ထိုင်းဆွေးနွေးပွဲမှာ ရွေးကောက်ပွဲအစီအစဉ်တွေ စစ်ကောင်စီဝန်ကြီး ဆွေးနွေး
2024.12.19

ထိုင်းအစိုးရ ဦးဆောင်ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက လာမယ့်နှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ပြည်ပက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ဖိတ်ကြားသွားမဲ့အကြောင်းအပါအဝင် သူတို့ရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေက ခေါင်းဆောင်တွေကို ရှင်းပြခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြောပါတယ်။
“လူဦးရေ သန်းခေါင်စာရင်းကောက်ယူတဲ့အခြေအနေ၊ လက်ရှိ နိုင်ငံရေးပါတီ ၅၃ ပါတီက ပါတီ မှတ်ပုံတင်ထားတာနဲ့ ပြည်ပက ရွေးကောက်ပွဲလေ့လာသူတွေကို ဖိတ်ကြားဖို့ ရည်ရွယ်ထားတာတွေကို (စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး) ပြောပြခဲ့ပါတယ် အဲဒီအခြေအနေတွေကို အသေးစိတ်စီစဉ်ပြီးရင် အိမ်နီးချင်းနိုင်ငံတွေကို အကြောင်းကြားသွားမယ်လို့လည်း ပြောပါတယ်”
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က စတင်ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာပါ။
စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေက ၂၀၂၅ မှာကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ်တွေမှာ တိုးတက်မှုတွေရှိတဲ့အကြောင်း ဆွေးနွေးခဲ့ပေမဲ့ ရွေးကောက်ပွဲကျင်းပမဲ့ ရက်အပါအဝင် အသေးစိတ် အချက်အလက်တွေကိုတော့ ထည့်သွင်းဆွေးနွေးတာ မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေအပေါ် အိမ်နီးချင်းနိုင်ငံတွေက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ရှိခဲ့ပြီး ဒီအကျပ်အတည်းကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ နိုင်ငံအားလုံးက လိုလားနေတယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်ထားတဲ့အကြောင်း ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက ပြောပါတယ်။
စစ်တပ်က ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းလိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အတိုက်အခံနိုင်ငံရေးပါတီတွေ မပါဝင်နိုင်တဲ့ အခြေအနေမှာ ၂ဝ၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးတာဟာ မြန်မာပြည် ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်တဲ့အကြောင်း နိုင်ငံတကာကို ထောက်ပြချင်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းဖို့ ကူညီဆောင်ရွက်ပေးတဲ့ နိုင်ငံတွေကို အသိအမှတ်ပြုတယ်၊ ကြိုဆိုတယ်၊ ဒါပေမဲ့ လုပ်ဆောင်ချက်တွေက မြန်မာပြည်သူတွေအတွက် အကျိုးရှိဖို့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် သက်ဆိုင်တဲ့သူတွေအားလုံး ပါဝင်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှသာ အောင်မြင်မယ်ဆိုတာ ပြောချင်တယ်။ အဲ့လိုမဟုတ်ဘဲ တစ်ဘက် အုပ်စုတစ်စုတည်းနဲ့ ဆွေးနွေးဆောင်ရွက်တာက မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်တဲ့အပြင် လုပ်ကိုင်ပေးတဲ့ နိုင်ငံတွေ ကူညီပေးတဲ့နိုင်ငံတွေ အချိန်ကုန် လူပင်ပန်းပြီး နောက်ဆုံးမှာ ဘာမှရလဒ်မှ မရှိဘဲ ပြဿနာကို မဖြေရှင်းနိုင်ဘဲ ပိုပြီးကျယ်ပြန့်လာတာကို မြင်ရမှာဖြစ်ပါတယ် အဘက်ဘက်က ရှုံးနေတဲ့ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာကို နိုင်ငံတကာက သူတို့ကို မထောက်ခံဖို့ ပြောချင်ပါတယ် အဲဒါကို ထောက်ခံကူညီပေးတာဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။ ပိုပြီးရှုပ်ထွေးပြီး အကြမ်းဖက်မှုတွေ ပိုများပြားလာမယ့်အနေအထားတစ်ခုကို တွန်းပို့ပေးသလိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့် စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို အိမ်နီးချင်းနိုင်ငံတွေရော နိုင်ငံတကာကရော ပြတ်ပြတ်သားသားနဲ့ ရှောင်ကြဉ်ဖို့ လိုအပ်တယ်”
ဆက်နွှယ်သော သတင်းများ
မြန်မာ့အရေး အာဆီယံရဲ့ ချဥ်းကပ်ပုံ ပြောင်းသင့်ကြောင်း ဘန်ကောက်ပို့စ် ဖော်ပြ
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိစ္စ ထိုင်း ဆွေးနွေးပွဲမှာ ပါဝင်နိုင်
UWSA တပ်စခန်းတွေကိစ္စ မြန်မာ-ထိုင်း နယ်ခြားကော်မတီ အစည်းအဝေးမှာ ဆွေးနွေးမည်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အသီးသီးပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေပြင်းထန်နေတာ အခုဆိုရင် လေးနှစ်နီးပါး ရှိနေပါပြီ။
ကုလသမဂ္ဂစာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာပြည်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းခွဲလောက် ရှိနေတာပါ။ ရခိုင်၊ ကချင်၊ ရှမ်းအပါအဝင် တစ်နိုင်ငံလုံးအနှံ့မှာ စစ်ကောင်စီ စိုးမိုးနိုင်တဲ့ နယ်မြေတွေလည်း တဖြည်းဖြည်းနည်းနေတာလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကတော့ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃ဝ ရှိတဲ့အထဲက လုံခြုံရေးစိတ်ချရတဲ့ မြို့နယ်ပေါင်း ၁၆၁ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာဖြစ်တယ်လို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို ပြောထားပါတယ်။ စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၅၃ ပါတီရှိပြီး ရွေးကောက်ပွဲကျင်းပမဲ့နေ့ရက်ကို အဲဒီပါတီတွေလည်း အတိအကျမသိကြသေးပါဘူး။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးပွဲကိုတော့ ဒီဇင်ဘာ ၂ဝရက်နေ့မှာ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။