မြန်မာ့အရေး အာဆီယံရဲ့ ချဥ်းကပ်ပုံ ပြောင်းသင့်ကြောင်း ဘန်ကောက်ပို့စ် ဖော်ပြ
2024.12.19

မြန်မာ့အရေးမှာ အာဆီယံရဲ့ ချဥ်းကပ်မှုပုံစံကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဒီဇင်ဘာလ ၁၉ ရက် ဒီနေ့ ဖော်ပြပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ သုတေသီ ရှိန်နာ ဘို့ခနာ (Shayna Bauchner) က မြန်မာ့အရေးမှာ အာဆီယံက တုံ့ဆိုင်းနေကြောင်း ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ အတွေးအမြင် ဆောင်းပါးတစ်ပုဒ်မှာ အခုလို ဝေဖန်ရေးသားထားတာ ဖြစ်ပါတယ်။
မြန်မာ့အရေးမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အာဆီယံက ကတိပြုထားပေမဲ့ ထိုင်းနိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာတော့ အတိုက်အခံ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ကို ဖိတ်ကြားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီဘက်က အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးကို တရားဝင် ထိတွေ့ဆက်ဆံတာဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေဆိုးရွားလာမှုအပေါ် အာဆီယံရဲ့ အငြင်းပွားစရာ တုံ့ပြန်မှုဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
မြန်မာ့အရေးမှာ အာဆီယံရဲ့ ချဉ်းကပ်မှုပုံစံကို ပြင်ဆင်ဖို့လိုအပ်နေပြီး စစ်ကောင်စီဘက်ကို အလေးပေးနေတာကလည်း ဦးတည်ချက် မှားယွင်းနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ အသံနဲ့ ဆန္ဒကို အခြေပြုပြီး ကြိုးပမ်းသင့်တယ်လို့ ဖော်ပြပါတယ်။
ဒီနေ့ ပြုလုပ်နေတဲ့ ထိုင်းနိုင်ငံကဆွေးနွေးပွဲမှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ဆွေးနွေးနေပါတယ်။