ရွေးကောက်ပွဲကာလမှာ ပြည်တွင်းစစ်မီး ပိုကြီးလာနိုင်ကြောင်း လေ့လာသူတွေပြော

RFA Burmese
2023.02.22
ရွေးကောက်ပွဲကာလမှာ ပြည်တွင်းစစ်မီး ပိုကြီးလာနိုင်ကြောင်း လေ့လာသူတွေပြော လားရှိုးမြို့ပေါ်က မဲရုံတစ်ရုံမှာ မဲရေတွက်နေသည်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
RFA

စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်းထပ်တိုးပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင် နေပေမယ့် ဒီရွေးကောက်ပွဲကို သာမန်ပြည်သူတွေရော လက်နက်ကိုင်အင်အားစုတွေကပါ လက်မခံတာကြောင့် ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေမှာပါ ပြည်တွင်းစစ်မီး ပိုကြီးလာလိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ အာဏာသိမ်းသက်တမ်း နှစ်နှစ်ပြည့်ခဲ့တဲ့ စစ်ကောင်စီက တိုင်းပြည်ဟာ ပုံမှန်အခြေအနေမှာ ရှိမနေဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို ဖေဖော်ဝါရီ ၁ ရက်နေ့က စလို့ နောက်ခြောက်လ ထပ်တိုးထားတာပါ။

"ကျနော်တို့ဘက်ကတော့ စစ်အာဏာရှင်စနစ်ပဲဖြစ်ဖြစ် ဘယ်အာဏာရှင်စနစ်ပဲ ဖြစ်ဖြစ် ဆက်ပြီး တိုက်ပွဲဝင်မှာပဲ၊ သူရွေးကောက်ပွဲ လုပ်တာဖြစ်ဖြစ် မလုပ်တာဖြစ်ဖြစ် ဒါကတစ်ပိုင်းပေါ့"

ဒီလိုသက်တမ်း တိုးလိုက်တာကြောင့် ၂၀၂၃ ဩဂုတ်လထဲမှာ‌ လုပ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဘယ်အချိန်လုပ်မယ်ဆိုတာကို အတိအကျ မသိနိုင်သေးပါဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံတစ်ဝန်း လူဦးရေစာရင်းကောက်ယူပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က KIA ထိန်းချုပ်ရာနယ်မြေတွေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ဖို့ လုံးဝ ခွင့်မပြုဘူးလို့ ၂၀၂၃ နှစ်သစ်မိန့်ခွန်းမှာ ထုတ်ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲလုပ်နေချိန်ရော နောက်ပိုင်းမှာပါ စစ်ရေးအခြေအနေ ပိုပြင်းထန်လာနိုင်တယ် လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို ပြောပါတယ်။

"စစ်ကောင်စီဘက်က လုပ်မယ့်ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ ပြောထားပါတယ်။ သူ့ရဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် လုပ်ချင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ နောက်ကျနော်တို့ KIOနဲ့ NUG အနေနဲ့ လည်း ၂၀၀၈ အခြေခံဥပဒေတွေကို မလိုလားဘူး၊ ကျနော်တို့က မကြိုက်ဘူးလို့ ကြေညာပြီးသား ဖြစ်ပါတယ်။ သူက ၂၀၀၈ အခြေခံ ဥပဒေကို ပြန်ပြီးတော့မှ ကျင့်သုံးဖို့အတွက်လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်နေတယ်။ သူလုပ်တဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြဿနာကပိုပြီး ရှိလာနိုင်ပါတယ်။ သူ ရွေးကောက်ပွဲ လုပ်နေတဲ့ ဒေသတော်တော် များများမှာ စစ်ရေးပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်"

ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ (KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တွေအကြား ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၁၁၂၅ ကြိမ် ဖြစ်ခဲ့တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

နောက်ထပ် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး ကလည်း လာမယ့်ကာလ တွေမှာ စစ်ကောင်စီနဲ့ (KNU) အကြား အကောင်းထက် ဆိုးတဲ့ကိစ္စတွေသာ ပိုများလာနိုင် တယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ဘက်ကတော့ စစ်အာဏာရှင်စနစ်ပဲဖြစ်ဖြစ် ဘယ်အာဏာရှင်စနစ်ပဲ ဖြစ်ဖြစ် ဆက်ပြီး တိုက်ပွဲဝင်မှာပဲ၊ သူရွေးကောက်ပွဲ လုပ်တာဖြစ်ဖြစ် မလုပ်တာ ဖြစ်ဖြစ် ဒါကတစ်ပိုင်းပေါ့။ ကျနော်တို့ ဆုံးဖြတ်ထားတဲ့အတိုင်း ဒါကဆက်လုပ်ရမှာပဲ၊ တိုက်ပွဲတွေ ပိုဖြစ်လာမလား မဖြစ်လာဘူးလားဆိုတာက စစ်အာဏာရှင် ပြုတ်ကျဖို့ တိုက်တဲ့နေရာမှာ စိတ်ကူးယဉ်လို့မရဘူး။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးကို ဘက်ပေါင်းစုံက တိုက်ပွဲဝင်ရမှာပဲ။ ကိုယ့်ကို အသိအမှတ်ပြုဖို့ ဇွတ်အတင်းထလုပ်နေတဲ့ ကိစ္စက ဘာမှတရားမျှတမှု၊ လွတ်လပ်မှု မရှိဘူးလေ၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ကိစ္စက အကောင်းထက် အဆိုးက ပိုများပါတယ်"

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း (KNU) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ရှစ်ထောင်နီးပါး ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

(KNU) ဟာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တော်လှန်ခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးခဲ့ ပါတယ်။ အဲဒီအချိန်ကစလို့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ မသိမ်းခင်အထိ တိုက်ပွဲ ကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်း လိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် ၂၀၂၁ နှောင်းပိုင်းကစလို့ (KNU) ထိန်းချုပ်ရာနယ်မြေတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင်သွားမယ်လို့ (KNU) က အကြိမ်ကြိမ် ထုတ်ပြောထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ကိုယ်လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှခွင့်ကို ရွေးကောက်ပွဲက တစ်ဆင့်သာ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။

knu.jpg
KNU တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: KNU)

"ရွေးကောက်ပွဲကို လက်မခံဘဲ ညှိရင် ဒီထက် ပိုရှုပ်ကုန်လိမ့်မယ်။ အဲဒီအပိုင်းကို သူတို့သဘောပေါက်တယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆင့်ပွားကိစ္စရပ်ကို ရှောင်ရှားလို့ရမယ်။ အဓိကက ရွေးကောက်ပွဲနဲ့ သွားမှာလား ဒီမိုကရေစီလမ်းကြောင်းကို ရွေးမှာလား။ ဒါမှမဟုတ် ဒီမိုကရေစီရဖို့အတွက် လက်နက်ကိုင်ရမယ့် လမ်းကြောင်းကို ရွေးမှာလား။ သေချာတာကတော့ ရွေးကောက်ပွဲကို လက်မခံဘဲ လက်နက်ကိုင်နေသမျှ ကာလပတ်လုံးကတော့ ဒီမိုကရေစီလမ်းကြောင်းရော ဖွံ့ဖြိုးတိုးတတ်ရေးနဲ့ နယ်မြေတည်ငြိမ် အေးချမ်းရေး ရော၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနောက်ထပ် ကိစ္စရပ်တွေ ဘာမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး"

လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆောင်ရွက်ဖို့ စစ်ရေးလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ် ရပ်စဲကြောင်း စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီလိုကြေညာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကို နေပြည်တော်မှာ ဖိတ်ခေါ်ဆွေးနွေးနေပေမယ့် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်နေတဲ့ နိုင်ငံတစ်ဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို ဖိတ်ခေါ်တာမျိုးမရှိဘဲ အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် ကတော့ ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ၂၀၂၃ ကို တော်လှန်ရေး အဆုံးသတ်နှစ်အဖြစ် သတ်မှတ် ထားတာကြောင့် တော်လှန်ရေး အရှိန် အဟုန် ပိုကြီးလာလိမ့်မယ်လို့ ပြောပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရက တစ်နှစ် စီမံချက်ချပြီးတော့ ဒီနှစ်ကို အဆုံးအဖြတ်နှစ် လို့ သတ်မှတ်ထား တယ်။ ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျနော် တို့ ဘာမှ ထည့်စဉ်းစား သွားမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်က မူလစီစဉ်ထားတဲ့ အစီစဉ်အတိုင်းပဲဆောင်ရွက်သွားမှာ၊ အခုဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဆို တပ်ရင်းပေါင်း ၃၀၃ ရင်း ရှိတယ်။ ပကဖတွေဆို မြို့နယ်ပေါင်း ၂၆၀ မှာ ဖွဲ့စည်း ထားပြီးသား၊ နောက်ပြီး ယူဂျီတွေလည်း ရှိတယ်။ Special Force တွေလည်း ပြင်ဆင်ပြီး တော့ မြို့တွေထဲကို ပြန်စိမ့်ဝင် ထားတယ်။ အဲဒီတော့ ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဒီနှစ်ကို တော်လှန်ရေးအတွက် အဖြေကောင်း ထွက်အောင် အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်မှာ ဖြစ်တယ်၊ ဒါကြောင့် ပဋိပက္ခတွေ ပိုများလာမယ်။ ပိုကြီးလာမယ်ဆိုတာ ထက် တော်လှန်ရေးအရှိန်အဟုန်ဟာ ဒီနှစ်မှာ ပိုကြီးလာ မယ်။ တော်လှန်ရေး အတွက် အဆုံးအဖြတ်နှစ်လို့ သတ်မှတ်ထားသလို တစ်ဖက်မှာလည်း တိုင်းရင်သား (EAO)တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ဆွေးနွေးထား ပြီးသား ဖြစ်တယ်"

min aung hlaing.jpg
နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရေးပေါ်ကာလကို သက်တမ်း ထပ်တိုးရုံမက ဖေဖော်ဝါရီ ၂ ရက် နေ့မှာ ချင်း၊ မကွေးနဲ့ စစ်ကိုင်း အပါအဝင် ဒေသ ရှစ်ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး လက်နက်ကိုင် ခုခံသူတွေကို အင်အားသုံး နှိမ်နင်းနေပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိအခြေနေဟာ ပြီးခဲ့တဲ့ နှစ်နှစ်ထက် အခု ၂၀၂၃ ခုနှစ်အတွင်းမှာ ပြည်တွင်းစစ်မီး ပိုကြီး လာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

"အဲဒီလို အခြေအနေအောက်မှာ ဗမာပြည်ရဲ့ စစ်ရေးပဋိပက္ခ အခြေအနေကတော့ မြင့်တတ်လာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ NUG ခေါင်းဆောင်တဲ့ PDF အဖွဲ့တွေ၊ EAO တွေက လည်း ၂၀၂၃ ခုနှစ်မှာ အနိမ့်ဆုံးအားဖြင့် ဗမာပြည်ရဲ့ စစ်ရေးအရှိန်အဟုန် ကို မြှင့်တင်ပြီးတော့ အခြေအနေပြောင်းလဲအောင် ကြိုးပမ်းမယ်လို့ ကြေညာထား တဲ့အောက်မှာ ၂၀၂၁၊ ၂၀၂၂ ထက် ၂၀၂၃ ဟာ ဗမာပြည်ရဲ့ ပြည်တွင်းစစ် အနေအထား ဟာ အရင်ကထက် ပိုမိုဆိုးရွားပြီးတော့ မီးဟုန်းဟုန်းတောက်မယ့် အနေအထားထိ ဦးတည်နေတယ်လို့ သုံးသပ်ပါတယ်"

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် အရေးပေါ်ကာလ သက်တမ်းထပ်တိုးရတာဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောထားပါတယ်။

ပြည်သူအများစုကတော့ ရွေးကောက်ပွဲလုပ်ပြီး အာဏာဆက်ယူဖို့ တစ်ဖက်သတ် ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ ဒီရွေးကောက်ပွဲကို ရအောင်ဖျက်ပြီး အာဏာရှင်စနစ် အဆုံးသတ်ရေးကို ကြိုးပမ်းနေတဲ့ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး အသက်ပေါင်းများစွာ ထပ်မံ ဆုံးရှုံးမှာ၊ အပြစ်မဲ့ ပြည်သူလူထု ထပ်ပြီး အတိဒုက္ခရောက်မှာကို စိုးရိမ်ပူပန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။