ရေစကြိုမြို့ ရေလယ်ကျွန်းက ရွာကိုးရွာ မီးရှို့ခံရပြီး ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2023.05.27

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို မေလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့နေတာကြောင့် ရွာကိုးရွာ မီးလောင်ပျက်စီးခဲ့ပြီး အဲဒီရွာတွေအပါအဝင် ရွာပေါင်း ၁၃ ရွာက ဒေသခံတစ်သောင်းကျော် ထွက်ပြေး နေရတယ်လို့ ရေလယ်ကျွန်းဒေသခံတွေက RFA ကို ပြောပါတယ်။
အင်အားသုံးရာခန့်ပါ စစ်ကြောင်းဟာ မေလ ၂၆ ရက်နေ့က ရေလယ်ကျွန်းဒေသမှာရှိတဲ့ မိဖုရား၊ မဲကုန်း၊ လှေခုတ်၊ နွယ်နီ၊ ဆင်တဲနဲ့ ပေါက်အူ စတဲ့ ရွာခြောက်ရွာကို ဝင်ရောက် စီးနင်းပြီး မီးရှို့ခဲ့တာပါ။
မိဖုရားရွာကို စီးနင်းမီးရှို့ချိန် အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါတယ်။
မေ ၂၇ ရက် မနက်မှာလည်း ရေရှား၊ မြေစွန်းနဲ့ မြေတော်ရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာတွေထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေလယ်ကျွန်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီနေ့မီးထပ်ရှို့တာ မြေစွန်း၊ ရေရှား၊ မြေတော်ကတော့ နည်းနည်းလေးရှို့တယ်ဆိုတော့ သုံးရွာပေါ့။ အခုဟာက မသိရသေးဘူး စစ်ကြောင်းက လုံးဝမထွက်ဘူး။ နယ်က ကျဉ်းကျဉ်းလေးကို စစ်ကြောင်းက ဝင်နေတာ။ နောက်တစ်ခါ မင်းရွာမှာလည်း အထိုင်တပ်ကလည်းရှိထားတော့ သူကအင်အားက များနေတယ်။ နယ်မြေ ကျဉ်းကျဉ်းလေးကို ပတ်ထားတာ"
ရေလယ်ကျွန်းဒေသမှာ ရွာပေါင်း ၄၀ ကျော်ရှိပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်း ထပ်ထိုးလာရင် ကျန်တဲ့ရွာ ၃၀ နီးပါးက ဒေသခံတွေပါ နေရပ်စွန့်ခွာထွက်ပြေးရမယ့် အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာထဲကို သေနတ်ပစ်ဖောက်ဝင်လာပြီး နေအိမ်တွေကို မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆင်တဲရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
"ရွာထဲကို သေနတ်ပစ်ဖောက်ပြီးဝင်လာတာ။ ပစ်ဖောက်တော့ လူတွေက အကုန် ထွက်ပြေးတဲ့ချိန်မှာ သူတို့က မီးပတ်ရှို့တော့တာပဲ။ အခုကျွန်တော်ပြောနေချိန် ကျွန်တော်တို့ရွာမြောက်ဘက်က ရေရှားဆိုတဲ့ရွာမှာ မီးရှို့နေတယ်။ တစ်ရွာလုံးလိုလို လောင်နေတယ်။ တိုက်ပွဲကမဖြစ်ဘူး။ သူတို့ဘာသာ သေနတ်ပစ်ဖောက်ဝင်လာတာ။ ဒေသခံတွေကတော့ ဘုန်းကြီးကျောင်းတွေ၊ တောတွေထဲမှာ ပါလာတဲ့ဟာလေး ချက်ပြုတ်စား၊ အဲလို ရှောင်နေကြရတာပေါ့ဗျာ"
"ရွာထဲကို သေနတ်ပစ်ဖောက်ပြီးဝင်လာတာ။ ပစ်ဖောက်တော့ လူတွေက အကုန်ထွက်ပြေးတဲ့ချိန်မှာ သူတို့က မီးပတ်ရှို့တော့တာပဲ"
ဆင်တဲရွာအပါအဝင် ရွာပေါင်း ၁၃ ရွာက ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေး နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုနေတယ်လို့ဆိုပါတယ်။
ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မုတ်ဆိတ်ကတော့ စစ်ကောင်စီဟာ ရေလယ်ကျွန်းဒေသကို ပိတ်ဆို့စစ်ဆင်ရေးပုံစံလုပ်နေတာလို့ RFA ကိုပြောပါတယ်။
"ရေလယ်ကျွန်းရဲ့ အနောက်ဘက်ကမ်း ဟိုဘက်ရေစကြိုမြို့နယ်ပေါ့။ အဲဘက်အခြမ်းမှာ ပိတ်ဆို့ထားတာရှိတယ်။ ကျွန်တော်တို့ တိုက်ပွဲဖြစ်လို့ရှိရင် လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်တာတွေက များတယ်။ မနေ့ကဆို တောက်လျှောက်ပစ်တာ။ အရှေ့ဘက်အခြမ်းကတော့ မန္တလေးတိုင်းဘက်အခြမ်းပေါ့၊ ဧရာဝတီမြစ်ခြမ်းကျတော့ သင်္ဘောတွေနဲ့ ပိတ်ဆို့ထားတာရှိတယ်။ ရေလယ်ကျွန်းမှာ အကုန်လုံးစုစုပေါင်း စစ်ကောင်စီတပ်အင်အား သုံးရာနီးနီးလောက်ရှိတယ်"
ဒါ့ကြောင့် ရေလယ်ကျွန်းဒေသမှာ လက်ရှိ စစ်ရေးအခြေအနေတင်းမာနေပြီး နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့လည်း ဗိုလ်မုတ်ဆိတ်က ဆိုပါတယ်။
မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူ ကိုနွေဦးကလည်း စစ်ကောင်စီတပ်တွေ ဟာ ရေစကြို့မြို့နယ်က ရွာတွေကို စစ်ကြောင်းတွေခွဲပြီး ရုတ်တရက်ဝင်ရောက် ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က တုံ့ပြန်ချိန်မရခဲ့ဘူးလို့ RFA ကိုပြောပါတယ်။
"အခုမနေ့က ဝင်လာတဲ့ဟာမှာဆိုရင်တော့ ကောင်းကောင်းကြီးတော့ မတုံ့ပြန် လိုက်နိုင်ဘူးလေဗျာနော်။ ကျွန်တော်တို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ရုတ်တရက်လည်း ဝင်လာတယ်၊ စစ်ကြောင်းကလည်း လေးကြောင်းခွဲတယ်၊ အဲလိုမျိုးဆိုတဲ့အခါကျတော့ ပိတ်မိသွားနိုင်တဲ့အနေအထားမျိုးလည်း ရှိတဲ့အခါကျတော့ အကုန်လုံးက ရှောင်ကြ၊ တိမ်းကြ အနေအထားမျိုးကျတော့ မနေ့က ပွဲတွေဘာတွေ ကတော့ အဲဘက်မှာ မဖြစ်လိုက်ရဘူးပေါ့ဗျာ"
ရေစကြိုမြို့နယ်ထဲကို စစ်ကောင်တပ်တွေ အရင်က စစ်ကြောင်းထိုးလေ့ရှိပေမယ့် ၂၀၂၃ ခုနှစ်အတွင်း စစ်ကြောင်းထိုးတာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးမျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ မေလ ၆ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မကွေးတိုင်းထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ငါးသိန်းနီးပါးအထိရှိလာပြီ ဖြစ်ပါတယ်။