ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့်မွေးနေ့ အကျပ်အတည်းကြားက နိုင်ငံတစ်ဝန်းကျင်းပ

ဖမ်းဆီးခံထားရတဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက် ဒီကနေ့မှာ အသက် ၇၇ နှစ် ပြည့်ခဲ့ပါပြီ။
အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေပေမယ့် နိုင်ငံတစ်ဝန်း က ပြည်သူတွေဟာ ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်ပွဲကို အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အာဏာရှင်တွေ လက်အောက်က လွတ်မြောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သူဖြစ်ပြီး သူ့ရဲ့ ယုံကြည်ချက်၊ အနစ်အနာခံနိုင်မှုတွေကြောင့် လေးစားမှုရနေကြရတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီ သမ္မတ ဒူးဝါလရှီးလက အဲဒီအခမ်းအနားမှာ ပြောကြားခဲ့တယ်။
"လူတစ်ယောက်မွေးဖွားလာတာထက် ထူးခြားပါတယ်။ သူက အင်မတန်ထူးခြားတဲ့ အရည်အချင်းရှိတဲ့ လူသားတစ်ယောက် မွေးဖွားလာတဲ့နေ့ဖြစ်ပေမယ့် တစ်ဖက်မှာ သူ့ရဲ့လွတ်လပ်ခွင့် အခွင့်အရေး ဘာမှမရှိပေမဲ့ ၇၇ နှစ်အထိ ကုန်လွန်ခဲ့တာကလည်း ဝမ်းနည်းစရာ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ကျနော်တို့ ခေါင်းဆောင်ကြီးများရဲ့ လူတွေရဲ့ လေးစားမှု၊ ဘာကြောင့်မို့လို့ ချစ်ခင်လဲဆိုတာမှာ အတိုင်းအတာ ရှိပါတယ်။ အဲဒီအတိုင်းအတာကတော့ သူ့ရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ နိုင်ငံအတွက် စွန့်လွှတ် အနစ်အနာခံမှု၊ ပြည်သူလူထုကို ချစ်ခင်လေးစားမှုစတဲ့ ပေတံနဲ့ တိုင်းတာပြီးတော့ လေးစားကြရတာ ဖြစ်ပါတယ်"
ရန်ကုန်မြို့မှာလည်း ဒီနေ့ မနက်အစောပိုင်းက ‘ ဦးအောင်ဆန်းသမီး ကျန်းမာပါစေ ’ ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး လူငယ်တချို့ ပြောက်ကျားဆန္ဒပြခဲ့ကြပါတယ်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ပြည်သူနဲ့အတူ ဖြတ်သန်းရတဲ့ မွေးနေ့ပွဲရှိသလို အထီးကျန်စွာနဲ့ နေအိမ်အကျယ်ချုပ်မှာ ပဲ ဖြတ်သန်းရတဲ့ မွေးနေ့ပွဲလည်း ရှိတယ်။ အခုနွေဦးတော်လှန်ရေးကာလမှာဆိုရင် လည်း အကျဉ်းချခံထားရပြီးတော့မှ မွေးနေ့တွေ၊ တခြား နေ့ထူးနေ့မြတ်တွေကို ထောင် ထဲမှာပဲ ဖြတ်သန်းနေရတဲ့ ရဲဘော်တွေများစွာ ရှိနေပါတယ်။ ဒါက ကျနော်တို့က ဒီလူတွေအတွက်ကို လွတ်မြောက်ဖို့ ပြင်ပမှာရှိတဲ့ လွတ်မြောက်နေတဲ့ ကျနော်တို့တွေ ကတော့ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်တယ်"
မန္တလေးမြို့မှာတော့ မဟာမုနိဘုရားအနီးနဲ့ ပြောက်ကျားဆန္ဒပြလေ့ရှိတဲ့နေရာတွေမှာ စစ်ကောင်စီ တပ် တွေက ဒီကနေ့ လုံခြုံရေးတင်းကျပ်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို လုံခြုံရေးတွေ တင်းကျပ်ထားလို့ ဒီကနေ့ လမ်းမပေါ်ထွက် ဆန္ဒပြလို့မရပေမယ့် ဇွန်လ ၁၈ ရက် မနေ့ကတည်းကစလို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ရတဲ့နည်းနဲ့ လုပ်ခဲ့တယ်လို့ မန္တလေးမြို့ သပိတ်အင်အားစုအဖွဲ့ဝင် တစ်ဦးကလည်း ပြောပါတယ်။
"မန္တလေးသပိတ်အဖွဲ့တွေက ဒီလိုနေ့မှာ လမ်းပေါ်ထွက်လို့မရအောင် အင်အား အလုံးအရင်းနဲ့ လုံခြုံရေး ချထားတာလည်းရှိတော့ ကြိုလုပ်လိုက်ပြီးလမ်းပေါ်ထွက်တယ်။ ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင် လက်အောက်မှာ ရှိနေပေမဲ့လည်း နိုင်ငံ ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ရယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ အခုလို လုပ်ခဲ့တာပါ"
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ သစ်ပင် စိုက်တာ၊ ဘုရားစေတီတွေမှာ သွားရောက်ဆုတောင်းတာတွေလည်း လုပ်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာလည်း ဒီနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဆန္ဒပြလှုပ်ရှားခဲ့တယ်လို့ သပိတ်တာဝန်ခံ တစ်ဦးက ပြောပါတယ်။
"လောင်းလုံဘက်ခြမ်းမှာ သပိတ်ဖွဲ့တာတော့ ရှိတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆိုပြီးတော့။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းကျခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အတူတူရှိတယ်ဆိုတာ။ ကျနော်တို့ အကျဉ်းကျခံရသူတွေပဲ မဟုတ်ဘဲ တစ်တိုင်းပြည်လုံးက အကျဉ်းကျနေတယ်ဆိုတာကို ကျနော်တို့က လူထု သိအောင်၊ ဒီလူတွေကလည်း အာဏာရှင်ကို တော်လှန်တဲ့သူတွေချည်းဆိုတာပြဖို့ကို သပိတ်လုပ်ဖြစ်တာပါ"
ဒါ့အပြင် ထားဝယ်မြို့ပေါ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေကို ဖြန့်ဝေ ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို စာရွက်တွေ ဖြန့်ဝေခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားတွေဟာ အဲဒီနေရာတစ်ဝိုက်မှာ အစစ်အဆေးတွေရှိနေတယ်လို့ တပ်ပေါင်းစု သပိတ်ကော်မတီ ထားဝယ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်တိုင်းထဲက ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာလည်း လက်ရှိ စစ်ရေးအခြေအနေ တင်းမာ နေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲတွေ လုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီမှာက သုံးလေးရက်လောက်ရှိပြီ။ ကောင်းဆင့် အရှေ့ဘက် ငါးကန်နားနဲ့ ဖိုလ်ဝင်တောင် လမ်းခွဲနားမှာ တိုက်ပွဲဖြစ်နေတာ၊ အခုလည်း ဝမ်ပေါင်နားမှာ စစ်သား တွေ ခြေရှုပ်နေတယ်။ အဲဒါကြောင့် ထွက်ဖို့ ခက်ခဲနေတာ၊ ရှိတဲ့အင်အားနဲ့ ရအောင် ထွက်မှာပါ။ အကျဉ်းသားတွေနဲ့ တစ်သားတည်းရှိကြောင်း၊ ကျွန်တော်တို့က အကျယ်ထောင်မှာ၊ ခေါင်းဆောင်တစ်ဦးထဲ လွတ်မြောက်ဖို့မဟုတ်ဘူး၊ အကျဉ်းသား အားလုံး လွတ်မြောက်ဖို့ ဆန္ဒပြမှာ"
စစ်ကိုင်းတိုင်း၊ မုံရွာ၊ ဘုတလင်၊ ရွှေဘို၊ တမူး၊ ကချင်ပြည်နယ် ဖားကန့် စတဲ့ ဒေသတွေ မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။
"ခေါင်းဆောင်တစ်ဦးထဲ လွတ်မြောက်ဖို့မဟုတ်ဘူး၊ အကျဉ်းသား အားလုံး လွတ်မြောက်ဖို့ ဆန္ဒပြမှာ"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝန်း ပြောက်ကျားသပိတ် တွေ ရှိခဲ့သလို အင်တာနက် အွန်လိုင်းစာမျက်နှာတွေပေါ်မှာလည်း မွေးနေ့ဆုတောင်းတွေ ရေးသားခဲ့ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်ဖြစ်တဲ့ Freedom From Fear (ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း) ဆိုတဲ့အတိုင်း အကြောက်တရားကင်းကင်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြဖို့ ဒီမိုကရေစီလိုလားသူတွေက တိုက်တွန်း ထားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှာ မြန်မာ့နိုင်ငံရေး လောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီးနောက် ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ကြိမ် ထပ်မံဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၁ဝဝ ကျော်ထိ ချနိုင်တဲ့ စွပ်စွဲချက် အမှုပေါင်း ၁၉ မှုနဲ့ ရင်ဆိုင် နေရပါတယ်။