ကင်မ်အဲရစ် ဦးဆောင်တဲ့ တက်တူးလှုပ်ရှားမှု မဲဆောက်မြို့မှာစတင်
2023.11.22

Freedom Tattoo Campaign အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ် ဦးဆောင်တာပါ။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှာသေဆုံးခဲ့ရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ တူးတူးကိုဂုဏ်ပြုရင်း တစ်ကမ္ဘာလုံးက မြန်မာပြည်သူတွေ ပါဝင်လာနိုင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဒီအစီအစဉ်မှာ တက်တူးထိုးရင်း ရလာတဲ့ငွေတွေ၊ မြန်မာ့အစားအစာ၊ လက်မှုပစ္စည်း၊ လူအသုံးအဆောင်ပစ္စည်းတွေကိုလည်း ရောင်းချကြပြီး ရရှိလာတဲ့ရန်ပုံငွေတွေကို နိုင်ငံအနှံ့မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့မှာဖြစ်ပါတယ်။
ဒီရန်ပုံငွေတွေကို ကင်မ် ဆီ တိုက်ရိုက်လွှဲပေးမယ်လို့လည်း မဲဆောက်မြို့က Freedom Tattoo Campaign အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မအက်စတာ က ပြောပါတယ်။
"မြန်မာပြည်မှာရှိတဲ့ ဒုက္ခရောက်နေတဲ့ လူပေါင်းနှစ်သန်းစာအတွက်ကို ကျွန်မတို့ ဘယ်လိုလုပ်ထားလဲဆိုရင် အခုတက်တူးလာထိုးတဲ့သူတွေကို ကျွန်မတို့ ကတ်တလောက်လေးတွေ လုပ်ထားပေးတယ်၊ လာထိုးတဲ့သူရဲ့ အမည်၊ အီးမေးလ်နဲ့ အလှူငွေတွေကို ရေးထားပေးတယ်၊ Google ကနေ သူတို့ပေးထားတဲ့ ပုံစံထဲကို တိုက်ရိုက်ဖြည့်ရပါတယ်၊ သူတို့ အလှူငွေဘယ်လောက်ထည့်ထားလဲ ဘာပုံထိုးထားတယ်ဆိုတာကို ပြန်ပြီးတော့ ကင်မ်က သူ့လက်မှတ်နဲ့ certificate ကို အီးမေးကနေ ပြန်ပို့ပေးမှာပါ၊ ကျွန်မတို့ ဒီကလူတွေက ငွေရောဘာရော ဘာတစ်ခုမှမကိုင်ထားပါဘူးရှင့်၊ ကင်မ်က နဂိုကတည်းက ဒီတက်တူးကို ဝါသနာပါတယ်ပေါ့၊ လက်ဝှေ့လည်း ဝါသနာပါကောင်းပါမယ်ပေါ့၊ သူကတော့ မြန်မာပြည်မှာ အသက်ဆုံးရှုံးသွားသူ တော်တော်များများကို သိပါတယ်၊ တူးတူးမိသားစုကတော့ ကလေးငယ်လေးရှိတာပါတယ်၊ သူ့ ရဲ့ Death Body လည်း ပြန်မရဘူးဆိုတော့ ဒါကိုလည်း သူက သတိတရနဲ့ ပြည်သူလူထုကို အမှန်အတိုင်းပြောရရင် တူးတူးရဲ့သတင်းက သိပ်ပြီးတော့ အရမ်းကြီး ပြည်သူလူထုကြားထဲ သိပ်မသိဘူးပေါ့၊ ဒါလေးကို ဖုံးကွယ်နေတဲ့အရာလေးကို ပေါ်စေချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်မတော့ထင်တယ်။’’
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နှိမ်နင်းတာတွေကြောင့် မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ကြသူတွေ သေဆုံးခဲ့ရသလို ထောင်ကျခံနေရသူတွေ များသထက်များလာနေပြီး စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူကလည်း နှစ်သန်းကျော်အထိ ရှိနေပါပြီ။
စစ်ကောင်စီက လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ ဒီထက်မက များလာနိုင်လို့ ဒီလိုလှူဒါန်းတဲ့အစီအစဉ်တွေ များများလုပ်သင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"လက်ရှိ စစ်ဘေးရှောင်တွေကလည်း ဒီထက်များပြားလာဖို့ပဲ ရှိတယ်၊ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာဖြစ်တဲ့အတွက် ရွာတွေပေါ့၊ ပြည်သူတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာတွေများလာတယ်၊ ပြည်သူတွေကို သူတို့က အကြောက်တရားပေးချင်တာ၊ ပြည်သူတွေ ကြောက်သွားမှ ဒီတော်လှန်ရေးအပေါ် ဝန်းရံမှုတွေ နည်းသွားမယ်ဆိုတဲ့ အတွေးက သူတို့မှာရှိတယ်ပေါ့နော်၊ အဲဒီ အတွေးတွေကြောင့်ပဲ စစ်ဘေးရှောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ များပြားလာတယ်၊ ပြီးတော့လည်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ များစွာရှိတယ်၊ သူတို့တွေအတွက် ကျွန်တော်တို့တွေ အမြဲမပြတ်ပေါ့နော်။ တောင်းဆိုပေးနေဖို့ လိုအပ်တယ်၊ ဒီအကျဉ်းသားတွေ လက်ရှိမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလောက်စွာမရရှိတဲ့အတွက် ဒါလေးကိုလည်း ကင်မ်အနေနဲ့ နောက်ပိုင်းမှာ အကျဉ်းသားအရေးတွေကိုလည်း ထပ်ပြီးဖော်ဆောင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။’’
ကိုသိုက်ထွန်းဦးကို စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချခံရပြီး မကြာသေးခင်ကမှ ပြန်လွတ်လာသူဖြစ်ပါတယ်။
ကင်မ်အနေနဲ့ သူ့အမေကိုယ်တိုင် ဖမ်းဆီးထောင်ချခံထားရသလို မြန်မာပြည်သူတွေအပေါ် သူ့ရဲ့စိတ်စေတနာကို မြင်တွေ့ရပြီး နောက်ပိုင်းမှာလည်း ဒီထက်မက ပါဝင်အားဖြည့်လာနိုင်လိမ့်မယ်လို့ Freedom Tattoo Campaign တက်ရောက်လာကြသူတွေက မျှော်လင့်ကြပါတယ်။
တက်တူးထိုးတဲ့အစီအစဉ်သာမက မြန်မာအစားအစာတွေ၊ သုတ၊ ရသ စာအုပ်တွေ၊ လက်လုပ် လူ့အသုံးအဆောင်ပစ္စည်းတွေ၊ အမှတ်တရ တီရှပ်အင်္ကျီတွေ ရောင်းချရင်း အလှူပွဲမှာ ပူးပေါင်းပါဝင်ကြသူတွေလည်း ရှိကြပါတယ်။
ဒီ Freedom Tattoo Campaign အစီအစဉ်ကို မဲဆောက်မြို့တင်သာမက အမေရိကန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတစ်ချို့မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။
မြန်မာပြည်သူတွေ လူ့အခွင့်အရေးဆုံးရှုံးနေရတာကို ကမ္ဘာက သိစေချင်တဲ့ ကင်မ်ရဲ့အစီအစဉ်မှာ ဈေးရောင်းရင်း ပါဝင်အားဖြည့်ပေးတာပါလို့ မစိန်ခင်က ပြောပါတယ်။
" ကင်မ် ကို အားဖြည့်တာပေါ့နော်၊ ကင်မ် ရဲ့ရည်ရွယ်ချက်က မြန်မာပြည်မှာ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ ဖြစ်နေတယ်၊ တူးတူးက ထောင်ထဲမှာသေသွားတယ်၊ တစ်နှစ်လောက်ကြာမှ သိရတယ်၊ အခုလက်ရှိလည်းပဲ ထောင်ထဲမှာအများကြီးပဲ ကျွန်မတို့ကလေးတွေ၊ ဒီလို မတရားခံနေရတဲ့ ကလေးတွေအများကြီးပဲ၊ လူငယ်လူရွယ်တွေ သေကျေနေတာလည်း အများကြီးပဲ၊ ဒီလိုလူ့အခွင့်အရေးဆုံးရှုံးမှုတွေကို ကမ္ဘာသိ စေချင်တာ၊ အဲဒီအတွက် အားဖြည့်တာပါပဲ။’’
မစိန်ခင်ဟာ အရင်က ခုလိုမျိုးဈေးရောင်းခဲ့ဖူးသူမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်က မြန်မာပြည်သူတွေ ဖိနှိပ်ခံနေရတာတွေကို လက်ပိုက်ကြည့်မနေဘဲ မြန်မာ့ဒီမိုကရေစီအရေးမှာ ပူးပေါင်းပါဝင်တဲ့အတွက် သူလည်း ဝင်ရောက်အားဖြည့်ပေးတာပါလို့လည်း ဆိုပါတယ်။
Freedom Tattoo Campaign ကို နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းကတည်းက ကျင်းပခဲ့တာပါ။ မူလအစီအစဉ်အရ ညနေပိုင်းမှာ ကင်မ်ကိုယ်တိုင် အွန်လိုင်းကတစ်ဆင့် စကားပြောကြားပြီး မဲဆောက်ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ကဗျာရွတ်ကြဖို့ စီစဉ်ထားပေမဲ့ လုံခြုံရေးအခြေအနေကြောင့် အဲဒီအစီအစဉ်တွေ ဖျက်သိမ်းလိုက်ရတယ်လို့ ပွဲစီစဉ်သူတွေက ပြောကြပါတယ်။