စိုက်ပျိုးရေးဖြင့် စိတ်သောကကိုကုစားခြင်း
2024.12.10

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ရွာက ဟေရမုန်လို့ခေါ်တဲ့ ခြံထဲမှာ လူတစ်စုက စိုက်ပျိုးရေးလုပ်ဖို့ ပြင်ဆင်နေတာပါ။ သူတို့ဟာ တကယ့်စိုက်ပျိုးရေးသမားတွေမဟုတ်ဘဲ စိတ်ဖိစီးမှုတွေ၊ သောကတွေသက်သာအောင် ကုစားတဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို healing in the farm စိုက်ခင်းထဲမှာကုစားခြင်းလို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဒီခြံထဲမှာ ဒီလိုအစီအစဉ်တွေလုပ်ဖို့အတွက် လုက်၊ မစနိုးနဲ့ မဖြူဆိုတဲ့ လူငယ်သုံးဦးက စတင်ခဲ့ကြ တာဖြစ်ပါတယ်။
"ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့ခြင်းမရှိဘူးပေါ့နော်။ ကျွန်တော်တို့တွေက ကိုယ်ကိုယ်တိုင်လည်း ဒီအခက်အခဲကြီးကို ရင်ဆိုင်ကျော်လွှာဖြတ်သန်းခဲ့ရတဲ့အခါမှာ တခြားလူတွေကိုလည်း ကျွန်တော်တို့လိုပဲ ရှိကောင်းရှိလိမ့်မယ်လို့ ထင်တယ်။ တကယ်လည်း ရှိကြတယ်ပေါ့နော်။ သူတို့တွေအတွက်လည်း ကျွန်တော်တို့တွေ ကောင်းတဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကောင်းလေးကို ဝေမျှချင်တဲ့အတွက်ကြောင့် သူငယ်ချင်း သုံးယောက် အတူတကွ စီစဉ်ပြီးမှ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်"
စိုက်ခင်းထဲကုစားခြင်းအစီအစဉ်မှာ ပထမရက်မှာ မြေဆွေးလုပ်နည်း၊ အပင်ပျိုးထောင်နည်း၊ ပျိုးပင်လေးတွေကို ကိုယ်တိုင်စိုက်ပျိုးရတဲ့ လေ့ကျင့်ခန်းတွေနဲ့ စတင်ပါတယ်။ နောက်ရက်တွေမှာတော့ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေ ပြုလုပ်တာ၊ အပြန်အလှန် စကားပြောဆိုဆွေးနွေးတာတွေ စီစဉ်ထားပါတယ်။ အစီအစဉ်နောက်ဆုံးမှာတော့ စိုက်ခင်းထဲကအသီးအနှံတွေကို ကိုယ်တိုင်ခူးယူ၊ ချက်ပြုတ်စားသုံးရတဲ့ကဏ္ဍလည်း ပါဝင်ပါတယ်။
"တစ်ယောက်နဲ့တစ်ယောက် စကားပြောနိုင်တဲ့ လိုအပ်ချက်က လူတိုင်းမှာလိုအပ်နေတာပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာတွေ၊ ငွေရေးကြေးရေးပိုင်းတွေ လိုအပ်သလိုမျိုးပဲ ကိုယ်ကို တကယ်နားလည်ပေးပြီး နားထောင်ပေးမဲ့ နားထောင်ပေးတယ်ဆိုတဲ့ ခံစားချက်အတွေ့အကြုံက လူတိုင်းမှာ လိုအပ်နေတယ်လို့ ဒါကတော့ ကျွန်မ သုံးသပ်တယ်ပေါ့နော်။ တစ်ဖက်မှာလည်း တကယ်လိုအပ်နေတာကိုတွေ့တဲ့အတွက် dialogue သည် အဲဒါကိုအသားပေးတယ်။ dialogue မှာ ကျွန်မတို့က အပြန်အလှန် ငြင်းခုန်ပြီး ပြောတာမဟုတ်ဘူး။ တစ်ယောက်ကိုတစ်ယောက် ဆရာသမားလုပ်ပြီးပြောတာမျိုးမဟုတ်ဘဲနဲ့ သူနဲ့ကိုယ်နဲ့က တကယ်ကို အဖော်ပေါ့နော်။ နားထောင်ပေးတဲ့အဖော်။ သူပြောပြချင်တဲ့အရာကို ဂရုတစိုက်အာရုံစိုက် နားထောင်ပေးတဲ့အဖော်အဖြစ် အတူရှိပေးတယ်ဆိုတဲ့အခြေအနေပေါ့"
"ရုပ်ပိုင်းဆိုင်ရာတွေ၊ ငွေရေးကြေးရေးပိုင်းတွေ လိုအပ်သလိုမျိုးပဲ ကိုယ်ကို တကယ်နားလည်ပေးပြီး နားထောင်ပေးမဲ့ နားထောင်ပေးတယ်ဆိုတဲ့ ခံစားချက်အတွေ့အကြုံက လူတိုင်းမှာ လိုအပ်နေတယ်လို့ ဒါကတော့ ကျွန်မ သုံးသပ်တယ်ပေါ့နော်"
စိုက်ခင်းထဲမှာကုစားခြင်းအစီအစဉ်ဟာ တစ်ပတ်မှာတရက်နဲ့ စုစုပေါင်း လေးပတ် ကြာမြင့်မှာဖြစ်ပြီး ပါဝင်မဲ့ လူဦးရေကိုလည်း ၁၅ ဦးအထိလောက်ပဲ လက်ခံပါတယ်။ ပါဝင်ချင်တဲ့သူတွေက ဟေရမုန် Urban Organic Farm နာမည်နဲ့ဖွင့်ထားတဲ့ facebook ကနေ ဆက်သွယ်ရမှာဖြစ်ပါတယ်။ ဆက်သွယ်လာတဲ့လူတွေကို စစ်တမ်းတစ်ခု ဖြေဆိုစေပြီး ရွေးပါတယ်။
"ဒီအစီအစဉ်မှာ ပါဝင်ဖို့ရန်အတွက်ကတော့ ကျွန်တော်တို့တွေ google form ပေါ့နော်။ သူတို့ရဲ့ စိတ်အခြေအနေကို ကျွန်တော်တို့တွေ ကြိုတင်လေ့လာတဲ့စစ်တမ်းလေး ပို့ပေးတယ်။ သူတို့က အဲဒီမှာ စစ်တမ်းလေးကို ဖြေရပါတယ်။ ဖြေပြီးတဲ့အခါမှ ဒီလူတွေက လိုအပ်တယ်။ ဒီလူတွေက စိတ်ကျန်းမာရေးမှာ အကူအညီအထောက်အပံ့ လိုအပ်တယ်ဆိုတဲ့လူတွေကို ကျွန်တော်တို့တွေက ရွေးချယ်ပါတယ်"
အခုကာလမှာ လူတိုင်းလိုလို စိတ်သောကရောက်နေတတ်တဲ့အတွက် ပါဝင်တဲ့သူတွေအကျိုးရှိတယ်လို့ ဒီအစီအစဉ်မှာပါဝင်နေတဲ့ ဟိုတယ်ဝန်ထမ်း မဖြူနှင်းသက်က ပြောပြပါတယ်။
"လူတိုင်းကလည်း ပါဝင်သင့်တယ်လို့ ညီမထင်တယ်ပေါ့။ ညီမကိုယ်တိုင်က ဘယ်လိုဖြစ်လဲဆိုတော့ ညီမမှာက အလုပ် stress (ဖိစီးမှု) တွေ၊ ပြီးရင် relationship (ချစ်မှုရေးရာ) နဲ့ပတ်သက်တဲ့ stress (ဖိစီးမှု) တွေ၊ break down (စိတ်ဓာတ်ကျ) ဖြစ်တဲ့ ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ ညီမကိုယ်တိုင်က counselling (ကုစား) ယူရတဲ့အထိ ကြုံခဲ့ရတာဆိုတော့။ counselling ယူတာလည်း ညီမအတွက် တစ်စိတ်တစ်ဒေသကောင်းတယ်ဆိုပေမဲ့ ဒီလိုမျိုး community (လူအသိုင်းအဝိုင်းနဲ့) လုပ်တဲ့ဟာမျိုးက effective (အကျိုးရှိ) ဖြစ်တယ်လို့ ခံစားမိလို့ ညီမ ပါဝင်ဖြစ်တာပါ"
ဆက်နွှယ်သောသတင်းများ
စိတ်ဒဏ်ရာနဲ့ ကလေးတွေရဲ့ အနာဂတ် ဘယ်လိုရှိမလဲ
စစ်ဘေးကရတဲ့ စိတ်ဒဏ်ရာတွေ ထင်ဟပ်နေတဲ့ ကလေးတွေရဲ့ ပန်းချီပြိုင်ပွဲ
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အခမ်းအနား မဲဆောက်မှာ ကျင်းပ
ဒီအစီအစဉ်မှာ ပညာရှင်တွေသင်ကြားပေးတာမျိုးမဟုတ်ဘဲ ဘဝတူတွေအချင်းချင်း ဖေမကူညီတဲ့ပုံစံမျိုးနဲ့ လုပ်နေတာဖြစ်ပါတယ်။ ပူးပေါင်းပါဝင်သူတွေအနေနဲ့လည်း အခမဲ့ လာရောက်ပါဝင်ကြတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ဩဂုတ်လကမှ စတင်ခဲ့တာဖြစ်ပြီး အခုက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေထဲမှာ အကြိုက်ဆုံးကတော့ အားလုံးအတူတူ ထမင်းဟင်းချက်ပြုတ်တဲ့ အစီအစဉ်ဖြစ်တယ်လို့ မဖြူနှင်းသက်က ဆိုပါတယ်။
"အခုလိုမျိုးပေါ့ စုစုစည်းစည်းနဲ့ပေါ့နော် ပြောကြဆိုကြတဲ့အချိန်မှာ ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်ပေါ့နော်၊ အဲလိုမျိုးဖြစ်တဲ့အတွက် ညီမကတော့ အမှန်အတိုင်းပြောလို့ရှိရင် ဒီ Program (အစီအစဉ်) မှာ ရှိသမျှအရာတိုင်းကို အကုန်လုံးကြိုက်တယ်။ အကြိုက်ဆုံးကတော့ ညီမတို့ ဒီလိုမျိုး ထမင်းတွေ ချက်စားကြတာ၊ ထမင်းတွေ အတူတူစုစားကြတာ၊ အဲဒါကတော့ အကြိုက်ဆုံးပါပဲ"
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ဆိုးရွားတဲ့ဘက်ကို ရောက်နေတယ်လို့ အမည်မဖော်လိုတဲ့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။ အခုလို အရပ်ဖက်အဖွဲ့အစည်းတွေက ဆောင်ရွက်နေတဲ့ သောကကင်းဝေးနေနိုင်ရေး အစီအစဉ်ကို သူ့အနေနဲ့ ကြိုဆိုတယ်လို့လည်း ပြောပါတယ်။
ဒီအစီအစဉ်ဟာ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့လည်း ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မစနိုးက ယုံကြည်နေပါတယ်။
"မျှော်လင့်တာကတော့ ကျွန်မတို့ ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခုရရင် အချိန်တစ်ခုရောက်ရင် သက်သာသွားသလိုပဲပေါ့နော်။ ကျွန်မတို့ရဲ့ တစ်ပတ်မှာတွေ့ရင် ပထမအပတ်မှာတော့ ဖြစ်နေတဲ့ စိတ်အခြေအနေ နောက်တစ်ကြိမ်တစ်ကြိမ်မှာပိုပြီးတော့ ကိုယ့်ကိုယ်ကို နားလည်လာမယ်၊ ကိုယ်ခံစားချက်တွေကို ပိုသိရှိလာပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမယ်၊ နောက်ပြီးတော့ ကိုယ်ရဲ့အဖော်တွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပိုသိလာမယ်လို့တော့ မျှော်လင့်တာပေါ့နော်။ ပိုသိလာမယ် ပိုခံစားလာရမယ် နောက်ပြီးတော့ လက်တွေ့ပေါ့ စိုက်ပျိုးရေးကို လက်တွေ့လုပ်မယ် စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ exercise တွေကို လက်တွေ့လုပ်ခြင်းအားဖြင့်လည်း အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်ပါတယ်"
မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို အလေးအနက်ထား ဆောင်ရွက်ရမဲ့ အချိန်ကိုရောက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ၂၀၂၂ ခုနှစ်က ထုတ်ပြန်သတိပေးခဲ့ပါတယ်။