မြန်မာ-တရုတ် စစ်ဘက်ရေးရာ တိုးမြှင့်ရေးဆွေးနွေး


2019.04.10
minaunghlaing-622 ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဘေကျင်းမြို့မှာ ၂ဝ၁၉ ဧပြီလ ၁ဝရက်နေ့က တွေ့ဆုံကြစဉ်။
Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဘေကျင်းမြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးချိန်အတွင်း  စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းတွေမှာ တပ်မတော်က ပါဝင်မယ့်အကြောင်း စတာတွေကို ဆွေးနွေးသွားပါတယ်။ RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~

မြန်မာ-တရုတ် စစ်ဘက်ရေးရာတိုးမြှင့်ရေးဆွေးနွေး
(ဒေါ်စမ်းစမ်းတင်)

■ မြန်မာနိုင်ငံ စစ်ရေးတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက ကူညီတာကို ကျေးဇူးတင်ရှိပြီး ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းမှာ တက်တက်ကြွကြွပါဝင်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်ပြည်သူ့နိုင်ငံ သမ္မတ ရှီကျင့်ပင်နဲ့ ဘေကျင်းမြို့မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်မှာ ဒီလ ၁ဝရက်နေ့က တွေ့ဆုံချိန်မှာ ပြောကြားတာကို CGTN – China Global Television Network  ကမ္ဘာလုံးဆိုင်ရာ တရုတ်ရုပ်မြင်သံကြားကွန်ရက်က ထုတ်လွှင့်သွားတာပါ။

နိုင်ငံတည်ဆောက်ရေးနဲ့ စစ်ရေးတည်ဆောက်ရေးမှာ တရုတ်နိုင်ငံက အကူအညီပေးတာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထောက်ခံအားပေးတာကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိပြီး မြန်မာ-တရုတ် နှစ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေပါလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သုံးနှုန်းပြောကြားရင်း ပိုးလမ်းမနဲ့ ရပ်ဝန်းစီမံကိန်းမှာ မြန်မာနိုင်ငံက တက်တက်ကြွကြွ ပါဝင်ဖို့ မျှော်မှန်းထားပါတယ်လို့ ထုတ်လွှင့်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်သမ္မတ တွေ့ဆုံဆွေးနွေးတဲ့ သတင်းမှာလည်း တပ်မတော်နှစ်ရပ်ကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ရေးနဲ့ သဘောတူညီချက်တွေ ရရှိတဲ့အတွက် အောင်မြင်တဲ့ခရီးစဉ် ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောကြားတဲ့အကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်း အောင်မြင်မယ်လို့ ယုံကြည်ပြီး ဒီစီမံကိန်းမှာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမယ့် စီမံကိန်းတွေကို တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မယ့် အကြောင်းနဲ့ မြန်မာ့ကျေးလက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ လိုတာမို့ နိုင်ငံ့စီးပွားရေး အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်စေအောင် ကူညီဆောင်ရွက်ပေးစေလိုတဲ့အကြောင်း ပြောကြားတယ်လို့လည်း ဖော်ပြပါတယ်။

ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းမှာ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ မဟာဓာတ်အားပေးလိုင်းတွေ၊ ရေနံပိုက်လိုင်း၊ သဘာဓာတ်ငွေ့ပိုက်လိုင်းတွေ တခုနဲ့တခု ကွန်ရက်ဖွဲ့၊ တခုနဲ့ တခု ချိတ်ဆက်နေပါမယ်။ ဒီကွန်ရက်ဟာ ကုန်းတွင်းလမ်းသာမက ဒေသတွင်း ရေကြောင်းလမ်းတွေကိုလည်း ချိတ်ဆက်ပါဦးမယ်။ ဒါကြောင့်လည်း ဒီ စီမံကိန်းအောင်မြင်ဖို့ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းက အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ကချင်ပြည်နယ်က နိုင်ငံရေး ပါတီခေါင်းဆောင်တွေကို ပြောကြားခဲ့ဖူးတာပါ။

တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ရောက်ရှိချိန်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တရုတ်သမ္မတ ရှီကျင့်ပင် ပြောကြားတာကိုလည်း CGTN က ထုတ်လွှင့်ပါတယ်။

ကျယ်ပြောတဲ့ မိတ်ဖက်မဟာဗျူဟာအတွက် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးက အရေးကြီးတဲ့အတွက် ပိုမိုအားကောင်းကောင်းနဲ့ စစ်ရေးအပြန်အလှန်ဖလှယ်ဖို့ သမ္မတရှီက တိုက်တွန်းတယ်လို့ ပြောသွားပါတယ်။

မြန်မာနယ်စပ်ရေးရာ ကိစ္စရပ်တွေကို ခိုင်မာအားကောင်းအောင် စီမံဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီကျင့်ပင်က တိုက်တွန်းလိုက်တယ်လို့လည်း CGTN က ဖော်ပြပါတယ်။ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး ထိန်းထားရေးအတွက် မြန်မာနိုင်ငံနဲ့အတူ ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့လည်း ပြောကြားသွားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။