ထိုင်းကို တရားဝင်လမ်း ကြန့်ကြာလို့ တရားမဝင်လမ်းကသွားသူ များနေဆဲ

လုဆိုင်း (ထိုင်းနိုင်ငံ)
2022.05.24
ထိုင်းကို တရားဝင်လမ်း ကြန့်ကြာလို့ တရားမဝင်လမ်းကသွားသူ များနေဆဲ ၂ဝ၂၂ ခုနှစ် မေလဆန်းပိုင်းက ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား ဖမ်းဆီးမိစဉ်။
Photo: Citizen Journalsit

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ (MOU) အရ မြန်မာအလုပ်သမားနှစ်ရာကျော် ရနောင်း-ကော့သောင်း ရေလမ်းကနေ ထိုင်းနိုင်ငံကို ဝင်ခွင့်ထပ်ရပါတယ်။

မနေ့မနက်ပိုင်းမှာ ဝင်ခွင့်ရခဲ့တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ရနောင်းဘက်ကမ်းကိုတော့ ဒုတိယအသုတ်ရောက်ပြီ။ အားလုံးပေါင်းဆိုရင် ၂၂၂ ယောက်ပေါ့။ ပထမတစ်သုတ်က ၃ဝ နောက် ၁ဝဝ နဲ့ နောက်ဆုံးအသုတ်က ၉၂ ယောက် ဆိုတော့လေ။ ပထမအသုတ်က အလုပ်ရုံရှိတဲ့နေရာကို စပို့နေပြီလို့ သိရတယ်။ ဒုတိယအသုတ်ကတော့ ဘန်ကောက်နဲ့ ပထုံဌာနီမှာရှိတဲ့ အလုပ်ရုံ၊ စက်ရုံတွေမှာ ပို့မယ်တဲ့။ အလုပ်ရုံဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းလည်း ပါမှာပေါ့နော်”

ထိုင်းကို ရောက်သွားတဲ့ MOU မြန်မာအလုပ်သမားတွေဟာ ပွင့်ဖူးအောင် ဝန်ဆောင်မှုကုမ္ပဏီကနေ ချုံဖွန်မြို့မှာရှိတဲ့ ဒူးရင်းသီးမုန့်စက်ရုံ G and A Thai Fruit Co,Ltd မှာ အလုပ်လုပ်ကြရမှာ ဖြစ်သလို၊ ဒုတိယအသုတ်ရောက်သွားတဲ့ လုပ်သားတွေဟာ ဘန်ကောက်နဲ့ ပထုံဌာနီက အလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်မှာ ဖြစ်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။

MOU လမ်းကြောင်းက ဝင်လာဖို့ လုပ်ဆောင်ရမယ့် အချိန်ကြန့်ကြာတာ၊ ကုန်ကျစရိတ်ပိုများတာတွေကြောင့် တရားမဝင်လမ်းကြောင်းနဲ့ ဝင်တာက ပိုပြီးများနေတယ်လို့ ဦးမင်းဦးက ပြောပါတယ်။

မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တင်္သာရီတိုင်း ကော့သောင်း- ရနောင်း ရေလမ်းကြောင်းကနေ အမျိုးသားအယောက် ၂၀၊ အမျိုးသမီး ၁၀ ယောက်တို့ ရနောင်းမြို့ကို ရောက်လာပြီး ဆေးစစ်တာ၊ ဗီဇာ ပြုလုပ်တာ၊ အလုပ်လုပ်ကိုင်ခွင့် (Work Permit) ပြုလုပ်တာတွေ ဆောင်ရွက်နေတယ်လို့ ဘန်ကောက်မြို့ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်အရ မြန်မာလုပ်သား တစ်သိန်းခွဲလောက် အလုပ်ခေါ်ဖို့ ရှိနေပေမယ့် အခုမေလအတွင်း ပို့ဆောင်တဲ့ MOU လုပ်သား တစ်ထောင်ကျော်ပဲ ရောက်လာတာက အလွန်နှေးကွေးတယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“MOU တရားဝင်လမ်းကြောင်း ရှိနေပါလျှက်နဲ့ တရားမဝင်လမ်းကြောင်းနဲ့ ဝင်ရတယ်ဆိုတာက လုပ်ထုံးလုပ်နည်း မမှန်ကန်လို့၊ နောက် အပေးအယူ နည်းလမ်းလိုအပ်ချက်တွေ ရှိနေတဲ့အတွက် အခုလို ဖြစ်တာပဲ။ ပြောမယ်ဆိုရင် မြန်မာစစ်အစိုးရမှာ တာဝန်ရှိတယ်။ အင်မတန်နည်းကွေးတာပေါ့”

တရားဝင်လမ်းကြောင်းကနေ MOU လုပ်သားအနည်းငယ် ပို့ဆောင်ခဲ့ပေမယ့် တရားမဝင်လမ်းကြောင်းကနေ ဝင်လာလို့ မေလ ၁ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ထိုင်းလုံခြုံရေးတပ်ဖွဲ့ကနေ လူ ၂၃၃ဝ ကျော်နဲ့ လူပွဲစား ၂၅ ယောက်ဖမ်းဆီးခံရတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

thailand.jpg
၂ဝ၂၂ ခုနှစ် မေလဆန်းပိုင်းက ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ။ (Photo: Citizen Journalist)

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်ကျော်ကြာ MOU လုပ်သားတင်သွင်းမှု ဆိုင်းငံ့ခဲ့ရာကနေ အခု မေလကစပြီး တရားဝင်ပြန်ခွင့်ပြုတာ ဖြစ်ပါတယ်။

မြဝတီ-မဲဆောက်လမ်းကနေ မေလ ၁၀ ရက်၊ ၁၁ ရက်၊ ၁၉ ရက် နဲ့ ၂၀ ရက်နေ့တွေမှာ အသုတ်လိုက် ဝင်ရောက်ခဲ့ပြီး မနေ့က မေလ ၂၄ ရက်နေ့ထိဆိုရင် MOU မြန်မာလုပ်သား ၁၃၃၇ ယောက် ထိုင်းနိုင်ငံကို ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ မြန်မာအပါအဝင် လာအို၊ ကမ္ဘာဒီးယားနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သား တစ်သိန်းခွဲနီးပါးကို ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ခေါ်ယူခွင့်ပြုခဲ့ပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းတစ်သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။