ဂွမြို့နယ်မှာ တိုက်ပွဲပြင်းထန်လာပြီးနောက် ဒေသခံတွေ နေရပ်စွန့်ခွာ
2024.10.05

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ အောက်တိုဘာ ၃ ရက်ကစပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့ခံတစ်ဦးက RFA ကို အောက်တိုဘာ ၅ ရက် ဒီနေ့မှာ ပြောပါတယ်။
ဂွမြို့နယ်နဲ့ မိုင်သုံးဆယ်ကျော်သာဝေးတဲ့ ရတနာမြိုင်၊ ကိုင်းခုံနဲ့ ဆားချက်ရွာတွေမှာ တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီတပ်က ဂွမြို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဂွ ဘက်ကနေပစ်တဲ့ အဝေးပစ်တွေ အသံတော့ကြားရတယ်။ ဆက်တိုက်တော့ မဟုတ်ဘူး။ တချို့ပစ်လိုက်၊ နားသွားလိုက်။ ပစ်ချင်တဲ့အချိန် ထပစ်လိုက်နဲ့။ ထွက်တဲ့သူတွေက အစောကြီးကတည်းက ထွက်သွားကြပြီ။ တချို့တလေကျတော့ မပြေလည်လို့ ကျန်ခဲ့တာမျိုးတွေ အဲဒါက ရွာနဲ့ နီးတဲ့နေရာတွေကိုပဲ ပြောင်းပြီး နေကြတယ်ပေါ့။ ဒီဘက်ကပစ်ရင် ဟိုဘက်ကိုပြေး။ ဟိုဘက်ကပစ်ရင် ဒီဘက်ကိုပြေးပေါ့”
စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်တဲ့နေရာတွေကို လေယာဉ်တွေနဲ့ ပစ်ကူတာတွေရှိတာကြောင့် ဒေသခံတွေဟာ ဧရာဝတီတိုင်းကို စစ်ဘေးတိမ်းရှောင်နေရသူတွေရှိသလို တိုက်ပွဲဖြစ်နေတဲ့ ရွာတွေအနီးကနေ တိမ်းရှောင်သူတွေ ရှိတယ်လို့ ဂွမြို့ဒေသခံတွေက ပြောပါတယ်။
လက်ရှိတိုက်ပွဲအခြေအနေရ ဒေသခံတွေရဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရေအတွက်ကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ စစ်ကောင်စီတပ်ဘက် ကိုင်တွယ်နေတာကြောင့် မသိရှိရတဲ့အကြောင်း RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ကျိန္တလီမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ဩဂုတ် ၁၂ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် လူဦးရေ လေးသောင်းကျော် (၄၂,၄၃၄ ဦး) ရှိတဲ့ ဂွမြို့နယ်က ဒေသခံပြည်သူ သုံးသောင်းခန့်ဟာ ဧရာ၀တီတိုင်းကို အများဆုံးထွက်ပြေးတိမ်းရှောင်နေရပါတယ်။