စစ်ဘေးဒုက္ခသည်တွေကို စိတ်ဒဏ်ရာကုစားပေးနိုင်ရေး ဆွေးနွေး
2024.12.31

မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်ရှိပြီး ပဋိပက္ခကျယ်ပြန့်လာနေတာ စိုးရိမ်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာ စစ်ဘေးဒုက္ခသည်တွေရောက်ရှိနေပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ကကျင်းပတဲ့ ညီညွတ်ခြင်းနဲ့ စိတ်ခွန်အား ဆိုတဲ့ ခေါင်းစဉ်နဲ့ စိတ်ဒဏ်ရာကုစားပေးရေး စကားဝိုင်းမှာလည်း ပြည်တွင်းက သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေကို တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပါတယ်။
လက်ရှိတော်လှန်ရေး စစ်ရှိန်မြင့်လာချိန်မှာ စစ်တပ်က နေရာအနှံ့ လေယာဉ်ကြောင်းက ဗုံးကြဲနေတဲ့အတွက် စစ်ဘေးဒုက္ခသည်ဦးရေ ပိုများလာတယ်လို့ သြစတြေးလျ ကရင်အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးစောလွင်ဦးက ပြောပါတယ်။
“စကစရဲ့ လေကြောင်းနဲ့ ဗုံးကြဲမှုတွေက စစ်ဘေးရှောင်တွေကို ပိုပြီးတော့ဖန်တီးနေတယ်၊ ဗုံးကြဲမှု တွေရပ်ဖို့က ကျွန်တော်တို့ကိုယ်တိုင်က နိုးဖလိုင်းဇုန် (No fly-zone လေယာဉ်မပျံသန်းရဇုန်) လုပ်မလား၊ ဒါမှမဟုတ် လောင်စာဆီတွေ ဖြတ်တောက်မလား၊ အဲတော့ နိုင်ငံတကာအနေနဲ့ ဖြစ်သင့်တာကတော့ လောင်စာဆီတွေကို ဖြတ်တောက်တာ လုပ်ဖို့ကောင်းတယ်၊ ဒီ ခရိုက်စစ် (Crisis အကျပ်အတည်း) က ကြာလာတဲ့အခါကျတော့ လူတွေက တကယ့်သားကောင်တွေဖြစ်နေတယ်၊ အထူးသဖြင့်တော့ အမျိုးသမီးနဲ့ကလေးငယ်တွေဟာ တကယ့်ကိုသနားစရာ’’
အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတွေက လူသားချင်းစာနာရေး အကူအညီတွေပေးပေမဲ့ စစ်ဘေးဒုက္ခသည်တွေဆီ တိုက်ရိုက်မရောက်တဲ့အတွက် မထိရောက်ဘူးလို့လည်း ဦးစောလွင်ဦးက ထောက်ပြပါတယ်။
အိမ်တွေမီးလောင်ဆုံးရှုံးကုန်လို့ စစ်ဘေးဒုက္ခသည် ပြန်စရာအိမ်မရှိဘဲ လေယာဉ်နဲ့ ဗုံးလာကြဲမဲ့ ဒဏ်နည်းပါးတဲ့ တောတောင်တွေထဲ အခက်အခဲပေါင်းစုံနဲ့ နေထိုင်နေရပေမဲ့ ကြောက်ရွံ့စိုးရိမ်နေရတဲ့ စိတ်ဝေဒနာတွေ ခံစားနေကြရတယ်လို့ ဆိုပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေးမှာ ပါဝင်တဲ့ သမိုင်းသုတေသနဦးစီးဌာန CDM ညွှန်ကြားရေးမှူး ဒေါက်တာထားထားပါကတော့ စစ်အာဏာမသိမ်းခင်က စိတ်ပိုင်းဆိုင်ရာရေးရာက ခုလောက်ခေတ်မစားခဲ့ဖူးဘူးလို့ ပြောပါတယ်။
“ဒီအဖြစ်အပျက်က ကျွန်မတို့က မမျှော်လင့်ဘဲနဲ့ မတရားအာဏာသိမ်းလိုက်လို့ ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့မှာ တချို့အချက်တွေက ကြိုတင်ပြင်ဆင်မှုမရှိဘူး၊ အရင်တုန်းက စိတ်ပိုင်းဆိုင်ရာကိုလည်း ကျွန်မတို့နိုင်ငံမှာ ဒီလောက်လည်း ခေတ်မစားခဲ့ဘူး၊ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်ဖို့ ဒီလိုအခြေအနေတွေဖြစ်နေလို့ ဒီစိတ်ပိုင်းဆိုင်ရာဒုက္ခတွေခံစားနေကြရတာ၊ အဲတော့ ကျွန်မတို့က တစ်ယောက်လက်ကို တစ်ယောက်တွဲပြီးတော့ စစ်အာဏာရှင်အမြစ်ပြုတ်ရေးကိုလည်း ကျွန်မတို့ ကြိုးစားခဲ့ပြီးပြီ၊ အဲဒါပြီးသွားတဲ့အခါမှာ ကျွန်မတို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာလည်း ကျွန်မတို့ရဲ့ ကောင်းမွန်တဲ့စိတ်ဓာတ်တွေကိုပဲ ကျွန်မတို့ မတ်မတ်ရပ်တည်ပြီးတော့ တစ်ဦးနဲ့တစ်ဦး လက်ကမ်းပြီးတော့ ငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ပဲ လျှောက်လှမ်းရမှာ ဖြစ်ပါတယ်ရှင်’’
ဆက်နွှယ်သောသတင်းများ
နိုင်ကျဉ်းတွေရဲ့ လက်လုပ်တူရိယာတွေနဲ့ ဖျော်ဖြေတဲ့ ဂီတပွဲ ကျင်းပ
လက်မှုအနုပညာနဲ့ ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ရေး ကူညီပေးတဲ့သင်တန်း
တေးဂီတပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ချင်းမိုင်မှာ ကျင်းပ
စစ်ဘေးဒုက္ခသည်တွေကို ပစ်မထားစေချင်ဘူးလို့လည်း နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစိန်လွင်ကလည်း ပြောပါတယ်။
“အခုအချိန်မှာ စစ်ရေးအရှိန်ကမြင့်လာလေ ဒုက္ခသည်နဲ့စစ်ဘေးရှောင်တွေက ပိုတိုးလာလေပဲပေါ့နော်၊ ယူအန်အိုချာရဲ့စာရင်းအရ ၁၃ သန်းဆိုပေမယ့် မြေပြင်မှာ အဲ့ထက်မကပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ပြေးနေရတဲ့သူက အဲလောက်တွက်ပေမယ့် မပြေးရတဲ့သူတွေကအစ နေ့စဉ်နဲ့အမျှ အချိန် ပြည့်စိုးရိမ်ထိတ်လန့်နေကြရတယ်၊ ဒီ အန်ယူဂျီရော ပြည်ပအဖွဲ့အစည်းတွေရော ကျွန်တော်တို့ ဒီလို စိတ်ဒဏ်ရာ အမျိုးမျိုးရနေတဲ့ ပြည်သူတွေ အငတ်ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေ အကုန်လုံးကို ပစ်မထားဘဲနဲ့ အမြဲတန်းပေါ့ သူတို့အတွက် ဘာလုပ်ပေးရင်ကောင်းမလဲဆိုတဲ့ အကြံဉာဏ်တွေ ထုတ်ပေးနေပြီး ကူညီပေးကြဖို့ မျှော်လင့်ပါတယ်’’
စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့ ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။