးလို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။ အဲဒီပိတ်ဆို့မှု အမိန့်အပေါ်မှာ နိုင်ငံအလိုက်၊ သက်ဆိုင်ရာဘဏ်အလိုက် အဓိပ္ပာယ်ကောက်မှု မတူကြဘဲ အမျိုးမျိုးကွဲပြားပြီး လိုရာဆွဲကောက်ယူနေကြတယ်လို့လည်း သူက ဆိုပါတယ်။
အာဏာသိမ်းပြီး ကိုယ့်ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေသုံးစွဲနေတဲ့ စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့ ဒဏ်ခတ်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၃ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။
အဲဒီနောက်မှာတော့ စင်ကာပူနိုင်ငံရဲ့ အဓိကဘဏ်ကြီးတစ်ခုဖြစ်တဲ့ United Oversea Bank (UOB) က မြန်မာနိုင်ငံနဲ့ ဘဏ်ချင်း ချိတ်ဆက်လုပ်ဆောင်နေတဲ့ လုပ်ငန်းအားလုံးကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း အခုလဆန်းပိုင်းက ကြေညာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် (Sonali) ဆိုနာလီဘဏ်ကလည်း သူတို့ဘဏ်မှာဖွင့်ထားတဲ့ စစ်ကောင်စီရဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ကနေ အပ်နှံထားတဲ့ အမေရိကန်ဒေါ် လာ တစ်သန်းတစ်သိန်းကျော်ရှိတဲ့ ငွေစာရင်းတွေကို ပိတ်ပင်လိုက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေညာခဲ့ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ တောင်းဆိုမှုကြောင့်ဖြစ်တယ်လို့ ဆိုနာလီဘဏ်ဥက္ကဋ္ဌက နိုင်ငံတကာသတင်းမီဒီယာတွေကို တရားဝင် ထုတ်ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီကိစ္စကို အကြီးအကျယ် စိတ်ဆိုးနေပြီး ဒီအပေါ် လက်တုံ့ပြန် သွားမှာဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့် စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်ဘဏ်တို့က ပိတ်ပင်လိုက်တဲ့အတွက် အိန္ဒိယ၊ ထိုင်း ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ဩဂုတ်လ ၁၉ ရက် နေပြည်တော်မှာလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုကြောင်း အဲဒီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။
ထိုင်း၊ တရုတ်တို့နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဆက်သွယ်ဆောင်ရွက်နေပြီး အိန္ဒိယဘဏ်နဲ့လည်း အခု စတင်နေပြီလို့ ဒေါ်သန်းသန်းဆွေက ပြောဆိုကြောင်း နေပြည်တော်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"မြန်မာ-ထိုင်းဆိုလည်း ဘတ်၊ ကျပ်ပေါ့။ မြန်မာ- အိန္ဒိယဆိုလည်း ရူပီး၊ ကျပ်ပေါ့နော်။ ဒီလိုမျိုးလုပ်ဖို့ စီစဉ်နေပြီး အခုလည်း လုပ်နေကြပါတယ်။ ဒါပေမဲ့ ရူပီး၊ ကျပ်ကတော့ အခုမှ စတဲ့သဘော ရှိတာပေါ့နော်။ ဘတ်၊ ကျပ်တို့ ယွမ်၊ ကျပ် တို့ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက စလုပ်နေပါတယ်။ ဒါတွေကို ပိုပြီးတော့ လုပ်နိုင်အောင် ပေါ့နော်။ ပုံမှန် ပို့ကုန်သွင်းကုန်ကို နယ်စပ်တင် မဟုတ်ဘဲနဲ့ပေါ့၊ ပုံမှန်ရေကြောင်းက တင်ပို့တဲ့အပိုင်းတွေပါ လုပ်နိုင်အောင်ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးကတော့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ဒေါ်လာအကျပ်အတည်းကို ဖြေရှင်းဖို့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းဘဏ်တွေကို အစားထိုး သုံးစွဲတာဟာ စစ်ကောင်စီအတွက် ရေတို ဆေးမြီးတိုနဲ့ ကုသနည်းသာဖြစ်ပြီး ရေရှည် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
"တကယ့်တကယ် ရေရှည်မှာ အမေရိကန်က တစ်ခုပြီးတစ်ခု၊ တစ်ရစ်ချင်း တစ်ရစ်ချင်း တက်လာတယ်ဆိုရင်တော့ သူတို့လည်း ဘယ်လိုမှ ရေရှည်ကာကွယ်ပေးလို့ရမှာ မဟုတ်ဘူးခင်ဗျ"
"ဈေးကွက်ကို အရမ်းကြီး ထိတ်လန့်မသွားအောင်တော့ အတိုင်းအတာတစ်ခုအထိတော့ ဆေးမြီးတိုအနေနဲ့ ထိန်းတဲ့သဘောလို့ ကျွန်တော်မြင်တယ်။ အတိုင်းအတာ တစ်ခုအထိတော့ သူတို့က ဒါက ကူညီတဲ့ပုံစံမျိုးနဲ့ပဲ သွားမှာ။ ဒါပေမဲ့ တကယ့်တကယ် ရေရှည်မှာ အမေရိကန်က တစ်ခုပြီးတစ်ခု၊ တစ်ရစ်ချင်း တစ်ရစ်ချင်း တက်လာတယ် ဆိုရင်တော့ သူတို့လည်း ဘယ်လိုမှ ရေရှည်ကာကွယ်ပေးလို့ရမှာ မဟုတ်ဘူးခင်ဗျ"
အမေရိကန်အစိုးရက စစ်ကောင်စီပိုင် ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူပြီးနောက်မှာ မြန်မာ ကျပ်ငွေတန်ဖိုး ထိုးကျခဲ့ပြီး ဒေါ်လာဈေးနဲ့ ရွှေဈေး အရင်ကထက် သုံးဆနီးပါး မြင့်တက်လာပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ စက်သုံးဆီနဲ့ အခြေခံစားကုန်တွေ အကြီးအကျယ် ဈေးတက်ပြီး ဒီဒဏ်ကို ပြည်သူအများစု ရင်ဆိုင်ခံစားနေရပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ မြန်မာကျပ်ငွေတန်ဖိုးဟာ အမေရိကန်တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ပဲ ရှိရာကနေ အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အကြာ ဒီကနေ့မှာ ကျပ် ၃၉၀၀ ကျော်နဲ့ ၃၀၀ ရာခိုင်နှုန်းအထိ သမိုင်းမှာ အဆိုးဆုံး မြင့်တက်နေတာပါ။
အာဏာသိမ်းပြီးနောက် တင်းကျပ်တဲ့ မူဝါဒတွေကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ လုပ်ငန်းရှင်တွေ ခက်ခဲနေမှုကို လက်တွေ့ မြင်နေရတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့က ဦးအောင်သူငြိမ်းက RFA ကို ပြောပါတယ်။
"ဆိုတော့ အခုတင်ပဲ ကျွန်တော်ထင်တယ် သိသာတယ်ပေါ့ဗျာ။ တိုင်းပြည်ထဲမှာ ငွေလဲနှုန်းတွေမှာ ကျွန်တော်တို့ ကျပ်ငွေက ထိုးကျတယ်။ ကျန်တဲ့ စီးပွားရေးလုပ်ရတဲ့ ကိစ္စတွေက ခက်လာတယ်။ နောက်တစ်ခါကျတော့ ပိုပြီးတင်းကျပ်တဲ့ မူဝါဒတွေချတော့ ကျွန်တော်တို့ ဒီမူဝါဒမှာ ပိုပြီးလုပ်လို့ကိုင်လို့ မသာဘူးပေါ့ဗျာ။ ဒီအနေအထား တွေဖြစ်တာပေါ့။ ဒါလက်တွေ့မြင်နေရပါတယ်"
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စားနပ်ရိက္ခာ လုံခြုံမှုရှိရေးအတွက် လိုအပ်တဲ့ လောင်စာဆီ၊ ဓာတ်မြေဩဇာ အပါအဝင် အထောက်အကူပြုပစ္စည်းတွေကို ရောင်းဝယ်တဲ့အခါ တချို့နိုင်ငံတွေက ဘဏ္ဍာရေးလုံခြုံမှုနဲ့ ယှဉ်တွဲပြီးဖြစ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ ဘယ်နိုင်ငံဆိုတာ မဖော်ပြဘဲ ဩဂုတ်လ ၁၅ ရက်နေ့က စွပ်စွဲပြောကြားထားပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့က ရုရှား တပ်မတော်မျိုးချစ်ပန်းခြံမှာ ဩဂုတ်လ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ (၁၁) ကြိမ် မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) ကို မိန့်ခွန်း Video Message ပေးပို့ရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကတော့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) မှာရှိတဲ့ ငွေကြေးတွေကို မြန်မာပြည်သူတွေကသာ ပိုင်ဆိုင်တာကြောင့် အမေရိကန်အစိုးရရဲ့လုပ်ရပ် မှန်ကန်တယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်အစိုးရကို ဒီထက်ပိုပြီး ထပ်တိုးအရေးယူသင့်တယ်လို့လည်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
"အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာကနေပြီးတော့ စစ်ကောင်စီကို အရေးယူတဲ့ အခါမှာ စီးပွားရေးအရ စစ်ကောင်စီရဲ့ ငွေကြေးစီးဆင်းမှု ရပ်တန့်သွားဖို့အတွက်၊ နိုင်ငံခြားငွေ စီးဆင်းမှု ရပ်တန့်သွားဖို့အတွက် အဲလိုမျိုး အမေရိကန် ပြည်ထောင်စုက အရေးယူဆောင်ရွက်တဲ့ဟာရဲ့ ထပ်ဆင့် အရေးယူဖို့အတွက် ကျွန်တော်တို့အနေနဲ့ တိုက်တွန်း ပြောကြားချင်ပါတယ်။ အဲလို ထပ်ဆင့်အရေးယူမှုတွေ ရှိလာမယ်လို့လည်း ကျွန်တာ်တို့က ယုံကြည်ပါတယ်"
အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်တပ်ကို ဒဏ်ခတ်တဲ့အနေနဲ့ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှု အမိန့်တစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ပြီး မြန်မာအစိုးရပိုင် ဒေါ်လာ ၁ ဘီလီယံကိုလည်း ထိန်းချုပ်ထားပါတယ်။