တပ်မတော်က နောက်ထပ်ရာဇဝတ်မှုတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ရသွားနိုင်
2019.05.28
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာတွေအသတ်ခံရတာနဲ့ပတ်သက်ပြီး နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ တပ်မတော်အရာရှိတွေကို၊ ပြစ်ဒဏ်မပြည့်ခင် လွှတ်ပေးလိုက်တဲ့ လုပ်ရပ်ကြောင့် မြန်မာ့တပ်မတော်က စစ်သားတွေအနေနဲ့ နောက်ထပ်ရာဇဝတ်မှုတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ရသွားနိုင်တယ်လို့ ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့တွေက ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်အရေး စုံစမ်းအစီရင်ခံဖို့ဖွဲ့ထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကတော့ ဒီလိုလွှတ်ပေးလိုက်တာကို အတိအကျမပြောနိုင်တဲ့အတွက် မှတ်ချက်မပေးချင်ဘူးလို့ ခပ်မဆိတ်နေတာတွေ့ရပါတယ်။
RFA ဝိုင်းတော်သူ မခင်ခင်အိ က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~
တပ်မတော်က နောက်ထပ်ရာဇဝတ်မှုတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ရသွားနိုင်
( ခင်ခင်အိ)
■ ရခိုင်ပြည်နယ်မှာ ၂ဝ၁၇ ခုနှစ်က တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၁ဝ ဦး သတ်ဖြတ် ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁ဝ နှစ် အပြစ်ပေးခံနေရတဲ့ တပ်မတော်သား ၇ ဦးကို ပြစ်ဒဏ်ကနေ စောပြီး လွှတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်အရာရှိ ၂ ဦး ၊ သူတို့နဲ့ အကျဉ်းထောင်ထဲမှာ ဆုံခဲ့ဖူးသူ ၂ ဦး နဲ့ ပြန်လွတ်လာတဲ့ တပ်မတော်သား ၁ ဦးတို့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီတပ်မတော်သားတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လွတ်မြောက်သွားတာလို့လဲ ဆိုပါတယ်။
အင်းဒင်ရွာလူသတ်မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တပ်မတော်အရာရှိနဲ့ စစ်သည်တွေ အကျဉ်းထောင်ထဲမှာ မရှိတော့ဘူးလို့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူကလဲ မေလ ၂၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ အဲဒီတပ်မတော်သားတွေကို ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့တရားစီရင်ရေးအပေါ် မေးခွန်းထုတ်သံတွေလဲ ထွက်ပေါ်လာပါတယ်။
လန်ဒန်မြို့အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက်ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက-
“မြန်မာပြည်ရဲ့ တရားစီရင်ရေးစနစ်က တော်တော်လေးကြောက်စရာကောင်းနေတဲ့ အနေအထားလို့ ပြောလို့ရတယ်။ စစ်တပ်က ဒီပုံစံနဲ့ဆိုရင် သူတို့နောက်ထပ်ရာဇဝတ်မှုတွေ ဒီစစ်သားတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ရမယ်။ အခု စစ်တပ်က ရာဇဝတ်မှု ကျူးလွန်နေတာက နဲနဲနောနောမှ မဟုတ်တာ တိုင်းရင်းသားတွေအပေါ်မှာ၊ ဒါဆက်ပြီးတော့ ဖြစ်နေမယ်ဆိုတာ အလားအလာတခုဘဲ၊ NLD အစိုးရ လက်ထက်မှာလဲ ဘာမှထူးခြားမလာဘူးပေါ့နော် ပြည်သူတွေက ကျီးလန့်စာစားနေရတုန်းဘဲ။ တိုင်းရင်းသားတွေဆိုရင်လဲ အခုဆိုရင်ကြည့် ရခိုင်ပြည်နယ်မှာ လူငယ်တွေ၊ ကလေးတွေ၊ ကိုယ်ဝန်သည်တွေ အသတ်ခံနေရတယ် ဒီစစ်ကြောင့်၊ ဒါတွေဟာ ပြန်သုံးသပ်မယ်ဆိုရင် မြန်မာပြည်ရဲ့ တရားစီရင်ရေးစနစ်ကို စစ်တပ်က အပြည့်အဝချုပ်ကိုင်ထားတဲ့အပေါ်မှာ အစိုးရကလဲ သေသေချာချာထိထိရောက်ရောက်မလုပ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ နိုင်ငံတကာကို တောင်းဆိုလိုတာကတော့ စစ်တပ်ပိုင်တဲ့ စီးပွားရေးတွေနဲ့ စစ်တပ်ကို သေသေချာချာ ထိထိရောက်ရောက်အရေးယူဖို့ တော်တော်လိုအပ်သွားပြီ ဒီလိုပရက်ရှာတခုဖြစ်လာမှလဲ စစ်တပ်က သူတို့ပေါ်လစီကို ပြောင်းလဲသွားမှာ”
Cox’s Bazzar ခရိုင်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုက ဦးမောင်မောင်တင်ကလဲ သူတို့ဒုက္ခသည်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုကို မျှော်လင့်ထားခဲ့ပေမဲ့ အခုဖြစ်ရပ်ကြောင့် နေရပ်ပြန်ဖို့ စိုးရိမ်မှုတွေ ပိုပြီးဆိုးလာနေတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံကိုကျနော်တို့ပြန်ဖို့ဆိုရင် အခုက စိုးရိမ်မှုတွေက ပိုပြီးဆိုးလာတယ်၊ တရားမျှတမှုဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာမရှိဘူး။ ဥပဒေစိုးမိုးရေးဆိုတာ အဲဒီမြန်မာနိုင်ငံမှာ ရှိလာမယ်ဆိုပြီး ကျနော်တို့ မျှော်လင့်ထားတာရှိတယ်။ အခု သူတို့ကိုလွှတ်ပေးလိုက်တော့ ကျနော်တို့ နေရပ်ပြန်ဖို့ အင်မတန်မှ စိုးရိမ်တယ်လေ”
အင်းဒင်ကျေးရွာလူသတ်မှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးခံထားရတဲ့ တပ်မတော်သား ၇ ဦးကို လွှတ်ပေး လိုက်တယ်ဆိုတဲ့အပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးကော်မရှင်က ဒေါက်တာအောင်ထွန်းသက်က....
“အချက်အလက်မသိဘဲနဲ့ သုံးသပ်လို့မရဘူးလေ။ မှန် မမှန်ကို ကိုယ်သိတာလဲမဟုတ်ဘူး။ မသိဘဲနဲ့ မှတ်ချက်ပေးတာ မပြည့်စုံဘူးလို့ထင်တယ်နော်”
ဒီတပ်မတော်သား ၇ ဦးကို လွှတ်ပေးလိုက်တဲ့ကိစ္စကြောင့် နေရပ်ပြန်ရေးစိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့ အပေါ်လဲ ဒေါက်တာအောင်ထွန်းသက်က...
“ဒါကတော့ခက်တယ်လေ ကိုယ့်ဘက်ကတော့ ဆရာတို့ ကိုယ့်နိုင်ငံမှာလုပ်စရာရှိတာ ကိုယ်ကအဆင်သင့်လုပ်တယ်။ လာဖို့လဲ ဆရာတို့အကြိမ်ကြိမ်ပြောတယ်။ သူတို့ဘက်က လာ၊ မလာ ဆိုတာတော့ သူတို့ဆုံးဖြတ်ရမှာလေ။ နိုင်ငံတော်အနေနဲ့ကတော့ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပေးထားတဲ့ကတိကို တည်အောင်တော့ အဆင်သင့်လုပ်ထားပါတယ်”
အင်းဒင်ကျေးရွာလူသတ်မှုမှာ ပူးပေါင်းပါဝင်မှုနဲ့ စစ်ဘက်ဆိုင်ရာတရားရုံးက တပ်မတော်အရာရှိ ၄ ဦး နဲ့ စစ်သည် ၃ ဦးကို ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ပြီး သက်ဆိုင်ရာ အရပ်ဘက်အကျဉ်းထောင်တွေကို ပို့ထားခဲ့ပါတယ်။ ဒီတပ်မတော်သား ၇ ဦး အကျဉ်းထောင်တွေမှာ မရှိတော့ဘူးဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အတည်မပြုနိုင်သေးကြောင်းလဲ သိရပါတယ်။