စစ်ကောင်စီရဲ့ လေတပ်ညီလာခံ မတက်ဖို့ အာဆီယံကို ထပ်မံတိုက်တွန်း
2023.09.08

စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် တို့လိုပဲ တခြား အာဆီယံနိုင်ငံတွေ မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့က ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ဒီညီလာခံကို မတက်ကြဖို့ ဩဂုတ်လ ၃၁ ရက်နေ့မှာ Justice For Myanmar အဖွဲ့က အင်္ဂလိပ်ဘာသာနဲ့ ပထမအကြိမ် ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့တာပါ။ အဲဒီနောက်မှာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက လေတပ်ဦးစီးချုပ်တွေ ဒီညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း စက်တင်ဘာ ၇ ရက် The Straits Times သတင်းက ဖော်ပြပါတယ်။ ဖိလစ်ပိုင်ကတော့ လူကိုယ်တိုင် မတက်ဘဲ ဗီဒီယိုသတင်းစကားပဲ ပေးပို့မယ်လို့ ဆိုပါတယ်။
အာဆီယံ သုံးနိုင်ငံက မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာဟာ စစ်ကောင်စီအပေါ် အာဆီယံ ရဲ့ ထောက်ခံမှု ကျဆင်းနေပြီဆိုတာကို ပြသလိုက်တာလို့ Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က ပြောပါတယ်။
ဒါဟာ နိုင်ငံတကာစာမျက်နှာမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ကျရှုံးမှုဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောပါတယ်။
“အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံကို တက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ သဘောထားကို လက်ခံကြိုဆိုတယ်လို့ ပြောချင်ပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ကျဆုံးခန်းကို ရောက်နေတာ၊ နိုင်ငံတကာက သူတို့ကို နိုင်ငံတကာမျက်နှာစာမှာ လူရာသွင်းချင်စိတ် မရှိတော့ဘူးဆိုတာကို ပြသရာ ရောက်နေတယ်လို့ ပြောချင်ပါတယ်”
တခြားအာဆီယံနိုင်ငံတွေ ဒီညီလာခံကို လာတက်ရင် နိုင်ငံရေး ဂုဏ်သိက္ခာနဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်ဆိုတာကို သတိပြုသင့်တယ်လို့လည်း သူက ပြောပါတယ်။
“အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံကို တက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ သဘောထားကို လက်ခံကြိုဆိုတယ်”
စက်တင်ဘာ ၁၂ ရက်ကစလို့ လေးရက်ကြာ ကျင်းပမယ့် စစ်ကောင်စီရဲ့ လေတပ်ညီလာခံ ကို အမေရိကန်နဲ့ ဗြိတိန်အစိုးရတို့က အရေးယူပိတ်ဆို့ဒဏ်ခတ်ထားတဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင် က အာဆီယံ လေတပ်ဦးစီးချုပ်များဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ကျင်းပမှာပါ။
အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ အာဆီယံ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားနဲ့ ချိန်ဆပြီး ဒီညီလာခံကို တက်၊ မတက် ဆုံးဖြတ်ကြလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ပြောပါတယ်။
“လာတက်မယ့် နိုင်ငံတွေက အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ နိုင်ငံတွေ အတွက် ဒီလို ပါဝင်တက်ရောက်မှုက တခြားဖိအားပေးမှုတွေ၊ တခြားအကျိုးစီးပွားတွေ အပေါ်မှာ ရိုက်ခတ်မှုရှိရင် ပါဝင်ပတ်သက်ဖို့အတွက်ကို စဉ်းစားကြလိမ့်မယ်။ အခုက တော့ စစ်ကောင်စီအပေါ်မှာ တိုက်ရိုက် အကျိုးသက်ရောက်ဖို့ ဆိုတာတော့ အခု ချက်ချင်း မြင်ရဖို့ ခက်တယ်”
နေပြည်တော်မှာကျင်းပမယ့် လေတပ်ညီလာခံကို အာဆီယံနိုင်ငံတချို့ မတက်ရောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမြင်သဘောထား သိနိုင်ဖို့ စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ အာဆီယံနိုင်ငံတချို့ မတက်လည်း မြန်မာဘက်က ဘာမှ ထိခိုက်နစ်နာစရာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့အမြဲတမ်းပြောနေတဲ့ ကိစ္စတွေရှိတယ်၊ အာဆီယံ ဘုံသဘောတူညီချက် ဘာညာပေါ့၊ အဲဒီပြဿနာတွေပဲ၊ ညီလာခံလုပ်တယ်ဆိုတာက အာဆီယံရဲ့ ကြားထဲမှာ ဆက်သွယ်ရေးရှိတယ်၊ အဲဒီဆက်သွယ်ရေးက ဘာတွေ ထူးမလဲ၊ ဒီကြားထဲ ဘာတွေ ပူးပေါင်း ဆောင်ရွက်နိုင် မလဲ၊ ဒါတွေပေါ် မူတည်ပြီး ညီလာခံလုပ်ကြတာ။ မတက်ဘူးဆိုတော့လည်း မတက်နဲ့ ပေါ့။ ဘာသက်ရောက်မှု ရှိမလဲဆိုတော့ မတက်တဲ့သူက သတင်းအချက်အလက် မရဘူးပေါ့။ တက်တဲ့သူကတော့ ကြားထဲမှာ ညှိနှိုင်းဆောင်ရွက်ပြီးတော့ နောက်ထပ် ပူးပေါင်းဆောင်ရွက်ရမယ့် အချက်အလက်တွေ ပေါ်လာမှာပေါ့”
လက်ရှိ အာဆီယံလေတပ်ဦးစီးချုပ်များဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ထွန်းအောင် ကို စစ်ကောင်စီက ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလကမှ လေတပ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်လိုက် တာပါ။
အဲဒီနောက်ပိုင်းကစလို့ အခုချိန်ထိ တစ်နှစ်ကျော်အတွင်းမှာ သူဟာ လေကြောင်း တိုက်ခိုက်မှုပေါင်း အကြိမ် ၉၃ဝ ကျော်ကို အမိန့်ပေး ကွပ်ကဲခဲ့တယ်လို့ စစ်ရေးတိုက်ခိုက်မှု တွေကို စနစ်တကျ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ တည်နေရာနဲ့ ဖြစ်ရပ်မှတ်တမ်း စီမံကိန်း ACLED အဖွဲ့က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း လူ တစ်ထောင်နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Justice For Myanmar အဖွဲ့ရဲ့ ဩဂုတ် ၃၁ ရက်ထုတ်ပြန်ချက်မှာလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးသူငယ် ၄ဝ အပါအဝင် ၁၆၈ ဦး၊ ကချင် ပြည်နယ် အနန့်ပါကျေးရွာ KIO နှစ်ပတ်လည်နေ့ ဖျော်ဖြေပွဲ လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူ ၈၀ ကျော်နဲ့ စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ ကလေးငယ်တွေ အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါတွေအားလုံးကို စစ်ကောင်စီ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က အမိန့်ပေးခိုင်းစေခဲ့တာလို့ ဆိုပါတယ်။
ကလေးငယ်တွေပါမကျန် ကိုယ့်ရဲ့ပြည်သူကို တိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီ လေတပ်က လုပ်မယ့် ညီလာခံကို တခြားအာဆီယံနိုင်ငံတွေလည်း မတက်သင့်ဘူးလို့ CDM မှာပါဝင်နေတဲ့ စစ်ကောင်စီလေတပ် တပ်ကြပ်ကြီး ဇေယျ က ပြောပါတယ်။
“ပြည်သူလူထုနဲ့ အရပ်သား ကလေးသူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ လေတပ်ကလုပ်မယ့် အခမ်းအနားကို မတက်ဘူးဆိုပြီး ဆန့်ကျင်ခဲ့တဲ့ ဒီသုံးနိုင်ငံကို တကယ် ကျေးဇူးတင်တယ်။ ကြိုလည်း ကြိုဆိုတယ်။ နောက်ထပ် အာဆီယံနိုင်ငံတွေ အနေနဲ့လည်း အမှန်တော့ မတက်သင့်ဘူး။ ဘာလို့လဲဆိုတော့ ဒီလို သတ်ဖြတ်နေတဲ့၊ ပညာရှင်မဆန်တဲ့ စစ်တပ်တစ်ခုကို သွားပြီးတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ပူးပေါင်းဆောင်ရွက်တဲ့ စစ်တပ် (အာဆီယံ)ဘက်က အဆင့်ကျသွားတာပေါ့”
စစ်ကောင်စီဟာ အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံကျင်းပဖို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကတည်းက ကြိုတင် ပြင်ဆင်နေပြီး သက်ဆိုင်ရာ တပ်မှူးတွေလည်း နေပြည်တော်ကို ရောက်နေကြပြီလို့ သူသိထားသမျှကို တပ်ကြပ်ကြီး ဇေယျ က ပြောပြပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကလည်း စစ်ကောင်စီကျင်းပမယ့် လေတပ်ညီလာခံကို မတက်ရောက်ကြဖို့ စက်တင်ဘာလ ၆ ရက်နေ့က အာဆီယံနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
ဩဂုတ် ၇ ရက် The Straits Times သတင်းစာမှာတော့ စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ညီလာခံအတွက် တိတိကျကျ အကြောင်းမပြန်သေးသလို ကမ္ဘောဒီးယားလေတပ် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဒီကိစ္စမှတ်ချက် မပေးလိုကြောင်း ငြင်းဆိုထားတယ်လို့ ဖော်ပြပါတယ်။ မြန်မာနဲ့ အနီးကပ်ဆုံး အိမ်နီးချင်းလည်းဖြစ် စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိနေတဲ့ ထိုင်းနိုင်ငံ ကတော့ ညီလာခံကို တက်ရောက်မယ့်အကြောင်း အဲဒီသတင်းမှာပဲ ဖော်ပြထားပါတယ်။