တရုတ်နိုင်ငံခြားရေးဝန်ကြီး ရခိုင်အရေးနဲ့ နယ်စပ်တည်ငြိမ်ရေး ဆွေးနွေး
2021.01.12
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တစ်နာရီကျော်ကြာ ဒီနေ့ တွေ့ဆုံမှုအတွင်း အဓိကထားဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ ရခိုင်ဒေသ ငြိမ်းချမ်းရေးကိစ္စလည်း ပါဝင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရခိုင်ဒေသမှာ တရုတ်ရဲ့ စီးပွားရေးစီမံကိန်းတွေရှိနေလို့ ငြိမ်းချမ်းရေးကို တရုတ်ဘက်ကလည်း လိုလားနေ တယ်လို့ ဆိုပါတယ်။
"ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲပြီး ကာလကတည်းကအတိုင်း အခုချိန်ထိ ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွား စေရေးအတွက် တပ်မတော်နဲ့ အေအေတပ်ဖွဲ့ဝင်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ ဆက် လက်ပြီး တိုးတက်နိုင်တယ်လို့ မျှော်လင့်တဲ့အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်၊တရုတ်အနေနဲ့ကလည်း အနောက်ဘက်မှာတော့ သူတို့ရဲ့ စီမံကိန်းတွေလည်းရှိတဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး တိုးတက်လာဖို့ လိုလားကြောင်း သူတို့ဘက်ကလည်း အဲဒီ ဆန္ဒသဘောထားရှိပါတယ်"
တရုတ်နဲ့ ဒီတစ်ခေါက် တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပိုလက်တွေ့ကျပြီး ပိုတိုးတက် လာမယ်လို့ မျှော်လင့်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိစ္စတို့မှာ ပါဝင်ပတ်သက်မှု ရှိနေတဲ့နိုင်ငံဖြစ်တဲ့အတွက် အဖက်ဖက်ကို ဖိအားပေးပြီး ဆောင်ရွက်နိုင်လို့ တပ်မတော်နဲ့ အေအေကြားမှာ သေချာဝင်ရောက်စေ့စပ်ပေးနိုင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ် ပိုးတိုးတက်လာမယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဖေသန်း က ယူဆပါတယ်။
"တရုတ်ပြည်ဆိုတာကတော့ ကျတော်တို့ ရခိုင်ပြည်နယ်နဲ့တင် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဆိုလိုတာက စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အကုန်လုံးပတ်သက်နေတဲ့ သဘောဖြစ်တယ်၊ အဲတော့ သူ့အနေနဲ့ အဖက်ဖက်ကို ဖိအားပေးပြီးတော့ သွားပြီးတော့ လုပ်နိုင်တယ်၊ အစိုးရဘက်ကိုရော၊ တပ်ဘက်ကိုရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဘက်ကိုရော၊ အဲလိုအခြေအနေမျိုးရှိတယ်၊ ဒါကြောင့် သူ့အနေနဲ့သာ မှန်မှန်ကန်ကန် အေအေနဲ့ တပ်မ တော်ကြားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သူ့အနေနဲ့ လိုက်လျောညီထွေ ဖိအားပေးနိုင်မယ်၊ ကြားဝင် ဖြန်ဖြေပေးနိုင်မယ်၊ စေ့စပ်ပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုးတက် လာမယ်၊ ကျနော်တို့ ရခိုင်ပြည်နယ်လည်း အေးချမ်းလာမယ်လို့ တွေးလို့ရတာပေါ့"
မစ္စတာဝမ်ယိနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မနေ့က တွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့လို့ တရုတ်နိုင်ငံအကြီးအကဲတွေက ဂုဏ်ယူ ဝမ်းမြောက်ကြောင်း မစ္စတာဝမ်ယိ က သတင်းစကားပါးခဲ့ပါတယ်။
တပ်မတော်နဲ့ မစ္စတာ ဝမ်ယိ တို့ ဒီနေ့ တွေ့ဆုံမှုမှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းအမှားအယွင်းတွေ၊ မဲမသမာမှုတွေ ရှိနိုင်လို့ တပ်မတော်အနေနဲ့ မဲစာရင်းစိစစ်တွေ့ရှိချက်တွေကို ထုတ်ပြန်ပေးခဲ့ကြောင်း ပြောခဲ့ တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီမဲစာရင်းကိစ္စအပေါ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဘယ်လိုမှတ်ချက်ပေးခဲ့ပါသလဲလို့ RFA က ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာမှာ ဒီအပေါ်မှာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားဖို့ မရှိဘူးလို့ ဖြေပါတယ်။
မစ္စတာဝမ်ယိရဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နဲ့ ၁၂ ရက်နေ့ နှစ်ရက်ကြာခရီးစဉ်မှာ ပထမနေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
မစ္စတာဝမ်ယိရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ဒီခရီးစဉ်ဟာ ၂၀၂၀ ခုနှစ်အစောပိုင်း တရုတ်သမ္မတရှီကျင့်ဖျင် လာခဲ့တဲ့ခရီးစဉ်မှာ လတ်မှတ်ရေးထိုးခဲ့တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ထင်သလောက် ခရီးမရောက်တဲ့ အတွက် တရုတ်ဘက်က ပိုပြီး ဖိအားပေးဆောင်ရွက်ချင်တဲ့အတွက် အခုခရီးစဉ်ကို လာရောက်တာဖြစ်နိုင် တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျူ MIPS ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး က သုံးသပ်ပါတယ်။
"တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားတဲ့ကိစ္စတွေမှာ အဓိက အရေးကြီးဆုံးက BRI (ခေတ်သစ်ပိုးလမ်းမစီမံကိန်း)ပဲ၊ ဒါပေမဲ့ BRI က တကယ်တမ်းပြောရရင် ရှေ့ကို မရွေ့ဘူးပေါ့နော်၊ မရွေ့ဘူးဖြစ်နေတယ်၊ ကျောက်ဖြူဆိပ်ကမ်းကိစ္စကလည်း စာချုပ်ကို ပြန်ပြင်လိုက်တယ်ဆိုပေမယ့် ရှေ့ကိုသိပ်မရောက်ဘူးဖြစ်နေတယ်၊ BRI ဆို အများကြီးလိုသေးတယ်၊ အဲတော့ ဒါတွေအတွက်လည်း မြန်မာအစိုးရကို ထိထိရောက်ရောက်ရှိနိုင်အောင် သူတို့ဘက်က သတင်းစကားလာပါးတာလည်း ဖြစ်နိုင်တယ်"
တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း ကျောက်ဖြုရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းစတဲ့ နှစ်နိုင်ငံအစိုးရကြား ဆောင်ရွက်ရမယ့် စီမံကိန်း ၃၃ ခုအတွက် သဘောတူစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့တာပါ။
တရုတ်နဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၆၀ ကျော်ထဲမှာ မြန်မာနိုင်ငံ လည်း ပါဝင်တဲ့အတွက် ဒီစီမံကိန်းကို ပိုတွန်းအားပေး ဆောင်ရွက်ချင်လို့ လာရောက်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
"အမေရိကန်နိုင်ငံရေးမှာ သမ္မတအပြောင်းအလဲ ဖြစ်လာတဲ့အချိန်မှာ ပေါ်လစီအပြောင်းအလဲ ဖြစ်နိုင်တဲ့ အတွက် အာရှပစိဖိတ်ဒေသမှာ တရုတ်ပြည်က ခင်းကျင်းခဲ့တဲ့ OBOR အစီအစဉ်ထဲမှာ အပြောင်းအလဲတွေ များရှိလားလို့ သူ့အနေနဲ့ ကြိုတင်ပြီးတော့ လှည့်လည်စုံစမ်း သဘောထားယူတဲ့သဘောနဲ့ ဆိုက်ရောက် လာတာဖြစ်ပါတယ်။ OBOR မှာလည်း မြန်မာပြည်ရဲ့ မဟာဗျူဟာ အနေအထားကလည်း အတော် အရေးကြီးတဲ့ အနေအထားဖြစ်တဲ့အခါကြတော့ ဗမာပြည်က OBOR အစီအစဉ်ထဲမှာ ပါဝင်တဲ့ မန္တလေး -မူဆယ် ရထားလမ်း၊ ရခိုင်မှာ စီးပွားရေးဇုန်ထူထောင်ဖို့ကိစ္စ အဲဒီကိစ္စတွေ နောက်ရထားလမ်းဖောက်ဖို့ ကိစ္စတွေ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အရှိန်အဟုန်မြင့်လုပ်ဆောင်သွားနိုင်ဖို့ လာပြီး တွန်းအားပေးတဲ့ သဘောလောက်ပဲဖြစ်ပါတယ်"
မစ္စတာဝမ်ယိဟာ မြန်မာနိုင်ငံကို မလာခင်မှာ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဖြစ်တဲ့ နိုင်ဂျီးရီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘော့စ်ဆွာနား၊ တန်ဇနီးယားနဲ့ စေရှဲလ် အစရှိတဲ့ အာဖရိကတိုက်ခရီးစဉ်တွေကိုလည်း သွားခဲ့ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်ပြီးရင် အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို သွားဖို့ရှိပါတယ်။
မစ္စတာ ဝမ်ယိဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာလည်း အတူလိုက်ပါခဲ့ဖူးပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ နောက်တစ်ကြိမ် ထပ်အနိုင်ရခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံက ရောက်လာတဲ့ အဆင့်အမြင့်ဆုံးအရာရှိလည်း ဖြစ်ပါတယ်။
မစ္စတာ ဝမ်ယိရဲ့ ဒီခရီးစဉ်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာစာချုပ်၊ မြန်မာ တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ငါးနှစ် ဖွံ့ဖြိုး မှုအစီအစဉ်၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကျေးလက်တံတားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေးမှတ်တမ်းလွှာ၊ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေးစာလွှာနဲ့ တရုတ်အတိုးမဲ့ချေးငွေနဲ့ ဝယ်ယူတဲ့ လူစီးရထားတွဲတွေ ဆိုင်ရာ စာလွှာတွေကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။