မင်းတပ်က ခရစ်ယာန် သင်းထောက်ဆရာသုံးဦး စစ်တပ်ကဖမ်းဆီးပြီး ပျောက်ဆုံးနေ
2023.08.02
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ခရစ်ယာန် သင်းထောက်ဆရာ သုံးဦးဟာ အချိန်နှစ်ပတ်ကျော်ကြာလာတဲ့အထိ ဘာသတင်းအစနမှ မရတော့ဘဲ ပျောက်ဆုံးနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ - ၂၇၄ စစ်ကောင်စီတပ်က မင်းတပ်မြို့ အနောက်ရပ်ကွက် မှာရှိတဲ့ ပရပ်စ်ဘစ်တီရီယန် (Presbyterian) ခရစ်ယာန် ဘုရားကျောင်းဝင်းထဲကနေ ဓမ္မဆရာ ဦးထန်ကေးအွန်နဲ့ သင်းထောက်ဆရာတွေဖြစ်တဲ့ ဦးချိုင်ကေး၊ ဦးဟုန်ချွေနဲ့ ဦးဟုန်ကေး တို့ကို ဖမ်းဆီးသွားတာပါ။
အဲဒီအထဲက ဓမ္မဆရာ ဦးထန်ကေးအွန်ကိုတော့ စစ်ကောင်စီတပ်သားတွေ စစ်ဆေး မေးမြန်းချိန် ရိုက်နှက်ခံရပြီး သတိလစ်သွားတဲ့အတွက် သေဆုံးသွားတယ်အထင်နဲ့ တပ်ရင်းအနီးက မြောင်းထဲပစ်ထားခဲ့ပြီးနောက် သတိ ပြန်လည်လာပြီး ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
"ဘာသာရေးခေါင်းဆောင်တွေ၊ လက်နက်မကိုင်တဲ့ ပြည်သူတွေကို ဘာအကျိုးအကြောင်းမရှိ ဖမ်းဆီးသတ်ဖြတ်တာ မလုပ်သင့်ဘူး"
ဒါပေမဲ့ ကျန်တဲ့ သင်းထောက်ဆရာသုံးဦးကတော့ ဒီနေ့အထိ ပြန်လွတ်လာတာမရှိဘဲ ပျောက်ဆုံးနေတဲ့အတွက် ဇူလိုင်လ ၃၀ ရက်နေ့က မိသားစုက ဝတ်ပြုဆုတောင်းခဲ့ကြ တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပျောက်နေတဲ့မိသားစုတွေအတွက်ပေါ့နော်၊ သူတို့အတွက် ဆုတောင်းပေးတယ်။ အသုဘ ပုံစံနဲ့ ဆုတောင်း ပေးတာ မဟုတ်ဘဲနဲ့ သေသလား၊ ရှင်သလား မသိတဲ့အခါကျ တော့ ကျွန်တော်တို့က မျှော်လင့်ချက် ထားတယ်။ ကျွန်တော်က ခရစ်ယာန်တွေဆိုတော့။ ကျန်းမာစွာနဲ့ ပြန်လာမယ်ဆိုတဲ့ မိသားစုကို နှစ်သိမ့်ပြီးမှ ပြန်လာမယ်၊ ပြန်ရောက်လာ မယ်ဆိုတာကို နှစ်သိမ့်ပြီးမှ ဆုတောင်းပေးတာရှိတယ်။ အဲ့လိုမျိုး အသုဘပုံစံနဲ့ နှစ်သိမ့် ဆုတောင်းတာတော့ မဟုတ်ဘူးဗျ”
ပရပ်စ်ဘစ်တီရီယန် ဘုရားကျောင်းဟာ စစ်ကောင်စီ ခလရ - ၂၇၄ တပ်ရင်းအနီးမှာရှိပြီး ဘုရားကျောင်းထဲမှာ စစ်ကောင်စီက ယာယီဒုက္ခသည်စခန်းဖွင့်ခွင့်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားကျောင်းဝင်းထဲမှာ မော်တော်ဆိုင်ကယ်တွေ များနေတာကြောင့် CDF အဖွဲ့တွေကို ထောက်ပို့လုပ်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီဘာသာရေးဆရာတွေကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဆက်လက်ဖမ်းဆီးခံထားရတဲ့ သင်းထောက်ဆရာသုံးဦးကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးသွားတဲ့ စစ်ကောင်စီ တပ်ရင်းကို ဘာသာရေးခေါင်းဆောင်တွေက ကနဦး သွားရောက်မေးမြန်းရာ မှာ အထဲမှာ စစ်ဆေးနေတယ်လို့ ဖြေကြားခဲ့ကြပေမယ့် နောက်ပိုင်းသွားရောက်မေးမြန်းရာ မှာတော့ မရှိတော့ဘူးဆိုပြီး စစ်ကောင်စီတပ်သားတွေက ပြန်လည်ဖြေကြားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကတော့ သူတို့ ရရှိထား တဲ့ အချက်အလက် တွေအရ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ သင်းထောက်ဆရာ သုံးဦး ဟာ စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ ယူဆကြောင်း RFA ကို ပြောပါတယ်။
“ကျန်ရစ်ခဲ့တဲ့ လူသုံးဦးကို ဘာသာရေးခေါင်းဆောင်တွေကရော မြို့မိမြို့ဖတွေရော သွားမေးတယ်။ စစ်ဆေး မေးမြန်းစရာရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတာလို့ ပြောတယ်။ အဲ့တော့ ၂၄ ရက်နေ့မှာ သူတို့ကို ထပ်သွားမေးခဲ့တယ်။ အဲ့လိုတွေ မသိဘူး၊ မရှိတော့ ဘူးတဲ့။ သူတို့ဖမ်းခေါ်သွားတာ လူတိုင်းမြင်လိုက်တယ်လေ။ ဖမ်းခေါ်သွား တာရော၊ အထဲမှာ နှိပ်စက်တဲ့အသံရော၊ သူတို့ ၂၇၄ တပ်ရင်းနဲ့ အနီးအနား ဝန်းကျင်တွေလည်း ကြားရတယ်လေ။ အဲ့လိုမျိုးဆိုတော့ မရှိတော့ ဘူးဆိုတာ ဘာလဲ ဘယ်လိုမျိုးလဲပေါ့လေ။ သူတို့ဒါပဲပြောတယ်။ နောက်ဆုံးကျတော့ သေဆုံးသွားရင်လည်း အသုဘလုပ်ဖို့အတွက် အလောင်းပြန်ပေးပါ ဘာညာပြောပေမယ့်လည်း မသိဘူး၊ မရှိတော့ဘူးလို့ သူတို့ငြင်းနေ တာ။ အဲ့လိုဆိုတော့ ခြုံငုံသုံးသပ်ကြည့်တော့ အသက်မရှိတော့ဘူးလို့ ပြောရတော့မှာပေါ့။ အခုထက်ထိ သူတို့နဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားရတော့ဘူး”
အသက်မသေဘဲ ပြန်လည်လွတ်မြောက်လာတဲ့ ဓမ္မဆရာ ဦးထန်ကေးအွန်ကိုတော့ လက်ရှိမှာ လုံခြုံတဲ့နေရာမှာ ဆေးကုသပေးနေတယ်လို့လည်း သူက ပြောပါတယ်။
ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတဲ့ သင်းထောက်ဆရာသုံးဦးနဲ့ ပတ်သက်လို့ မိသားစုဝင်တွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေးအခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ပြန်လည်မဖြေကြားချင်ကြောင်း ပြောဆိုခဲ့ ကြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာမရှိသေးသလို ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ဘာသာရေးဆရာတွေကို အခုလိုဖမ်းဆီး ပြီး ဥပဒေမဲ့ ပြုလုပ်တာက မဖြစ်သင့်တဲ့အပြင် အထူးဝမ်းနည်းနေရ တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မင်းတပ်မြို့ ခရစ်ယာန် ဘာသာရေးဂိုဏ်ပိုင်းစုံက တာဝန်ရှိသူ ခရစ်ယာန်ဓမ္မဆရာတစ်ဦးက RFA ကို ပြောပါတယ်။
“နိုင်ငံရေးအကြောင်းတွေ ဘာမှနားမလည်တဲ့၊ ဘုရားကျောင်းမှာနေတဲ့ ဘုရားကျောင်း စောင့်ရှောက် ပြီး ကိုယ့်သာသနာကို မှီခိုစောင့်ရှောက်အားကိုးပြီးမှ နေတဲ့ အသင်းတော် ဆရာသော်လည်းကောင်း၊ အသင်းထောက် သော်လည်း ဖမ်းခေါ်ပြီးမှ ပြန်မတွေ့ရတာ ဟာ တော်တော်လေး ဝမ်းနည်းပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အရာဖြစ်ပါတယ်။ လူ့အခွင့်အရေးအရသော်လည်း၊ ကျွန်တော်တို့ တည်ဆဲဥပဒေ အရသော်လည်း၊ ဘာသာရေး အရ ခံယူထားမှုသော်လည်း မဖြစ်သင့်မဖြစ်ထိုက်တဲ့အရာ ဖြစ်ပါတယ်”
စစ်ကောင်စီတပ်က ဘုရားကျောင်းထဲမှာ အခုလို အသင်းတော်ဆရာတွေကို ရိုက်နှက် ဖမ်းဆီးတာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO စီမံအရာရှိ ဆလိုင်း မာန်ဟင်လျန်က ပြောပါတယ်။
"စစ်ကောင်စီက ဒီလို ဘာသာရေးခေါင်းဆောင်တွေ သုံးယောက်ဟာ သူတို့က အရပ်သားတွေပဲဖြစ်တယ်။ သူတို့က CDF တွေဖြစ်တယ်။ လက်နက်ကိုင်တွေဖြစ်တယ် ဆိုတာ ဘာအထောက်အထားမှ မရှိဘူး။ သူတို့က စစ်ကောင်စီသတ်မှတ်ပေးတဲ့ ဘုရား ကျောင်းမှာနေပြီး အေးအေးချမ်းချမ်းနဲ့ စစ်ဘေးရှောင် ကူညီနေတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်တယ်။ ဘာသာရေးခေါင်းဆောင်တွေ၊ လက်နက်မကိုင်တဲ့ ပြည်သူ တွေကို ဘာအကျိုးအကြောင်းမရှိ ဖမ်းဆီးသတ်ဖြတ်တာ မလုပ်သင့်ဘူး။ စစ်ကောင်စီ အနေနဲ့ ဘာဘာရေးခေါင်းဆောင်တွေကို ဘုရားကျောင်းမှ ဖမ်းဆီးတာဟာ လူ့အခွင့် အရေး ဥပဒေအရ တကယ်ကို ပြောင်ပြောင်တင်းတင်း စစ်ရာဇ၀တ်မှုကို ကျူးလွန်နေ တာလို့ ကျွန်တော် ပြောချင်ပါတယ်"
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီလက်ချက်ကြောင့် ခရစ်ယာန်ဓမ္မဆရာ ခုနစ်ဦး သေဆုံးခဲ့ရသလို အဖမ်းခံရသူ ၁၄ ဦးနဲ့ ဘုရားကျောင်းအပါဝင် ခရစ်ယာန် ဘာသာရေး အဆောက်အအုံ စုစုပေါင်း ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့က ပြောပါတယ်။