အလံ၊ ဆိုင်းဘုတ်ထောင်တဲ့ တရုတ်နိုင်ငံသားတချို့ကို အမှုဖွင့်

အဲလိဇဘက်ဂျန်မာ
2019.12.06
china-flag-622.JPG ကချင်ပြည်နယ် ဝိုင်းမော်နဲ့ ဖားကန့်ကျောက်စိမ်းမှော်မှာ တရုတ်စားသာပါ ဆိုင်းဘုတ်ထောင်တာကို ၂ဝ၁၉ နိုဝင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Zaw Moe Htet/RFA

ကချင်ပြည်နယ် ဝိုင်းမော်နဲ့ ဖားကန့်ကျောက်စိမ်းမှော်မှာ တရုတ်စားသာပါ ဆိုင်းဘုတ်ထောင်တာနဲ့ ကားပေါ် တရုတ်နိုင်ငံအလံကပ်ပြီး ဝင်လာတဲ့ သူတွေကို ဖမ်းဆီးအရေးယူထားပါတယ်။

တရုတ်နိုင်ငံသားတွေ အလံကိုင်ဆောင်ပြီး ဝင်လာတာ၊ ဆိုင်းဘုတ်ကိုင်ဆောင်တာတွေဟာ ကချင်ပြည်နယ်၊ လူထုနဲ့ အစိုးရကို မထီမဲ့မြင်ပြုတဲ့သဘော ဖြစ်တယ်လို့ဒေသခံ အများအပြားက မှတ်ချက်ပြု ပြောဆိုနေကြပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့က ဝိုင်းမော်မြို့နယ်မှာ တရုတ်အလံကပ်ထားတဲ့ ကုန်ကား တစ်စီး ဝင်လာခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း ဖားကန့်ကျောက်စိမ်းမှော်မှာ တရုတ်နိုင်ငံသား မှတ်ပုံတင် ကိုင်ဆာင်ထားသူ တစ်ဦးက တရုတ်စာသားပါ ဆိုင်းဘုတ်ထောင်ခဲ့ပါတယ်။

သူတို့နှစ်ဦးကို လ.ဝ.က က ပြည်ဝင်ခွင့် သတ်မှတ်ထားတဲ့ ဗီဇာစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု ဥပဒေ ပုဒ်မ ၄(၁)၊ ၁၃(၁) တို့နဲ့  ရဲတပ်ဖွဲ့က နိုင်ငံတော် အထိမ်းအမှတ်များ စီရင်ပြသမှု ကန့်သတ်ရေး အက်ဥပဒေနဲ့ ဝိုင်းမော်နဲ့ ဖားကန့်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ ပြည်နယ် လဝက ဝန်ကြီးရုံးကနေ သိရပါတယ်။

တရုတ်အလံကပ်ထားပြီး ဝင်လာတဲ့ကားဟာ ကန်ပိုင်တီနယ်စပ်ဂိတ်၊ ဆဒုံ့ဂိတ်နဲ့ ဝိုင်းမော် ၁၃ ကီလို ဂိတ်တွေကို ဖြတ်ခဲ့တာပါ။

ဒီလို ဝင်ရောက်လာတာဟာ နိုင်ငံတော်အလံ ဥပဒေအရ တရားမဝင်တဲ့အပြင် နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာ ရေမြေနဲ့ပတ်သက်တဲ့ ဥပဒေကို စော်ကားတာဖြစ်တယ်လို့ နောင်မွန်မဲ ဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်ပြောရေး ဆိုခွင့်ရှိသူ ဦးချန်ထန်ခင်က ပြောပါတယ်။

အလံ၊ ဆိုင်းဘုတ် ကိုင်ဆောင်တဲ့ လုပ်ရပ်တွေဟာ  အမျိုးသားရေး နိုးကြားမှုကို ဖြစ်ပေါ်လာအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ကချင်အမျိုးသား ကွန်ဂယက်ပါတီ ( KNC) ဥက္ကဋ္ဌ M ကောန်လက ပြောပါတယ်။

ဥပဒေ ပုဒ်မ ၄(၁) ၊ ၁၃(၁)ဟာ ထောင်ဒဏ် ၆ လ ကနေ ၅ နှစ်၊ ငွေဒဏ်အနည်းဆုံး ၁၅၀၀  ချလို့ရတဲ့ပုဒ်မ ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ သုံးလအတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား သုံးဦး၊ တရုတ်နိုင်ငံသား ၃၀ ကို တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ လဝက ဝန်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ကားဒရိုင်ဘာ ၁၅ ဦးခန့်ကိုလည်း အားပေးကူညီမှုနဲ့ အမှုဖွင့်ထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။

နိုင်ငံခြားသားတွေကို မှတ်ပုံတင် တရားမဝင် ပြုလုပ်ပေးရာမှာ ပါဝင်သူတွေကိုလည်း အာဏာပိုင်တွေက အရေးယူနေတယ်လို့ သိရပါတယ်။

နယ်စပ်ဂိတ်တွေကနေ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Border Pass) ကိုင်ဆောင်ပြီး ဝင်ထွက်ခွင့်ရနေတဲ့ တရုတ်နိုင်ငံသား ငါးထောင်ခန့်ရှိတယ်လို့ လဝက ဝန်ကြီးရုံးကနေ သိရပါတယ်။

တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ဖရဲ၊ တစ်သျူးငှက်ပျော စိုက်ခင်းတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတချို့လည်းရှိတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်မှာတော့ ဒီလိုလုပ်ကိုင်သူတွေထဲက အများအပြားကို လဝက အက်ဥပဒေ ၁၃ (၁)၊ သစ်တောဥပဒေ ၄၀(က) တို့နဲ့ မကြာခင်က အမှုဖွင့်အရေးယူခဲ့ရာမှာ ဇွန်လအတွင်း ပြည်နှင်ဒဏ်ပေးပြီး တရုတ်အစိုးရကို လွှဲပြောင်းပေးလိုက်တာ ၂၁ ဦး ရှိပြီလို့ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။