ခင်ဦးမြို့နယ် လောင်းရှည်ရွာမှာ နေအိမ် ၃၀၀ ကျော်မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တောင်ဘက် နှစ်မိုင်ခွဲအကွာ လောင်းရှည်ရွာက အရပ်သားတွေဟာ ပြာပုံဖြစ်နေတဲ့ သူတို့ရဲ့နေအိမ်တွေကြားက အကြွင်းအကျန်ပစ္စည်းလေးတွေကို ရှာဖွေ နေပါတယ်။
တောင်သူလယ်သမားတွေမို့ ဘဝတစ်သက်တာ ရှာဖွေစုဆောင်းရသမျှ ပိုင်ဆိုင်မှုလေးတွေ မီးရှို့ဖျက်ဆီးခံရတဲ့အပေါ် နာကျင်ခံစားနေရပေမယ့် မျက်ရည်မကျအောင် အားတင်း ထားရပါတယ်။
စစ်ကောင်စီတပ်က လောင်းရှည်ရွာကို ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်အထိ သုံးရက်ဆက်တိုက် စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ နေအိမ် ၃၀၆ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွေးနွေးထွေးထွေးခိုလှုံခဲ့တဲ့ သူ့နေအိမ်လေး မီးရှို့ဖျက်ဆီးခံလိုက်ရပေမယ့် မျက်ရည် တစ်စက် မကျစေရဘူးလို့ လောင်းရှည်ရွာသူ အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။
"ဒီဟာ (အိမ်) တစ်လုံးဖြစ်ဖို့ဆိုတာ ဘယ်လောက်စုဆောင်းထားရလဲဆိုတာ အဲဒါသာ ကြည့်တော့။ (ဈေးရောင်းလာတာ) ဒီဆန်ကောကို ခေါင်းပေါ်က မချရဘူး။ ဒီမသာကြီး မသေသရွေ့ကတော့ ဘယ်တော့မှ တို့ဘဝတွေ ကောင်းစားမှာ မဟုတ်ဘူး၊ ကောင်းစားမှာ မဟုတ်ဘူး ဒီဘဝကြီးကတော့။ မျက်နှာတင်းထားတာ မျက်ရည်မကျဘူး တစ်စက်မှ။ သေပါလေ့စေ သေပါလေ့စေ။ ငါ့ဘ၀ ဒီလိုရောင်းချပြီးတော့၊ စားပြီးတော့ ငါရပ်တည်လာတာ။ ငါအသက် ၃၀ ကတည်းက မုဆိုးမဖြစ်လာတာ။ ဒီဟာ (အိမ်) မျိုး ဖြစ်လာအောင်ကို မနည်းကြိုးစားလာရတာ။ အခု ဒီလို (မီးရှို့ခံရတာ) ဖြစ်သွားတာ ပိုပြီးရင်နာတယ်"
အသက် ၇၀ အရွယ် ဒီအဖွားအိုဟာ သူ့ခင်ပွန်း ဆုံးပါးသွားပြီးနောက်၊ သူ့အသက် ၃၀ အရွယ်ကတည်းက အညာတောင်သူတွေ သုံးလေ့ရှိတဲ့ ဆန်ကော၊ စကာတွေ ပြုလုပ် ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုလာခဲ့တာပါ။
အခုတော့ သူတစ်ဘဝလုံး စုဆောင်းရှာဖွေထားသမျှနဲ့ ပိုင်ဆိုင်ထားတဲ့ အိမ်လေးဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ ဖျက်ဆီးမှုအတွင်း ပြာပုံဖြစ်ခဲ့ရပါပြီ။ လက်ရှိ သူ့မှာ ဆန်ကော၊ စကာတချို့နဲ့ ကိုယ်မှာဝတ်ထားတဲ့ အဝတ်တစ်စုံသာ ကျန်တော့တယ်လို့ အဖွားအိုက ပြောပါတယ်။
လောင်းရှည်ရွာကို ရွာမနဲ့ ရွာသစ်ဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ စစ်ကောင်စီ တပ်တွေဟာ ရွာမက နေအိမ် ၁၆၂ လုံးနဲ့ ရွာသစ်က နေအိမ် ၁၄၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ် ၄၁၄ လုံး ရှိတဲ့ အနက် နေအိမ် ၃၀၆ လုံး မီးလောင်ကျွမ်းခဲ့တာကြောင့် လောင်းရှည်ရွာမှာ နေအိမ် ၁၀၈ လုံးသာ ကျန်ပါတော့တယ်။

စစ်ကောင်စီတပ်က နေအိမ်တွေတင်မဟုတ်ဘဲ စပါးကျီ ၁၈ လုံးက စပါးတင်း တစ်သောင်းကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ လောင်းရှည်ရွာသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
"အခု ကျမတို့မှာ နေစရာအိမ်လည်း မရှိဘူး။ စားစရာလည်း ပေါ်ဆန်းမွှေးလည်း မရှိဘူး၊ ဆန်လည်းမရှိဘူး၊ စပါးလည်းမရှိဘူး။ တအားဒုက္ခရောက်နေတယ်။ ရှိနေတဲ့ အိုးခွက်က အစ အကုန်လုံး ဒန်အိုးဒန်ခွက်ကအစ ကျမတို့ကို မညှာမတာဘဲနဲ့ စစ်ကောင်စီဟာ ကျမတို့ကို ဖိနှိပ်နေတာ၊ ပြည်သူဟာ ကျမတို့ကို ဒီအတိုင်းပဲ စောင့်ကြည့်နေမှာလား။ ကျမတို့ ဘယ်လိုမှ ဒီစစ်ကောင်စီကို ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ ကျမတို့ ကြိုက်လည်း မကြိုက်ဘူး။ ဘယ်လိုမှကို လုံးဝမကြိုက်ဘူး"
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ လောင်းရှည်ရွာ ကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီလိုထွက်ခွာသွားတဲ့အခါ ဒေသခံတွေရဲ့ တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းတွေကိုပါ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရှိနေတဲ့ အိုးခွက်ကအစ အကုန်လုံး၊ ဒန်အိုးဒန်ခွက်ကအစ ကျမတို့ကို မညှာမတာဘဲနဲ့ စစ်ကောင်စီဟာ ကျမတို့ကို ဖိနှိပ်နေတာ။ ပြည်သူဟာ ကျမတို့ကို ဒီအတိုင်းပဲ စောင့်ကြည့်နေမှာလား"
လောင်းရှည်ရွာသားတစ်ဦးကတော့ သူ့မှာအဝတ်တစ်ထည် ကိုယ်တစ်ခုသာ ကျန်တော့ ပေမယ့် မတရားမှုကိုဆန့်ကျင်တဲ့ စိတ်ဟာ ဆက်ပြီးရှင်သန်နေမယ်လို့ ပြောပါတယ်။
"ပြည်သူလူထုတွေအားလုံး ထွက်ပြေးကြရတယ်။ အကုန်လုံး ဘာမှကို ဘာမှ မပါခဲ့တော့ ပါဘူး ကျနော်တို့ လက်ထဲမှာ။ ဒီမှာ ခါးဝတ်ခါးစားလေးပဲ ကျန်ရှိပါတော့တယ်။ ဒီတော့ ကျနော်တို့ ဒါထက် အိမ်တွေဘယ်လောက် မီးရှို့ရှို့ စိတ်ဓာတ်ကတော့ ဒီကောင်တွေ (စစ်ကောင်စီ) ထိန်းချုပ်လို့မရဘူးဆိုတာ ကျနော်တို့တွေ အကြွင်းမဲ့ ယုံကြည်ပေးကြပါ"
လောင်းရှည်ရွာ မီးရှို့ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။
စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဖေဖော်ဝါရီလ ၁၉ ရက်မှာ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ကုလသမဂ္ ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နေအိမ်မီးလောင်ပျက်စီးမှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ကတော့ စစ်အာဏာသိမ်းမှု နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ၅၅၄၈၄ လုံးကို စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက် ခံလက်နက်ကိုင်တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ် ၄၃၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။