ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး CSSU ကြေညာစာတမ်းထုတ်ပြန်

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.02.08
ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး CSSU ကြေညာစာတမ်းထုတ်ပြန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်သားတစ်ဦးကို တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ Committee for Shan State Unity (CSSU) ရဲ့ထုတ်ပြန်ချက်မှာ ခေတ်အဆက်ဆက် မြန်မာပြည် အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေ ပင်လုံစာချုပ်ကို လေးစားလိုက်နာခြင်း မရှိတဲ့အတွက် အာဏာရှင် စနစ်အောက်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရကြောင်း၊ လက်ရှိကြေကွဲစရာတွေ ပပျောက်ပြီး နိုင်ငံသစ် ထူထောင်ရေးအတွက် အားလုံးလက်တွဲကြရမှာ ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ရှမ်းပြည်သားအချင်းချင်း သင့်မြတ်မှုကနေ ပြည်ထောင်စု တစ်ခုလုံး ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှအခွင့်အရေး ရရှိရေးကို သူတို့ ရည်မှန်းတယ်လို့ ပြောပါတယ်။

“ဒီနေ့တိုင်းပြည်က ငြိမ်းချမ်းရေးတွေ ပျောက်ဆုံးနေပြီး ဓမ္မနဲ့အဓမ္မကို ခွဲခွဲခြားခြားလုပ်ဖို့ အချိန်တန်ပြီလို့ ကျနော်တို့ နားလည်တယ်။ လွတ်လပ်ရေး ရပြီးကတည်းက ဒီနေ့အချိန်အထိ ငြိမ်းချမ်းမှုနဲ့ တန်းတူညီမျှမှု လုံးဝပျောက်ဆုံးခဲ့တယ်။ အဲဒါတွေ ပြန်ရဖို့ဆိုရင် ပထမ ယုံကြည်မှုတွေ ပြန်တည်ဆောက်ရမယ်။ တန်းတူညီမျှမှုကို ဖော်ဆောင်ပြီးတော့မှ အဓမ္မကို ဝိုင်းဝန်းတိုက်ထုတ်ကြဖို့ လိုအပ်တယ်။ ကျနော်တို့မှာ ရှမ်းအချင်းချင်း တိုက်နေတာလည်း ရှိတယ်။ နောက် ရှမ်းပြည်သားချင်း တိုက်နေခိုက်နေတာလည်း ရှိတယ်။ အဲဒါအပြင် ကျနော်တို့က စစ်အာဏာရှင်နဲ့ လူမျိုးကြီးဝါဒကိုလည်း တိုက်နေရတယ်။ အဲဒါတွေကို တချိန်တည်း တပြိုင်တည်း ဖြေရှင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှမ်းပြည်သား အချင်းချင်း တိုက်နေတဲ့ကိစ္စ ရှမ်းတိုင်းရင်းသားအချင်းချင်း တိုက်နေတဲ့ကိစ္စကို ဖြေရှင်းနေရင်းနဲ့ ပြည်ထောင်စုအတွက် တစ်ထောင့်တစ်နေရာကနေ ကျနော်တို့ စည်းလုံးညီညွတ်မှုကို တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်”

ကရင်ပြည်နယ်ရှိ PDF အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကိုဇေယျာလွင် ကတော့ CSSU ကြေညာချက်ကို ကြိုဆိုတယ်။ ဒါပေမယ့် လက်ရှိ တော်လှန်ရေးမှာ ရှမ်းပြည်က အင်အားကြီးအဖွဲ့တွေ ပါဝင်လာရင် အောင်ပွဲမြန်မြန်ရမယ်လို့ ဝေဖန်ပါတယ်။

“ကျနော် နားလည်လိုက်တာတော့ သေချာတယ်။ ဒါသည် စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ထုတ်ဖို့ ပြောချင်တာဖြစ်တယ်။ ရှမ်းပြည်နယ်မှာ အင်အားကြီးအဖွဲ့ နှစ်ဖွဲ့ပေါ့နော်။ အဲဒီ ၂ ဖွဲ့လုံးအနေနဲ့ တခြားပြည်နယ်နဲ့ တိုင်းမှာ စစ်ကောင်စီကို တော်လှန်နေကြတဲ့ လက်နက်ကိုင်တွေ နည်းတူ ပါဝင်လာနိုင်ရင် ကျနော်တို့ တော်လှန်ရေးရဲ့ ရုပ်လုံးက ပိုပြီး ကြွလာမယ်။ ကျနော်တို့ ရှမ်းပြည်နယ်သူ ပြည်နယ်သားတွေ အားလုံး လိုချင်နေတဲ့ ဖက်ဒရယ်ကို ပိုပြီး မြန်မြန်ဆန်ဆန် ရောက်နိုင်မယ်။ အဲဒါကြောင့် စစ်ကောင်စီကို တော်လှန်ရာမှာ ပါဝင်ပေးကြပါလို့ ကျနော် တိုက်တွန်းပါတယ်”

NUG အစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် ရှမ်းပြည်နယ်က ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍအရေးကြီးတယ်လို့ ပြောပါတယ်။

“ရှမ်းပြည်ညီညွတ်ရေး ကော်မတီက ထုတ်ပြန်ချက်ကို တွေ့ရတော့ ကျနော့်အနေနဲ့ အများကြီး ဝမ်းသာမိတယ်။ ဂုဏ်လဲ ဂုဏ်ယူတယ်။ ကြိုလဲ ကြိုဆိုပါတယ်။ သူတို့ရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းဆိုတဲ့ ပေါ်လစီက ကျနော်တို့ ပြည်ထောင်စုတဝန်းလုံးမှာလည်း လိုအပ်သလို ပြည်နယ်တစ်ခုချင်းစီမှာလည်း လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်။ ပြီးတော့ ကျနော်တို့ ပြည်ထောင်စုကို စပြီး ထူထောင်ကတည်းက ရှမ်းပြည်က တကယ့်အဓိက အခန်းကဏ္ဍမှာပါတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ အမှန်စင်စစ် ရှမ်းပြည်သာ ကျနော်တို့ ပြည်ထောင်စု ထူထောင်ရေးမှာ ဦးဆောင်မှု မပေးခဲ့ဘူးဆိုရင် အခုကျနော်တို့ရဲ့ ပြည်ထောင်စုပုံစံ ဖြစ်ချင်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုတုန်းက လန်ဒန်ဆွေးနွေးပွဲမှာ ရှမ်းစော်ဘွားတွေရဲ့ ကြေးနန်းစာက ရှင်းရှင်းပြောရရင် ကျနော်တို့ ချင်း၊ ကချင်နဲ့ ရှမ်းတွေရဲ့ အနာဂတ်ကံကြမ္မာကို ကယ်တင်နိုင်ခဲ့တယ်လို့ ကျနော် မြင်ပါတယ်။ ပြည်ထောင်စုကြီး ထူထောင်ဖို့အတွက် ရှမ်းပြည်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို ကျနော် လေးစား တန်ဖိုးထားတဲ့ အကြောင်း ပြောချင်ပါတယ်။ အခုအချိန်မှာလည်းပဲ ရှမ်းပြည်တွင်း ညီညွတ်ရေးက တဆင့်ပေါ့လေ။ ပြည်ထောင်စုကြီးကို အတူတကွ ထူထောင်တဲ့ နေရာမှာ၊ စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်တဲ့နေရာမှာ တတပ်တအား ဖြစ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ရှမ်းပြည်သူ ပြည်သားအားလုံး ကျနော်တို့ အရေးတော်ပုံကြီးမှာ လက်တွဲကြရအောင်လို့ ကျနော် တိုက်တွန်းချင်ပါတယ်”

ဦးစိုင်းလိတ်က အာဏာရှင်စနစ် အပြီးအပိုင်ဖျက်သိမ်းရေးဟာ မြန်မာပြည်သားအားလုံးရဲ့ ဘုံရည်မှန်းချက်ပဲလို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့အချင်းချင်း ညီညွတ်ဖို့၊ နောက်တဆင့် လူမှုအဖွဲ့အစည်းတွေ လူထုအခြေပြုအဖွဲ့အစည်းတွေ နိုင်ငံရေး ပါတီတွေ ကြားထဲမှာရော ငြိမ်းချမ်းရေးဆိုင်ရာ စုပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်၊ တောင်ပေါ်သားတွေနဲ့ မြေပြန့်သားတွေ အားလုံး တသံတည်း ထွက်လာကြတာက အခုကာလမှာမှ ပိုပြီး ပီပြင်လာတာပါ။ အခုတော့ ကျနော်တို့ တောင်ပေါ် မြေပြန့် မခွဲတော့ဘူး၊ ဒါပေမဲ့ ဓမ္မ နဲ့ အဓမ္မကိုတော့ သေချာခွဲခြားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာက အာဏာရှင်စနစ်အောက်မှာ ဘယ်လိုမှ မပေါ်ထွန်းနိုင်ဘူး။ တချိန်တည်းတပြိုင်တည်းမှာ စစ်အာဏာရှင်စနစ်အောက်မှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လို့ မရဘူး။ ဒီပေါ်မှာ အားလုံးက ရှင်းရှင်းလင်းလင်းသိမြင်ပြီးတော့ ဓမ္မဘက်က ဝိုင်းဝန်းရပ်တည်ဖို့ လိုအပ်တယ်ဆိုတာ အနှစ်ချုပ်ပြောချင်ပါတယ်”

အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းနေချိန်မှာ ရှမ်းပြည်ညီညွတ်ရေးကော်မတီက အခုလို ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်လုပ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-02-08 21:08

This time for all nation to united and fight for freedom and democracy.