တစ်နိုင်ငံလုံးမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်
2024.06.19

[Update: 5: 10 PM, June 19, 2024]
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်း၊ ကယား (ကရင်နီပြည်)၊ မွန်နဲ့ ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ ပန်းသပိတ်နဲ့ စစ်အာဏာရှင်ကျဆုံးရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သပိတ်အင်အားစုတွေက ပြောပါတယ်။
ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် လူထုတစ်ရပ်လုံး စစ်အာဏာရှင်လက်အောက်က အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ငုံ့မခံဘဲ တုံ့ပြန်မယ်စတာတွေ ကြွေးကြော်ခဲ့တယ်လို့ ဆိုပါတယ်။
“လူထုခေါင်းဆောင် အမြန်ဆုံးလွတ်မြောက်ပါစေ ဆုတောင်းရင်းနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဥ်းသားတွေရော ဒီတော်လှန်ရေးနိုင်မှပဲ ကျွန်တော်တို့အားလုံး လွတ်မြောက်မှာဗျ"
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့မနက်ပိုင်း ပြည်သူနဲ့ သပိတ်အင်အားစုတွေပါဝင်တဲ့ လူထု သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) တာဝန်ရှိသူ ကိုမင်းလွင်ဦးက RFA ကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တစ်ခုဖြစ်တဲ့ စစ်မှန်သော လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ခြင်းဖြစ်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျွန်တော်တို့ လှုပ်ရှားကြတာဗျ။ ကျွန်တော်တို့ လှုပ်ရှားတာက ဒီနေ့ ၁၉ ရက်နေ့ မနက်ပိုင်း ၈ နာရီခွဲကနေပြီးတော့ မော်တော်ဆိုင်ကယ်တွေနဲ့ပဲ ချီတက်တယ်။ ပြီးတော့ ကျွန်တော်တို့ မြို့နယ်ထဲက ရွာတစ်ရွာမှာ လမ်းလျှောက်ချီတက်ကြတာပေါ့”
လူထုလှုပ်ရှားမှုကို လူပေါင်း ငါးရာကျော် ပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ရောက်မလာခင် လူစုခွဲလိုက်နိုင်တာကြောင့် ဖမ်းဆီးခံရသူမရှိဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းက ရေဦး၊ ခင်ဦး၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်းနဲ့ ကန့်ဘလူမြို့နယ်က သပိတ်အင်အားစုတွေလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူတာ၊ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်က ပန်းသပိတ်မှာပါဝင်ခဲ့တဲ့ ဒေသခံတစ်ဦးက လူထုခေါင်းဆောင်အတူ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ဖို့နဲ့ တော်လှန်ရေးအောင်မြင်ဖို့ကို ဆန္ဒပြုတယ်လို့ RFA ကို ပြောပါတယ်။
“လူထုခေါင်းဆောင် အမြန်ဆုံးလွတ်မြောက်ပါစေ ဆုတောင်းရင်းနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဥ်းသားတွေရော ဒီတော်လှန်ရေးနိုင်မှပဲ ကျွန်တော်တို့အားလုံး လွတ်မြောက်မှာဗျ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့က အဓိကတော့ တော်လှန်ရေးကိုအောင်မြင်ဖို့ပဲ ဆန္ဒပြုလိုပါတယ်”
ရန်ကုန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ “SUU” နာမည်စာတန်းပါ ဘန်နာကိုင်ဆွဲပြီး တစ်ကိုယ်တော် ဆန္ဒပြတာတွေရှိသလို ပန်းပန်တဲ့ ပန်းသပိတ်လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဒီလိုလှုပ်ရှားမှုလုပ်သူတွေကို စစ်ကောင်စီတပ်က အရပ်ဝတ်တွေ၊ သတင်းပေးတွေနဲ့ လုံခြုံရေးအင်အားအပြည့်နဲ့ စောင့်ကြည့်နေခဲ့ပါတယ်။
ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း တာဝန်ရှိသူ ကိုရေဘဝဲက စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးတွေ ကြားကပဲ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲ အောင်မြင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“လှည့်ကင်းတွေ အရပ်ဝတ်တွေနဲ့ မျိုးစုံပေါ့။ သတင်းထောက်လှမ်းတာတွေ၊ စရဖတွေ SB တွေမျိုးစုံ သူတို့ အရင်ဖမ်းဆီးခဲ့တဲ့ နေရာမျိုးတွေ ပြီးတော့ သပိတ်ထွက်ခဲ့တဲ့နေရာမျိုးတွေ လူစည်ကားရာ အထင်ကရ နေရာမျိုးတွေ စောင့်ကြည့်နေတယ်။ ဖမ်းဆီးဖို့ အသင့်ပြင်ထားတယ်။ အရပ်ဝတ်တွေ မှန်လုံကားတွေနဲ့ ရှိနေတယ်ပေါ့။ လက်နက်မဲ့ နိုင်ငံရေးအန်တုမှု အကြမ်းမဖက်နည်းလမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းမှတ်အနေနဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုကို အောင်အောင်မြင်မြင် ကျွန်တော်တို့ ပြည်သူ့အကျိုးပြုအဖွဲ့စည်းအနေနဲ့ လှုပ်ရှားနိုင်ခဲ့ပါတယ်”
စစ်ကောင်စီကို ထောက်ခံနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပန်းသပိတ်မှာပါဝင်သူတွေကို ဖမ်းဆီးဖို့ဖော်ပြထားသလို မန္တလေးမှာလည်း ဖမ်းဆီးခံထားရသူတချို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနဲ့ ၈၃ လမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာတော့ ဇွန် ၁၉ ရက်နေ့ ဒီမနက်ပိုင်းမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားရှစ်ဦးခန့် အိမ်စီးကားနှစ်စီးနဲ့ရောက်လာပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်တွေဖြစ်ပြီး တစ်ဦးရဲ့ ဦးခေါင်းမှာ ပန်းပန်ထားတာ တွေ့ခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ဖက်ရည်ဆိုင်ထဲကိုဝင်ပြီး ဆိုင်ထဲမှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကို ခေါ်သွားတာပေါ့။ တစ်ယောက်ကတော့ ပန်းပန်ထားတာ။ ခဏလိုက်ခဲ့ပါဆိုပြီး ဒီလိုမျိုးပဲခေါ်သွားတာ။ ပန်းပန်ထားလို့ ဖမ်းသွားတယ် ထင်တာပေါ့"
ဘယ်ကိုဖမ်းသွားလဲဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။
ပန်းသပိတ်မှာပါဝင်လို့ဆိုပြီး မန္တလေးမှာ ဖမ်းဆီးခံရသူ ဆယ်ဦးခန့်ရှိတယ်လို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားပေမဲ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးကလည်း ပန်းပန်သူတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးတာရှိပေမဲ့ နာမည်အတိအကျတော့ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“အရေအတွက်ပဲ မသိဘူး။ အဖမ်းခံထားရတာ ဆိုတာတော့ သိတယ်။ အရေအတွက် ဘယ်နှယောက် ဘယ်နေရာမှာ စုပြုံဖမ်းထားလဲဆိုတာတော့ မသိဘူး။ အဖမ်းခံရတယ်ဆိုတဲ့သတင်းလည်း အစ်ကိုလှမ်းမေးတော့ အဲဒီလိုတော့ ပြောတယ်။ သူတို့လည်း စုံစမ်းနေဆဲပဲ။ အစ်ကို မနက်က ၅၈ ဈေးတန်းကိုဖြတ်တက်တော့ ပန်းရောင်းတဲ့သူကိုတော့ အဓိက မထားဘူး။ သူတို့ အဓိကထားတာက ပန်းပန်တဲ့သူတွေကို အဓိကထားတာ။ ပန်းရောင်းတဲ့သူတွေကတော့ ဗိုလ်နေမြဲ ကျားနေမြဲ ရောင်းနေကြတယ်။ မနေ့ကတည်းက သေချာတာကတော့ နှင်းဆီပန်းနဲ့ပတ်သက်လို့ကတော့ ပန်းလမ်းတွေမှာတော့ ပန်းပြတ်သွားတယ်။ အဲဒီအနေအထားရှိတယ်။ အဲဒါလေးပဲ ထူးခြားချက်ရှိတယ်။ သူတို့ကင်းပတ်ချိန်မှာ ပန်းရောင်းတဲ့သူကို အဓိကပစ်မှတ်မထားဘဲ ပန်းပန်တဲ့သူတွေကို အဓိကပစ်မှတ်ထားတာ”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် နိုင်ငံတစ်ဝန်းက လှုပ်ရှားမှုတွေအတွက် လူထုကိုကျေးဇူးတင်တယ်လို့ ပြောပါတယ်။
“နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တယ်။ နောက် ပြည်သူ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ပြည်သူလူထုတစ်ရပ်လုံးက မမေ့မလျော့ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစား မြတ်နိုးစွာနဲ့ တစ်ခုတ်တရ ဆုတောင်းမေတ္တာတွေ ပေးပို့တယ်။ ဆန္ဒဖော်ထုတ်တာတွေ လုပ်ကြတဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးကို ကျေးဇူးတင်ပါတယ်။ ဒီလို ဆန္ဒထော်ထုတ်မှုတွေအတွက်လည်း လေးစားဂုဏ်ယူပါတယ်။ ဒီလိုဆန္ဒဖော်ထုတ်တာတွေ ချစ်ခင်လေးစားကြောင်း ပြသတာတွေက စစ်ကောင်စီကို အလိုမရှိကြောင်း၊ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုနဲ့ မတရားပုဒ်မ တပ်ထားတာတွေကို သဘောမတူ ဆန့်ကျင်ကြောင်း ပြတာပဲလို့ ကျွန်တော်တို့ သဘောပိုက်ပါတယ်ဗျ”
NLD ပါတီကနေလည်း တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေနဲ့ NLD ပါတီဝင်တွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် “နိုင်ငံရေးအကျဥ်းသားအားလုံး လွှတ်” ဆိုတဲ့ခေါင်းစဥ်နဲ့ ဟောပြောပွဲကျင်းပခဲ့ပါတယ်။
ဒီနေ့မှာပဲ ရန်ကုန်မြို့အခြေစိုက် ဗြိတိန်သံရုံးကလည်း ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ ဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားမှုကို ရှုတ်ချပြီး မတရား ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အလားတူ ဒိန်းမတ်သံရုံး၊ နော်ဝေးသံရုံး၊ ဥရောပသမဂ္ဂနဲ့ ဂျာမနီသံရုံးတွေကလည်း သူတို့ရဲ့သံရုံး လူမှုကွန်ရက်စာမျက်နှာတွေမှာ ပန်းဓာတ်ပုံ ဖော်ပြခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသလို စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိလည်း နေပြည်တော်အကျဥ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရပါတယ်။
အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၉ ကြိမ်ကို အကျဥ်းကျခံအခြေအနေနဲ့သာ ဖြတ်သန်းနေခဲ့ရပါတယ်။