ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းပန်ပြီး သီချင်းဆိုကြဖို့ တက်ကြွသူတွေနှိုးဆော်
2023.06.17
နေပြည်တော်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။
သူမရဲ့ခေါင်းမှာ ပန်းတွေကို အမြဲလိုလို အမြတ်တနိုး ပန်ဆင်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်တွင်းပြည်ပနေ မြန်မာတွေအနေနဲ့ ဦးခေါင်းထက်မှာ ပန်းတွေပန်ဆင်ကြဖို့ မြန်မာပြည် စစ်အာဏာရှင်လက်အောက် လွတ်မြောက်ရေးလှုပ်ရှားနေသူတချို့က နှိုးဆော်နေပါတယ်။
မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း က မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးခံနေရတာကို နိုင်ငံတကာသိရှိဖို့နဲ့ အလားတူ တော်လှန်သူ သူရဲကောင်းအမျိုးသမီးအားလုံးကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်တာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“အဲဒီနေ့ အဲဒီရက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း နှစ်သောင်းကျော်ရဲ့ ဂုဏ်အင်ကျေးဇူးကို လေးစားတန်ဖိုးထားသောအားဖြင့်၊ နောက်ပြီးတော့ ခေတ်အဆက်ဆက်တော်လှန်ရေးတွေမှာ ပါဝင်ခဲ့တဲ့အမျိုးသမီးထု၊ တော်လှန်သောပြည်သူအပေါင်းကို တန်ဖိုးထားတဲ့အနေနဲ့ အဲဒီနေ့မှာ ပြည်လုံးကျွတ် ပန်းသပိတ်ကြီးကို ကျွန်တော်တို့ ဆင်နွဲကြမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်အာဏာရူးတွေက ပြည်သူလူထုကိုကြောက်ရွံ့စေချင်တယ်၊ သွေးအေးသွားစေချင်တယ်၊ ဒါကြောင့်နည်းလမ်းစုံနဲ့ ဖိနှိပ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က လုံးဝသွေးကြောင်သွားမှာ သွေးအေးသွားမှာ တုန်လှုပ်သွားမှာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ တော်လှန်သွေးဟာ ရဲရဲနီဆဲဖြစ်တယ် တော်လှန်ခရီးကို ဆက်လက်ချီတက်ဆဲဖြစ်တာကိုလည်း ဒီပန်းသပိတ်နဲ့ သက်သေတည်ကြဖို့ပါ။”
ဒါ့အပြင် ဒေါက်တာတေဇာဆန်းနဲ့အတူ ဒီလှုပ်ရှားမှုအတွက် နှိုးဆော်နေသူတွေက မနက်ဖြန်မှာ "အားမလျှော့နဲ့ မိငယ်ရေ၊ အရေးကြီးပြီ၊ သွေးမုန်တိုင်း" စသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့သီချင်းတွေ၊ တော်လှန်ရေးသီချင်းတွေကိုလည်း သီဆိုကြပါလို့ တိုက်တွန်းနေကြပါတယ်။
တစ်ဆက်တည်းမှာပဲ ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ တားဆီးရန်ရှာမယ့် အန္တရာယ်ရှိတဲ့အတွက် ဒီလှုပ်ရှားမှုကို သတိနဲ့ ပါဝင်ကြဖို့လိုကြောင်း၊ လူမှုမီဒီယာတွေမှာ ဓာတ်ပုံတွေကို တင်ပြတဲ့အခါမှာလည်း အန္တရာယ်ကို ထည့်တွက်ဖို့လိုကြောင်း၊ ဒီမိုကရေစီအင်အားစုတွေအားကောင်းတဲ့ မကွေး နဲ့ စစ်ကိုင်းတိုင်းလိုဒေသတွေ လွတ်မြောက်နယ်မြေတွေနဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ရှိနေကြတဲ့ မြန်မာတွေအနေနဲ့ကတော့ အင်တိုက်အားတိုက်ပါဝင်ကြပါလို့လည်း လှုပ်ရှားသူတွေက ပြောပါတယ်။
ဒီလှုပ်ရှားမှုကို တားဆီးဖို့ စစ်ကောင်စီအာဏာပိုင်တွေက ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေ ရရှိပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။