တောင်ကုတ်မှာ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ အရပ်သား ၁၅ ဦး သေဆုံး

RFA Burmese
2024.10.08
တောင်ကုတ်မှာ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ အရပ်သား ၁၅ ဦး သေဆုံး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကံဆိပ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က လေကြောင်းနှင့် ဗုံးကြဲခံရအပြီး တွေ့ရစဥ်။ (ပုံအဟောင်း)
Citizen Photo

Updated 5:36 PM, Oct 8,2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာရှိတဲ့ တန်းလွဲရွာမမြို့ကို စစ်ကောင်စီက အောက်တိုဘာ ၇ ရက်နေ့ ည ၁၁ နာရီကျော်က ဂျက်တိုက်လေယာဥ်နှစ်စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၅ ဦး ပွဲချင်းပြီးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်တွေက နေအိမ်ပေါ် တည့်တည့်ကြဲချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးကျော်မြသန့်နဲ့ ခင်မောင်ဇင်ရဲ့ နေအိမ်က ပူးလို့ ကပ်လို့ ရှိတာ။ အဲဒီအိမ်ကို တိုက်ရိုက်ကျတာလေ။ အဲဒီအနားမှာ အိမ်တွေအကုန်လုံးက ပူးကပ်လို့ပဲ။ ခြံစည်းရိုး နည်းနည်းပဲခြားတယ်။ မိသားစုလိုက် သေဆုံးသွားတာလည်း ရှိတယ်။ တချို့တွေမှာဆို မိသားစုသုံးယောက်၊ မြေးလေးရယ်၊ သားအဖနှစ်ယောက်ရယ်၊ အဲဒီလိုလည်း ပါတယ်။ လင်မယားနှစ်ယောက် သေဆုံးသွားတယ်လည်း ရှိတယ်”

သေဆုံးသူတွေဟာ ၆ နှစ်အရွယ် မောင်စွမ်းဆက်နိုင်၊ အသက် ၇၀ အရွယ် ဦးကျော်မြသန့်နဲ့ ဦးအောင်ကျော်စိန်၊ အသက် ၆၀ ကျော်အရွယ် ဦးခင်မောင်ဇင်၊ အသက် ၄၀ အရွယ် ဦးမောင်ကြီး၊ အသက် ၅၀ ကျော်အရွယ် ဦးမောင်မြင့်လွင်၊ ၄၈ နှစ်အရွယ် ဦးခင်မောင်ရီနဲ့ ၂၉ နှစ်အရွယ် ကိုဆန်းဇော်ဌေးတို့ အမျိုးသားရှစ်ဦးနဲ့ အသက် ၆၀ ကျော်ရွယ် ဒေါ်မတင်ရီ၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ဆန်းနဲ့ ဒေါ်ရွှေလာ၊ အသက် ၄၀ ကျော်အရွယ် ဒေါ်ဆန်းဌေးမြင့်နဲ့ ဒေါ်မချစ်စု၊ နောက်ထပ် အမည်အတည်မပြုနိုင်သေးသူ နှစ်ဦး၊ စုစုပေါင်း ၁၅ ဦး ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိပြီး ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲကြောင့် သူတိုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။

“စစ်ကောင်စီက ထပ်မံဗုံးလာကြဲမှာကို စိုးရိမ်ကြတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်”

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း အဲဒီတန်းလွဲရွာမကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရသွားခဲ့ပါတယ်။ ရွာအနီးအနားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ညအချိန်တွေမှာ စစ်ကောင်စီတပ်က ဗုံးကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတန်းလွဲရွာမမြို့မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်ဆိုပြီး စစ်ကောင်စီတပ်က အခုလို ဗုံးလာကြဲတာတွေ ဖြစ်နိုင်တယ်လို့ တောင်ကုတ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကကတော့ အဲဒီရွာမမှာ AA တပ်သားတွေ ရှိနိုင်တယ်ဆိုပြီး ဗုံးချတာ ဖြစ်နိုင်တယ်။ စက်တင်ဘာလကလည်း အဲဒီလိုပဲ တစ်ခေါက် လာကြဲသေးတယ်။ အခု တောင်ကုတ်မှာ တိုက်ပွဲဖြစ်တာ မရှိသေးပေမဲ့ စစ်ရေးကတော့ တင်းမာနေတယ်လေ။ ပြီးရင် တပ်ရင်းတွေကို ဝင်တိုက်မှာကိုလည်း စိုးရိမ်လို့ဖြစ်မှာပေါ့။ အဲဒါကြောင့် ဗုံးလာကြဲတာ ဖြစ်နိုင်ပါတယ်”

တန်းလွဲရွာမမြို့မှာ ရပ်ကွက် ခြောက်ခု၊ အိမ်ခြေ သုံးထောင်ကျော်၊ လူဦးရေ တစ်သောင်းကျော် နေထိုင်ပြီး စစ်ကောင်စီက ထပ်မံ ဗုံးလာကြဲမှာကို စိုးရိမ်ကြတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၅) အခြေစိုက်ရာ တောင်ကုတ်မြို့မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်စခန်းတွေနဲ့ တခြားတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က ဝန်းရံပိတ်ဆို့ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) နဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီအတွက် အရေးပါတဲ့ မဲတောင် စစ်ဗျူဟာကုန်းကို အပြီးသိမ်းပိုက်ထားပါတယ်”

တောင်ကုတ်မြို့နယ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်မှာတော့ စစ်ကောင်စီအတွက် အရေးပါတဲ့ မဲတောင် စစ်ဗျူဟာကုန်းကို အပြီးသိမ်းပိုက်ထားတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် တောင်ကုတ်မြို့နယ် တန်းလွဲရွာမရှိ အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် တောင်ကုတ်မြို့နယ် တန်းလွဲရွာမရှိ အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

အဲဒီဗျူဟာကုန်းမကျဖို့ကို စစ်ကောင်စီက မြို့ပေါ်က တပ်အင်အား အလုံးအရင်းအပြင် လေကြောင်းတွေနဲ့ပါ အပြင်းအထန် ခုခံခဲ့ပေမဲ့ အချိန် ၁၃ ရက်ခန့်အကြာမှာ AA က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမ်းဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

“မဲတောင်ဟာ အမ်းရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အမ်းမှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေအတွက် အကာအရံတွေ လုပ်ထားတဲ့ တစ်ခုတည်းသော နေရာပေါ့။ အဲဒီ မဲတောင် ကျသွားပြီဆိုတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အမ်းမှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေအတွက် ခြိမ်းခြောက်စရာတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။ စစ်ရေးအရှိန် ဆက်ပြီးတော့ မြှင့်နေမယ်ဆိုရင်တော့ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပါ သိမ်းပိုက်နိုင်တဲ့ အခြေအနေရှိတယ်”

စစ်ကောင်စီတပ်ဟာ တိုင်းစစ်ဌာနချုပ်နဲ့ အမ်းမြို့ကို ကာကွယ်ဖို့အတွက် တောဟိန်းတောင်နဲ့ မဲတောင်ဗျူဟာကို အဓိက ရှေးတန်းခံစစ်အဖြစ် အသုံးပြုပြီး စစ်အင်အား အလုံးအရင်းနဲ့ ခုခံခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

တောင်ကုတ်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဂွမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်တစ်ပတ်ခန့် ရှိနေပြီဖြစ်ပြီး ကိုင်းခုန်နဲ့ ကံဂေါ်တောင်က တပ်စခန်းတွေကို AA က သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ ဒီနေ့မှာတော့ ကုလားပြင်ရွာမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ အမည်မဖော်လိုတဲ့ ဂွဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကုလားပြင်ရွာမှာတော့ အခုအထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ ရဲစခန်းကုန်းအဝင်ဘက် အပေါ်တောင်ကြောတွေဘက်မှာ အခုမနက်အထိ တိုက်ပွဲဖြစ်နေကြတုန်းပဲ။ ဒီနေ့မနက် ၆ နာရီမတိုင်ခင်ကနေ ဖြစ်တာ၊ ၁၀ နာရီဝန်းကျင်လောက်အထိ တိုက်ပွဲဖြစ်နေတာ။ အရင်ရက်တွေနဲ့ပါဆိုရင် တိုက်ပွဲဖြစ်တာ တစ်ပတ်ကျော်လောက်ရှိပြီ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အခု ကျွန်တော်ရှိနေတဲ့ နေရာနဲ့ဆိုရင် တစ်မိုင်လောက်ပဲ ဝေးတယ်။ လက်နက်ငယ် ပစ်တာတွေလည်း ကြားနေရပါတယ်”

စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းပြီး ခုခံနေသလို ကုလားပြင်ရွာရဲ့တောင်ဘက် ငါးမိုင်ခန့်အကွာမှာရှိတဲ့ သံကြိုးတပ်စခန်းနဲ့ ကြွေချိုင်တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူကိုးဆယ်ကျော် သေဆုံး

ဂွမြို့နယ်မှာ တိုက်ပွဲပြင်းထန်လာပြီးနောက် ဒေသခံတွေ နေရပ်စွန့်ခွာ

စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး စစ်ဘေးဒုက္ခသည်တွေ မယုံကြည်


တောင်ကုတ်မြို့နယ်က လေကြောင်း တိုက်ခိုက်မှုတွေအပြင် တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်း သူတို့ လက်လွှတ်လိုက်ရတဲ့ မြို့နယ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေတဲ့ မြို့နယ်တွေမှာ အရပ်သားတွေ ရှိတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပြီးလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၉၃ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားတာ အချိန်တစ်နှစ်နီးပါး ကြာမြင့်လာနေပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် ဒေသခံများ၏ပြောဆိုချက်များကို ထပ်မံ ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။