အမေရိကန်ခရီးစဉ်နဲ့ ကင်မ်အဲရစ်ရည်ရွယ်ချက်
2025.03.15

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ဟာ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်အကြို စည်းရုံးရေးလှုပ်ရှားဖို အမေရိကန်ပြည်ထောင်စုကို ဒီရက်ပိုင်းကရောက်ရှိလာပါတယ်။
သူ့အမေရိကန်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့၊ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ နိုင်ငံရေးအခက်အခဲတွေကို နိုင်ငံတကာနဲ့ အမေရိကန်အစိုးရတို့ သိစေဖို့နဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် တရားလက်လွတ်ကျူးလွန်နေတာတွေကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတာတွေကို နိုင်ငံတကာက အကူအညီပေးနိုင်ဖို့ ရည်ရွယ်တာပါ။
ကင်မ်ဟာ မတ်လ ၁၅ ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ မွန်းလွဲ ၁ နာရီကနေ ၄ နာရီအထိ တွေ့ဆုံပါတယ်။
"လေလံတင်ပြီး ရရှိတဲ့အမြတ်ငွေတွေကို ကင်မ်ကတော့ စစ်ဘေးရှောင်တွေအတွက်ပေါ့လေ"
ဒီနေ့ပွဲမှာ ကင်မ်ရဲ့ ဓာတ်ပုံကို ပြည်တွင်းက ပန်းချီပညာရှင်တစ်ယောက် ပြန်ဆွဲထားတဲ့ ရေဆေးပန်းချီကို လေလံတင်ဖို့ရှိတယ်လို့လည်း နယူးယောက် မြန်မာကွန်မြူနတီ NYCBC ရဲ့ ဦးဆောင်သူ ဦးနေတင်မြင့်က ပြောပါတယ်။
“နယူးယောက်မှာ ကျင်းပတဲ့ပွဲလေးမှာ အမှတ်တရအနေနဲ့ပေါ့လေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်ရဲ့ ဓာတ်ပုံလေးကို ကျွန်တော်တို့လေလံတင်ဖို့အခမ်းအနားလည်း ရှိပါတယ်။ လေလံတင်ပြီး ရရှိတဲ့အမြတ်ငွေတွေကို ကင်မ်ကတော့ စစ်ဘေးရှောင်တွေအတွက်ပေါ့လေ၊ သူ့မှာ project ရှိပါတယ်။ အဲအတွက် သူကအားလုံးကို သူကပြန်လည်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ် “
ဆက်နွှယ်သောသတင်းများ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ်ပြော
ကင်မ်အဲရစ် ဦးဆောင်တဲ့ တက်တူးလှုပ်ရှားမှု မဲဆောက်မြို့မှာစတင်
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး စိုးရိမ်ကြောင်း NLD နဲ့ သားဖြစ်သူပြော
ဒီပွဲကို မြန်မာ့အရေးကျွမ်းကျင်သူ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးတို့ တက်ရောက်ဆွေးနွေးပါတယ်။
“အန်တီကလည်း နိုင်ငံ့ခေါင်းဆောင်ဖြစ်တယ်၊ ကမ္ဘာမှာလည်း ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ အဲတာကို မလိုလားအပ်တဲ့ ဖမ်းဆီးမှုချုပ်နှောင်မှုတွေက ဘယ်အနေအထားမှာမှမဖြစ်သင့်ဘူး။ အဲတာကြောင့်မို့လို့ ကင်မ်ကလည်းပဲ လွတ်မြောက်ဖို့ဦးဆောင်နေတဲ့ Campaign မှာ ကျွန်မကထောက်ခံပြီးတော့ ဒီ Campaign ကိုအောင်မြင်အောင်လုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ ဝန်ကြီးဌာနက ပြုလုပ်ထားတဲ့အိတ်တွေ၊ ပန်းချီကားတွေကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချဖို့ရှိပါတယ်။ အခုကလည်း Funding ဖြတ်တောက်မှုတွေက အရမ်းဖြစ်တော့လေ၊ ကျွန်မတို့ ဝန်ကြီးဌာနလည်ပတ်ဖို့အတွက်ပေါ့နော်၊ ဒီမြန်မာမိသားစုလေးတွေရဲ့ အားပေးမှုနဲ့ မြှင့်တင်မှာ ဖြစ်ပါတယ် “
လာမယ့်မတ်လ ၂၂ ရက်နေ့ မယ်ရီလန်းပြည်နယ်မှာ မယ်ရီလန်း၊ ဗာဂျီးနီးယား၊ ဝါရှင်တန်ဒီစီက မြန်မာမိသားစုတွေနဲ့ ကင်မ်တို့ တွေ့ဆုံပွဲရှိပါတယ်။
“အန်တီကလည်း နိုင်ငံ့ခေါင်းဆောင်ဖြစ်တယ်၊ ကမ္ဘာမှာလည်း ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ အဲတာကို မလိုလားအပ်တဲ့ ဖမ်းဆီးမှုချုပ်နှောင်မှုတွေက ဘယ်အနေအထားမှာမှမဖြစ်သင့်ဘူး"
စစ်ဘေးရှောင်တွေ ရေသန့်ရရှိဖို့ ကင်မ် က ဦးစားပေးနေတယ်လို့ မေရီလန်းပွဲကိုစီစဉ်တဲ့ ဦးယဉ်ထွေးက ပြောပါတယ်။
“ ကင်မ် ရည်ရွယ်ချက်က အခု မြန်မာပြည်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ရေသန့်ရရှိရေး ဦးစားပေးတယ်။ နောက်တစ်ခုက သူ့အမေရဲ့ နှစ် ၈၀ မြောက် မွေးနေ့ Campaign အတွက်လည်း ဒီမှာရှိတဲ့ မြန်မာမိသားစုတွေကို လာရောက်တွေ့ဆုံတာဖြစ်တယ်။ ပွဲမစခင်ကတော့ အစားအသောက်လေးတွေ စရောင်းမယ်ပေါ့နော်။ ရတဲ့ပိုက်ဆံအားလုံးကလည်း ကင်မ်ပွဲအတွက်ဆိုပြီးတော့ အားလုံး အိတ်သွန်ဖာမှောက် လုပ်ကြတဲ့ပွဲလေးပါ “
မတ်လ ၁၄ ရက်နေ့ကလည်း ကင်မ်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကိုသွားရောက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
သံအမတ်ကြီးအတွက် ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်မွေးနေ့ အမှတ်တရထုတ်ဝေတဲ့ ပြက္ခဒိန်ကို လက်ဆောင်ပေးခဲ့ပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့ ကင်မ်က သူ့လူမှုကွန်ရက်မှာ တင်ထားပါတယ်။
ဒါ့အပြင် ကင်မ်ဟာ တစ်နေ့တည်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ကနေဒါသံအမတ်နဲ့လည်း သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲတွေက ကျေနပ်အားရစရာကောင်းတယ်လို့ ကင်မ် က ရေးသားထားပါတယ်။