ဒေါ်အောင်ဆန်းစုကြည်နဲ့ထိုင်းဝန်ကြီး တွေ့ဆုံမှု တော်လှန်ရေးကို မထိခိုက်ဟု ပြော

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.07.13
ဒေါ်အောင်ဆန်းစုကြည်နဲ့ထိုင်းဝန်ကြီး တွေ့ဆုံမှု တော်လှန်ရေးကို မထိခိုက်ဟု ပြော ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
AFP

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇူလိုင်လ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က အာဆီယံအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း ပြောဆိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းမီဒီယာကို ပြောဆိုခဲ့ပါတယ်။

အခုလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးရုံနဲ့ တော်လှန်ရေးဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ KIO/ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“အဲဒါလည်း ကျွန်တော်ကတော့ သုံးသပ်ပြီးမှ ပြောလို့တော့ အဆင်မပြေဘူးခင်ဗျ။ အဲဒါကိစ္စနဲ့တော့ ကျွန်တော်တို့တော်လှန်ရေးတွေကတော့ သိပ်ပြီးမှ ပြောင်းလဲမယ်တော့ မထင်ပါဘူး”

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကို အနိုင်ပေးချင်တဲ့ ပုံစံမျိုး လုပ်ဆောင်နေတာဟာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ MRDA မြန်မာ့တော်ဝင်နဂါးတပ်တော် တည်ထောင်သူ ဗိုလ်နဂါးက ပြောပါတယ်။

“ပတ်ဝန်းကျင်နိုင်ငံတွေအနေနဲ့လည်း ကျွန်တော်ကတော့ ရှင်းရှင်းလေးပြောရရင် နိုင်ငံရေးမှာ ရိုးသားကြဖို့ပါပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေအပေါ်မှာ မိတ်ဆွေကောင်းအဖြစ်နဲ့ မျှော်လင့်ထားပေမယ့်လို့ ကျွန်တော်တို့ ပြည်သူတွေအတွက် လုံးဝကိုပဲ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုဘက်ကနေပြီးတော့ ကာဗာပေးပြီးတော့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ဝင်ဝင်လာတာမျိုးတော့ ကျွန်တော်တို့အနေနဲ့ မဖြစ်စေချင်ဘူး။ ဒါကလည်း ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်အဖြစ်နဲ့ ကျွန်တော်တို့ မြင်တယ်။ ရှင်းရှင်းပြောရရင်တော့ ဒီတိုင်းပြည်က ဒီစစ်တပ်အုပ်ချုပ်နေလို့ရှိရင် သူတို့ထင်ရာစိုင်းလို့ရနေတဲ့ နေရာတစ်ခု သူတို့ကျွန်တော်တို့ကို သားကောင်တွေလိုမြင်ပြီးတော့ ပြည်သူနဲ့ဒီအုပ်စုနဲ့ ယှဉ်ပြိုင်နေရတဲ့ ဒီအရေးမှာ ပြည်သူနိုင်သွားခဲ့ရင် သူတို့အတွက် အခွင့်အရေးတွေဆုံးရှုံးမှာပေါ့။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သယံဇာတပဲဖြစ်ဖြစ် နောက်ဆုံးအဆင့်ဗျာ ကျွန်ဖြစ်တော့ လွယ်လွယ်ရနေတဲ့ နိုင်ငံလိုဖြစ်နေတဲ့အတွက် ဒီအားပြိုင်ပွဲမှာ ပြည်သူကို အရှုံးပေးပြီးတော့ စစ်အုပ်စုကို အနိုင်ပေးချင်တာမျိုးကတော့ ဂုဏ်သိက္ခာမဲ့တဲ့ အနေအထားတွေပေါ့။ ဒီအုပ်စုဘက်က အသာပေးပြီး ဆွေးနွေးနေမယ်ဆိုရင်တော့ ဒါကအောက်တန်းကျတဲ့ စိတ်ဓာတ်နဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေလို့ အဲလိုပဲ ခပ်ကြမ်းကြမ်းပြောချင်တယ်”

ဆွေးနွေးမယ်ဆိုရင်တောင် စစ်ကောင်စီအနေနဲ့ ခေတ်အဆက်ဆက်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအပေါ် တာဝန်ခံရမှာဖြစ်သလို နိုင်ငံရေးထဲက ထွက်ခွာမယ်ဆိုတဲ့ အချက်တွေပါဝင်မှသာ ဆွေးနွေးနိုင်မှာဖြစ်ပြီး ဒီအချက်တွေ မပါရင်တော့ စစ်တပ်ကို အပြုတ်တိုက်လမ်းကြောင်းအတိုင်းပဲ ဖြစ်မယ်လို့ သူကဆိုပါတယ်။ 

စစ်အာဏာရှင်တွေကို လက်နက်ကိုင်ဆန့်ကျင်နေတာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘူးလို့ 96 Soldier ဦးဆောင်သူ ကိုဇေယျာလွင်က ပြောပါတယ်။

“သူဟာနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်တယ်။ လူထုခေါင်းဆောင်ဖြစ်တယ်ပေါ့နော်။ သူ့ရဲ့သဘောထားက စစ်အာဏာရှင်တွေကို အရှုံးမပေးတဲ့ သဘောထား ဖြစ်မယ်လို့ ကျွန်တော်နားလည်တယ်။ လုပ်နည်းလုပ်ဟန် ကွဲပြားတာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်ဗျာ စစ်အာဏာရှင်တွေကို သဘောထား တစ်ထပ်တည်းမကျတဲ့ ပုံစံမျိုးနဲ့ ပြည်သူလူထုကို ထင်ဟပ်တဲ့ သဘောထားပုံစံမျိုးနဲ့သာလျှင် လူထုဘက်က ရပ်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်ရမယ့် အခြေအနေမျိုးဖြစ်လိမ့်မယ်ပေါ့နော်။ လူတစ်ဦးရဲ့ ဆုံးဖြတ်ချက်ကြောင့်၊ သဘောထားတစ်ခုတည်းကြောင့် လက်ထဲမှာ ရှိနေတဲ့ လက်နက်တွေကို စွန့်ပြီးတော့မှ စစ်အာဏာရှင်ကို ရင်ဆိုင် မတိုက်တော့ဘဲနဲ့ ကျောခိုင်းသွားမယ့်သူတွေ မရှိဘူးလို့ ကျွန်တော်ယုံကြည်တယ်။ အခုလက်နက်ကိုင်ထားတဲ့သူတွေ စစ်အာဏာရှင်ကို လက်သုံးချောင်းထောင်ထားတဲ့သူတွေ အားလုံးဟာ လူတစ်ဦးတစ်ယောက်ရဲ့ စကားကြောင့် စစ်အာဏာရှင်ကို တိုက်ခိုက်နေတာကနေ ကျောခိုင်းပြီးတော့ လှည့်ပြန်သွားမယ့်လူတွေ မဟုတ်ဘူးလို့ပဲ ကျွန်တော်ယုံကြည်တယ်။”

image (6).jpg
၂ဝ၁၆ ခုနှစ် မေလ ၉ ရက်နေ့က နေပြည်တော်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (Photo: AFP)

Lion Battalion Commando ဗျူဟာစစ်ကြောင်းရဲ့ ရှေ့တန်းပြန်ကြားရေးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဒီပါကလည်း ထိုင်းဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတယ်ဆိုတဲ့ သတင်းကြောင့် လက်ရှိ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်ရေးကို ထိခိုက်မှာမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေရုံနဲ့လည်း တော်လှန်ရေးပြီးသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“စစ်ခေါင်းဆောင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချလဲ မသိပေမယ့် သူတို့ရဲ့ထွက်ပေါက်ဖြစ်တဲ့ အားကိုးရာ တစ်ခုပေါ့ ကောက်ရိုးတစ်မျှင်ဖြစ်တဲ့ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးစကားပြောတယ် ပြောပြီးသွားတဲ့ အချိန်မှာ သူတို့က နောက်တစ်ကြိမ် ထိုင်းအာဏာပိုင်တွေက လာတွေ့တယ်ဆိုတာ ညှိနှိုင်းဖို့အတွက်ကို သူတို့ လမ်းစရှာတယ်ပေါ့နော် ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ကတော့ ကျွန်တော်သည် တော်လှန်ရေးလုပ်ခဲ့တဲ့ သက်တမ်းနှစ်နှစ်ကျော်ကာလမှာ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်အတွက် တိုက်ခိုက်နေတာလည်း မဟုတ်သလို မည်သူတစ်ဦးတစ်ယောက်ကြောင့်မှလည်း တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူလူထု လိုချင်နေတဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ကျွန်တော်တို့ ပြည်သူလက်ထဲကို ပြန်လည်ပြီးတော့ ရယူပေးနိုင်ဖို့အတွက် ကျွန်တော်တို့ဒီစစ်အာဏာရှင်တွေကို တိုက်ထုတ်နေတာ ဖြစ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းလို့ ဒီတော်လှန်ရေးကြီးကလည်း ပြီးမသွားပါဘူး။”

ဒီအတောအတွင်း စစ်ကောင်စီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီ းတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံသတင်းမီဒီယာတွေမှာ မနေ့က ပြောကြားခဲ့ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကတော့ စစ်ကောင်စီဟာ သူတို့ပိုင် မီဒီယာတွေအပြင် တခြားသူတို့ နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းလို့ရတဲ့ ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကိုပါ အသုံးပြုပြီး စစ်အာဏာရှင်တော်လှန်ရေး ပျက်ပြားအောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။