လုံခြုံရေးသတိနဲ့ ပန်းသပိတ်မှာပါဝင်ဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.06.18
လုံခြုံရေးသတိနဲ့ ပန်းသပိတ်မှာပါဝင်ဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းမှ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုအား ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်နေစဉ်။
Citizen Photo

ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့မှာ နှင်းဆီအနီအပါအဝင် အလျဉ်းသင့်တဲ့ ပန်းတွေကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အလှပန်းအိုးထိုးတာ၊ အပြန်အလှန် လက်ဆောင်ပေးတာ၊ အွန်လိုင်းပေါ်တင်တာ စတဲ့ ပန်းသပိတ်လှုပ်ရှားမှုကို လုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ နိုင်ငံအနှံ့ ပန်းသပိတ် ဆင်နွှဲခဲ့ကြပြီး အဲ့ဒီအချိန်က စစ်ကောင်စီက ပန်းပန်သူ၊ ပန်းကိုင်ဆောင်ပြီး သွားလာသူ လူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ လူမှုကွန်ရက်တွေမှာ ပန်းပန်တဲ့ပုံတင်ခဲ့တဲ့ သရုပ်ဆောင်တွေကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့တာတွေရှိခဲ့ပါတယ်။ ဖမ်းဆီးခံရသူ တချို့ ပြန်လည်လွတ်မြောက်လာတာတွေရှိပေမဲ့ တချို့ကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။

စစ်ကောင်စီက နည်းမျိုးစုံ ဖိနှိပ်မှုတွေရှိပေမဲ့ အချိန်သုံးနှစ်ကျော်တဲ့အထိ ပြည်သူ့တော်လှန်ရေးက ဆက်ရှိနေတယ်ဆိုတာကို ပြသလိုတာကြောင့် ဒီနှစ်မှာလည်း ပန်းသပိတ်လှုပ်ရှားမှုကို လုပ်တာလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောပါတယ်။

“အကြမ်းဖက် အာဏာရူးတွေကတော့ဗျာ လူထုရဲ့ တော်လှန်လှုပ်ရှားမှုအားလုံးကို တစ်ခုတည်းသော နည်းလမ်းက ဖိနှိပ်မယ်။ အကြမ်းဖက်မယ်၊ ဖမ်းမယ်၊ ဆီးမယ်၊ သတ်မယ်၊ ဖြတ်မယ်။ ဒီလိုအကြမ်းဖက်လိုက်ရုံနဲ့ ပြည်သူ့တော်လှန်ရေးကြီးက ရပ်တန့်သွားမယ်။ တွန့်ဆုတ်သွားမယ်။ သွေးကြောင်သွားမယ်လို့ တောက်လျှောက် မှတ်ယူပုံရပါတယ်ခင်ဗျ။ သူတို့မသိတာက ယနေ့ခေတ် မြန်မာပြည်သူတွေက ဖိလေကြွလေ ဖြစ်နေတယ်ဆိုတာပါပဲခင်ဗျ။ ဒါကြောင့် ကျွန်တော်တို့က အချိန် သုံးနှစ်ကျော်၊ လေးနှစ်ထဲ ဝင်တဲ့အထိလည်း ပြည်သူ့တော်လှန်ရေးကြီးက ရှေ့ကို တောက်လျှောက် ခရီးနှင်နေတာပေါ့ဗျာ။”



ပန်းသပိတ်လူထုလှုပ်ရှားမှုကို တော်လှန်ရေးနယ်မြေနဲ့ လွတ်မြောက်နယ်မြေတွေ ရောက်နေသူတွေက လွတ်လွတ်လပ်လပ်နဲ့ အင်နဲ့အားနဲ့ပါဝင်ပြီး စစ်ကောင်စီထိန်းချုပ်နယ်မြေအောက်က ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အလေးထားပြီး သတိနဲ့ ပါဝင်ဖို့ သူက တိုက်တွန်းပါတယ်။

ပန်းသပိတ်လှုပ်ရှားမှုဟာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့ တိုက်ပွဲဝင် လူထုတစ်ရပ်လုံးကို ဂုဏ်ပြုတဲ့သဘောဖြစ်တယ်လို့ လှုပ်ရှားမှုကို ဦးဆောင်သူတွေက ပြောပါတယ်။

“ပန်းသပိတ်ကြောင့် လူထုသွေးမြေကျတဲ့အဆင့်တော့ မရောက်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နောက်တစ်ခုက နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် အကျဉ်းသားတွေအများကြီး ရာပေါင်းမြောက်များစွာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဟာကို လွှတ်ဖို့တောင်းဆိုတယ်ဆိုတာ အပြင်မှာရှိတဲ့သူတွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက်တော့ ကျွန်တော်တို့ ကြိုးစားပြီးတော့ တောင်းဆိုမှုကို ကမ္ဘာသိအောင်လုပ်ရမှာ ဖြစ်ပါတယ်ခင်ဗျ။”

NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးပြောသွားတာပါ။

NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို အွန်လိုင်းကနေ နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ ကျင်းပဖို့ရှိပြီး မွေးနေ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်အဲရစ်၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့လည်း အမှတ်တရစကားတွေ ပြောဖို့ရှိပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ က်နေ့က ပြုလုပ်ခဲ့စဉ်။ (အရာတော်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ဓာတ်ပုံ)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ က်နေ့က ပြုလုပ်ခဲ့စဉ်။ (အရာတော်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ဓာတ်ပုံ)

အညာမှာတော့ ပန်းသပိတ်ကို ပါဝင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ မုံရွာလူထုသပိတ်ဦးဆောင် ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

“အညာဘက်က ပြည်သူတွေအနေနဲ့ကတော့ ပန်းသပိတ်မှာ လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ကြဖို့ရှိပါတယ်။ ဒါက သုံးနှစ်ကြာပေမယ့် မတရားမှုကို ငုံ့မခံဘူးဆိုတာပြတာ။ အညာဘက်ကတော့ အတော်လေးလုပ်ဖို့ ပြင်ဆင်ထားကြပါတယ်။ မနက်ဖြန်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ငုံ့မခံဘဲ တုံ့ပြန်မဲ့ သံမဏီနှင်းဆီတွေ ဆိုတဲ့စာသားကိုကိုင်ပြီးလုပ်မယ်။ လုံခြုံရေးကတော့ အထူးသတိထားပြီး ဆောင်ရွက်မှာပါ။ စစ်ကောင်စီရဲ့လေကြောင်းရန်ကလည်း ရှိနေတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဘေးကင်းအောင်တော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်ကတော့ သူ့အမေ ပြန်လွတ်လာပြီး အမြန်ဆုံး ပြန်တွေ့ဖို့ မျှော်လင့်နေကြောင်းနဲ့ မြန်မာပြည်ဒီမိုကရေစီအရေး ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ မျှော်လင့်ကြောင်း RFA က တစ်ဆင့် ၇၉ နှစ်မြောက်မွေးနေ့အတွက် ဆုတောင်းစကား ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။