မြို့နယ်သုံးခုမှာ လေကြောင်းကတိုက်ခိုက်လို့ သုံးဦးသေ၊ တစ်သောင်းနီးပါး ထွက်ပြေး
2023.04.09

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်နဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်တွေ အတွင်း ဧပြီလ ၈ ရက် မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် စီသောင်နဲ့ မံခါးရွာတွေကို ဧပြီလ ၈ ရက် မနက် ၁၀ နာရီဝန်းကျင်နဲ့ နေ့လယ် ၃ နာရီဝန်းကျင်အချိန်မှာ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
နောက်ထပ် လေးဦးလည်း ပျောက်ဆုံးနေတယ်လို့ မံခါးရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေးယောက်ကတော့ ပျောက်နေတုန်းပေါ့။ ဖုန်းခေါ်လိုက်ရင်တော့ ဖုန်းက ဝင်သေး တယ်။ အဲဒီလေယာဉ်ကြဲတဲ့ အနားမှာ သူတို့နေတဲ့ တဲကလည်း ပြားသွားတယ်ဆိုတော့။ အရပ်သားသေတာကတော့ သုံးယောက်ကတော့ အတည်ပြုလို့ရတယ်။ ကျန်တဲ့ လေးယောက်ကတော့ အတည်ပြုလို့မရသေးဘူး။ ပြီးမှပဲ ကျနော်တို့အတည်ပြုလို့ရမှာ။ ခုလောလောဆယ်ကတော့ သုံးယောက်ကတော့ သေချာပေါက် အတည်ပြုလို့ရတယ်။ နာမည်တွေ အသက်တွေကတော့ ကျနော်လည်း မမှတ်မိဘူး”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ဦးဝင်းရဲထွန်းကတော့ စစ်ရေးသတင်းတွေကို မသိဘူးလို့ RFA ကို ပြောပါတယ်။
"အခုလောလောဆယ်က စစ်ကောင်စီအနေနဲ့ ရန်သူလို့ သတ်မှတ်ထားတဲ့သူမှမဟုတ်ဘူး ပြည်သူတွေရောပါ ဆက်လက်ပြီးတော့ တိုက်ခိုက်ချေမှုန်းနေတယ်"
စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်နဲ့ အရပ်သားကို ခွဲခြားခြင်းမပြုဘဲ တိုက်ခိုက်ချေမှုန်း နေတာလို့ ရွှေကူမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဝေဖန်ပါတယ်။
“ဘယ်လိုပြောမလဲဆိုတော့ ဒါက သူတို့လည်း ကြည်းကြောင်းအနေအထားနဲ့ အဆင်မပြေလို့ မနိုင်နိုင်လို့ လေကြောင်းအကူအညီသုံးပြီးတော့ အတင်းတိုးနေရတဲ့ သဘောတရားမျိုးမှာ ရှိပါတယ်။ ပြီးတော့မှ လည်း ပြည်သူတွေနေတဲ့ အိုးအိမ်တွေကို ပြည်သူတွေရော၊ PDF တွေကိုထောက်ပံ့တယ်လို့ သတ်မှတ်ပြီးတော့ သူတို့ ချေမှုန်းနေ တဲ့ အနေအထားမှာရှိတယ်။ အခုလောလောဆယ်က စစ်ကောင်စီအနေနဲ့ ရန်သူလို့ သတ်မှတ်ထားတဲ့သူမှမဟုတ်ဘူး ပြည်သူတွေရောပါ ဆက်လက်ပြီးတော့ တိုက်ခိုက် ချေမှုန်းနေတယ်။ လေကြောင်းတွေရော၊ ကုန်းကြောင်းတွေရော ဒါတိုက်ခိုက် ချေမှုန်းနေတဲ့ သဘောတရား ရှိပါတယ်လို့ပဲ ကျနော်က မြင်ပါတယ်”
စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွှေကူ မြို့နယ် စီမူလေး၊ စီမူကြီး၊ မံဝိန်း၊ စီသာ၊ စီသောင်၊ မံနား၊ မံခါးကျေးရွာတွေမှာ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိသလို ဒေသခံ ၄၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
စစ်ကိုင်းမြို့နယ်က တလိုင်းရွာကိုလည်း ဧပြီလ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုဟန်ထွန်း၊ အသက် ၅၀ အရွယ် ဦးသိန်းဝင်းတို့ ဒဏ်ရာရရှိခဲ့တယ်လို့ တလိုင်းရွာဒေသခံက ပြောပါတယ်။ နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်က အကုန်လုံးကို သိမ်းကျုံးပစ်ခတ်ခဲ့တာကြောင့် အသက်လုပြီး ပြေးခဲ့ရ တယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အေးကွာ ဒို့ပြည်သူတွေ တအားဒုက္ခရောက်နေပြီကွ။ ဒီလောက် ရက်ရက်စက်စက် ကြီးက မလုပ်သင့်ဘူး။ မဆိုင်တဲ့ပြည်သူတွေကွာ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားပါ မချန်ဘူး အကုန်ပစ်တာ။ ကလေးတွေ ရော၊ သက်ကြီးရွယ်အိုတွေရော၊ ကိုယ်တစ်ပိုင်း သေတွေရော မလွတ်လွတ်အောင် မနည်းလုပ်ရတယ်။ ဘယ်လောက်ဒုက္ခများလဲ။ ရက်ရက်စက်စက်ကိုကွာ”
တလိုင်းရွာက ဆေးပေးခန်းကို PDF တွေရှိတယ်ဆိုတဲ့သံသယနဲ့ အဓိကထားတိုက်ခိုက် ခဲ့တာလို့ သူက ပြောပါ တယ်။
လက်ရှိမှာ တလိုင်း၊ ကျောင်းဖြူ၊ စဉ့်ကိုင်၊ အုတ်ဖို၊ ချောင်းဦး၊ မယ်ဇလီချောင်း၊ ထုံးဘို၊ မြေတိုင်၊ ကသဲတာ၊ ထိပ်စုကုန်း၊ အုန်းသဇင်ရွာတွေက အရပ်သား ၆၀၀၀ နီးပါး အိုးအိမ် စွန့်ခွာထွက်ပြေးနေရပါတယ်။
အလားတူ ဗန်းမောက်မြို့နယ် ကြောင်လည်ရွာကိုလည်း ဧပြီလ ၉ ရက်နေ့ မနက် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။
စစ်ကိုင်းတိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်း တိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆို ပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးလိုအပ်တယ်လို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
အခုလို စစ်ကောင်စီဘက်က စစ်ရေးအရှိန်မြှင့်တင်လာတာဟာ ရွေးကောက်ပွဲကျင်းပဖို့နဲ့ နယ်မြေတည်ငြိမ် အေးချမ်းဖို့အတွက်ဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထား တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က RFA ကို ပြောပါတယ်။
“၂၀၂၃ ဆိုရင်တော့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့တို့၊ နယ်မြေတည်ငြိမ်အေးချမ်းဖို့ တို့ အဲဒီကိစ္စတွေရှိတဲ့ အခါကျတော့ အချိန်သွားဆုံတာလည်းပါတာပေါ့။ အရင်တုန်းက လို နားလည်မှုပေးပြီးတော့ ပြန်လာနိုင်မယ့် အချိန်က သူတို့ (စစ်ကောင်စီ) ဘက်မှာ အကန့်အသတ်က ရှိသွားပြီလေ။ ဒါကိုဆက်ပြီးထားနိုင်ဖို့က အဆင်မပြေ တော့ဘူး။ အဲတော့ အဓိကနယ်မြေတည်ငြိမ်ရေးအတွက် ပိုပြီးအားထုတ် လုပ်လာတဲ့သဘောပါပဲ"
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မတ်လထုတ် အစီအရင်ခံစာမှာ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို နှစ်ဆတိုးလုပ်ဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာပါ အချက်အလက်တွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဟာ ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၂ ခုနှစ် ဇန်ဝါရီအတွင်း ၁၂၅ ကြိမ် ရှိရာကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ၃၀၁ ကြိမ်အထိ နှစ်ဆကျော် မြင့်တက်လာပါတယ်။