မဲဆောက်က မြန်မာအမျိုးသမီးတွေရဲ့ အိုချစ်ရာလက်မှုလုပ်ငန်း
2025.01.05

"စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အများကြီးကြုံတွေ့နေရတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ဒဏ်ရာကို healing ဖြစ်အောင် ညီမတို့ဘယ်လိုမျိုးကုစားမလဲဆိုတဲ့အပေါ်မှာ ညီမတို့တွေက ပစ္စည်းလေးတွေကို ထုတ်နေကြတာဖြစ်တယ်ပေါ့"
ထိုင်းနယ်စပ် မဲဆောက်မြို့လေးက အိုချစ်ရာဆိုတဲ့ လက်မှုသင်တန်းတည်ထောင်ထားတဲ့ မဇာလီပြောပြ နေတာပါ။ စစ်တပ်အာဏာသိမ်းတာကို အကြောင်းအမျိုးမျိုးနဲ့ ဆန့်ကျင်ပြီး ထိုင်းနယ်စပ်မှာ တိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေဟာ နေရတဲ့ကာလကြာလာတာနဲ့အမျှ စားဝတ်နေရေးအခက်အခဲရှိသလို၊ စိတ်ဖိစီးမှုတွေလည်းရှိနေပါတယ်။ အဲဒီအခြေအနေကို လျော့ပါးသက်သာအောင်သူတို့ကို လက်မှုပညာတွေ သင်ပေးပြီး ထွက်လာတဲ့ကုန်ပစ္စည်းကို စုပေါင်းရောင်းချဖို့ ဒီဆိုင်လေးကို တည်ထောင်ထားတာလို့ ဆိုပါတယ်။
အိုချစ်ရာလက်မှုသင်တန်းကနေ ပြီးခဲ့တဲ့သုံးနှစ်အတွင်း အမျိုးသမီးတစ်ရာကျော်ကို သင်တန်းပေးခဲ့တယ်လို့ မဇာလီက ပြောပါတယ်။
"အခု ဒီမဲဆောက်မှာရောက်ရှိနေတဲ့ ဒီအမျိုးသမီးတွေက ဒီတော်လှန်ရေးမှာပါဝင်လာတဲ့အမျိုးသမီးတွေပေါ့နော်။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက်က နွေးထွေးမှုတွေနဲ့ ပွေ့ဖက်ရမယ်။ တစ်ယောက် စိတ်ဒဏ်ရာကနေ တစ်ယောက်က ဖေးမရမယ်။ တစ်ယောက်လက်ကိုတစ်ယောက် ဆွဲပြီးတော့ ဒီတိုင်းပြည်ရဲ့အနာဂတ်ကောင်းဖို့အတွက် အားလုံးဝိုင်းပြီး ကြိုးစားရမယ်ပေါ့နော်"
အမျိုးသမီးတွေကို လက်ချုပ်၊ အပ်ချုပ်၊ ဇာထိုး၊ ပန်းထိုး၊ ရွှေချည်ထိုး၊ အိတ်မျိုးစုံချုပ်လုပ်နည်း၊ (eco print လို့ခေါ်တဲ့ သဘာဝပစ္စည်းအခြေခံ အဝတ်အထည် ဆေးဆိုးပန်းရိုက်လုပ်နည်း၊ ဆပ်ပြာ၊ ခေါင်း လျှော်ရည်နဲ့ လူသုံးကုန်အမှတ်တရပစ္စည်း ထုတ်လုပ်နည်းတွေ လက်တွေ့သင်ပေးနေပါတယ်။
အခုဆိုရင် သင်တန်းကတတ်ထားတဲ့ သဘာဝဆေးဆိုးပန်းရိုက်ပညာနဲ့ ထုတ်လုပ်တဲ့ပစ္စည်း တစ်လကို အထည် ၂ဝ လောက် ရောင်းအားရှိသလို၊ အပ်ထည်တွေလည်း ရနေပြီလို့ Print & Go (eco print) လုပ်ငန်း ထူတောင်ထားတဲ့ သစ်တောဌာန CDM ဝန်ထမ်း ဒေါ်မေသန်းက ပြောပါတယ်။ ဒါကြောင့် တခြားသူတွေလည်းလုပ်ကြဖို့ သူက တိုက်တွန်းပါတယ်။
"CDM အမျိုးသမီးတွေကို ပြောချင်တာကတော့ စလိုက်ပါပေါ့။ အစက အရေးကြီးတယ်လေ၊ ဒီတိုင်းပဲ ကိုယ့်ဟာကို ကြိတ်မှိတ်ခံစားနေရမဲ့အတူ၊ ကိုယ်ဘာလုပ်နိုင်လဲ ဆိုတာကို အစပြုလိုက်ပါ။ Information တွေ အများကြီးရှိပါတယ်။ အဲဒီကနေရယူပြီးတော့ ခြေလှမ်းအသစ်ကို စပါလို့ ပြောချင်ပါတယ်"
အိုချစ်ရာအဖွဲ့မှာ မဇာလီနဲ့ ဒေါ်မေသန်းတို့လို အလှကုန်ပစ္စည်း ထုတ်နေတဲ့သူတစ်ယောက်လည်း တွေ့ရပါတယ်။ သူကလည်း စစ်တပ်အာဏာမသိမ်းခင်ကတည်းက ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်အပါအဝင် အလှကုန်ပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့သူပါ။
“ဒီဘက်မှာ ရောက်လာတော့လည်း ကျွန်မက ဘဝကို အစက ပြန်စတာပေါ့နော်။ နောက်ပြီးတော့ ကျွန်မ တတ်ထားတဲ့ပညာတွေကလည်း ဟိုဘက်မှာ ရင်းနှီးမြှုပ်နှံမှု အကုန်လုံးကျန်ခဲ့တယ်။ ပညာလေးတစ်ခုပဲ ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ ရှိတယ်။ အဲဒီဟာကို ဒီဘက်မှာ ကုန်ကြမ်းပစ္စည်းလေးတွေရှာပြီးတော့မှ ကျွန်မ အစအဆုံး ကိုယ့်ဟာကိုဘဲ လုပ်ဆောင်ပါတယ်။ လုပ်ဆောင်တော့ ကျွန်မ product လေးတွေ ထွက်တယ်”
ဆက်နွှယ်သောသတင်းများ
စိုက်ပျိုးရေးဖြင့် စိတ်သောကကိုကုစားခြင်း
ရွှေ့ပြောင်းကလေးတွေကို ပညာသင်ခွင့်ပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို
ထိုင်းရောက် မြန်မာတွေရဲ့ တစ်နှစ်အတွင်း အခက်အခဲနဲ့ ရုန်းကန်မှုများ
အမျိုးသမီးတွေအနေနဲ့ အိုချစ်ရာလိုအဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့ သူက ဖိတ်ခေါ်ပါတယ်။
“စိတ်အားငယ်တဲ့အမျိုးသမီးတွေပဲ ဖြစ်ဖြစ်၊ တစ်ခုခု အထိအခိုက်ဖြစ်တဲ့ အမျိုးသမီးတွေဘဲဖြစ်ဖြစ် ပြောချင်တာက ကိုယ့်ရဲ့တတ်ထားတဲ့ပညာလေးတွေကိုလေ စုစည်းပြီးတော့ ကျွန်မတို့လိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျွန်မတို့အတူတူ ရုန်းကန်ရင်းနဲ့ အခြေနေတစ်ခုကိုဖန်တီးကြရအောင် လို့ တိုက်တွန်းပါတယ်ရှင့်"
အိုချစ်ရာအဖွဲ့မှာ သောကြာနေ့တိုင်း သင်တန်းရှိပြီး နောက်ထပ်လည်း အမျိုးသမီးတွေအတွက် ထပ်တိုးပြီး ဆောင်ရွက်သွားမယ်လို့ မဇာလီက ပြောပါတယ်။
"လက်ရှိ ရှိနေတဲ့အမျိုးသမီးတွေစုပေါင်းပြီးတော့ ညီမတို့အသင်းအဖွဲ့လေးတစ်ခု လုပ်မယ်၊ လက်မှု အနုပညာရှင်အသင်းလေးပေါ့နော်။ ဒါလေးတစ်ခု ညီမတို့ လုပ်မယ်။ ဒီအသင်းအဖွဲ့လေးကနေပြီးတော့ နောက်ထပ်အမျိုးသမီးကိုပေါ့နော် သင်တန်းအများကြီးပေးပြီးတော့ သက်မွေးပညာတွေပါမယ်။ လက်မှုပညာတွေ ပါမယ်။ အနုပညာတွေ ပါမယ်ပေါ့နော်။ ပြီးသွားရင် ဆံပင်ညှပ်တာကအစ ပေါင်မုန့်ဖုတ်တာ အဆုံးပေါ့နော်။ အဲ့ဒီလိုကြားထဲမှာ ရှိနေတဲ့ သင်တန်းအားလုံးပေးနိုင်အောင် ညီမတို့ ကြိုးစားသွားဖို့ ရှိပါတယ်"