စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး စစ်ဘေးဒုက္ခသည်တွေ မယုံကြည်
2024.10.05

တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်မှာ ကြေညာပါတယ်။
ဒီလို ငြိမ်းချမ်းရေးဖိတ်ခေါ်ထားပေမဲ့ နိုင်ငံအနှံ့ လေကြောင်းထိုးစစ်တွေ ပြင်းပြင်းထန်ထန်လုပ်နေပြီး အရပ်သားနဲ့ စစ်ဘေးဒုက္ခသည်သေဆုံးမှုကလည်း များပြားလာနေပါတယ်။
ဒါကြောင့် ဒီဖိတ်ခေါ်ချက်ဟာ စစ်ဘေးဒုက္ခကြုံနေရသူတွေအတွက်တော့ ဟန်ပြငြိမ်းချမ်းရေးဖိတ်ခေါ်မှုသာ ဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
"အိုးအိမ်စည်းစိမ်တွေ အဆုံးရှုံးခံပြီးမှ ဒုက္ခခံပြီးပြီဆိုတော့ ဒီတော်လှန်ရေးကို အဆုံးစွန်ထိ အောင်မြင်အောင် လုပ်စေချင်တယ်"
ကိုးကန့်တပ်မတော် (MNDAA) သိမ်းထားတဲ့ လားရှိုးမြို့မှာ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ကြုံနေရတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ လားရှိုးမြို့က စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မယုံကြည်ဘူးလို့ RFA ကို ပြောပါတယ်။
“စိတ်ရင်းစေတနာနဲ့ ခေါ်တဲ့ဖိတ်ခေါ်မှုမဟုတ်ဘဲနဲ့ ဟန်ပြသဘောလို့ ထင်ပါတယ်။ စိတ်ရင်းစေတနာနဲ့ ဖိတ်ခေါ်ပွဲကို လုပ်တယ်ဆိုရင်တော့ ညတိုင်းလိုလို လားရှိုးမြို့ကို ဗုံးကြဲစရာအကြောင်းမရှိဘူးပေါ့။ အိုးအိမ်စည်းစိမ်တွေ အဆုံးရှုံးခံပြီးမှ ဒုက္ခခံပြီးပြီဆိုတော့ ဒီတော်လှန်ရေးကို အဆုံးစွန်ထိ အောင်မြင်အောင် လုပ်စေချင်တယ်။ ပန်းတိုင်မရောက်ဘဲနဲ့ လမ်းတစ်ဝက်မှာရပ်သွားတဲ့ အပြေးသမားတော့ မဖြစ်ခိုင်းစေချင်ဘူးပေါ့”
လားရှိုးမြို့ကို စစ်ကောင်စီက သြဂုတ်လ ၃၀ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်လအတွင်း ဆယ်ကြိမ်ထက်မနည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး အရပ်သား ငါးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တော်လှန်ရေးအင်အားစုတွေ ငြင်းပယ်
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု နိုင်ငံရေးအမြတ်ထုတ်မှုဖြစ်ကြောင်း IEC ပြော
စစ်ကောင်စီ ဖိတ်ခေါ်ချက်ကို ပယ်ချကြောင်း NUG နဲ့ NUCC ပူးတွဲထုတ်ပြန်
နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် လားရှိုးဒေသခံတချို့လည်း ပြန်လည် နေရပ်စွန့်ခွာနေကြသလို တချို့က အခုချိန်ထိ နေရပ်မပြန်ကြသေးပါဘူး။
ချင်းပြည်နယ် မတူပီမြို့က စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ ထူးခြားမှုရှိမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ စစ်ဘေးဒုက္ခသည် အကုန်လုံးက အိမ်ပြန်ချင်တာပေါ့၊ အကုန်လုံးငြိမ်းချမ်း ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ လက်ရှိအခြေအနေအရတော့ အားလုံး တိုင်းပြည်အခြေအနေ သိတဲ့အတိုင်းပဲ သူတို့ ငြိမ်းချမ်ရေးခေါ်ရင်လည်းအစကတည်းက ခေါ်ရင်တော့ဟုတ်တာပေါ့။ အခုက အားလုံးပျက်သုဉ်းသွားတဲ့အချိန်မှာ သူတို့က နောက်ဆုံး ငြိမ်ချမ်းရေးလုပ်မယ်ဆိုရင်လည်း သူတို့ရဲ့ဆန္ဒကတော့ ငါတို့ဆီမှာ အကုန်လုံးဝင်လာကြပါ ထိုနည်းပဲဖြစ်မှာပေါ့ အရင်အတိုင်းပဲ။ အဲဒီလိုဖြစ်တဲ့အခါကျတော့ ဘာမှမထူးဘူးလို့ အဲလိုပဲထင်တယ်”
စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေတဲ့ ချင်းပြည်နယ်မှာ ပြည်မနဲ့ ဆက်သွယ်ထားတဲ့လမ်းတွေကို စစ်ကောင်စီတပ်က ဖြတ်တောက်ထားလို့ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပါတယ်။
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က မြို့တွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေပါတယ်။
AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့က စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ နေရပ်ပြန်ချင်ပေမဲ့ လက်ရှိအခြေအနေတွေ အရ မဖြစ်နိုင်သေးဘူးလို့ RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ စစ်ဘေးရှောင်တွေအနေနဲ့တော့ ဘယ်လိုပြောမလဲဗျာ အားလုံးကို အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားစေချင်တယ်။ အဲဒီလိုဖြစ်သွားမှာလည်း ကိုယ့်အိမ်ကိုယ်ယာကို ကျွန်တော်တို့က ပြန်နိုင်မှာပေါ့။ မဟုတ်ရင်တော့ ကျွန်တော်တို့ က ဘယ်အချိန်ထိ ဒီမှာနေရမလဲဆိုတဲ့ ကဏ္ဍက ရှိတယ်”
တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့က စစ်ဘေးဒုက္ခသည် တစ်ဦးကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ RFA ကိုပြောပါတယ်။
“အာဏာသိမ်းတဲ့အချိန်ကတည်းက ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘဲ အဏာသိမ်းစစ်အစိုးရက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် သတ်ဖြတ်ခဲ့လို့ အခုလိုဖြစ်လာတာ။ အခုက ပြည်သူ့အိုးအိမ် စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးပြီးမှ စဉ်းစားတတ်တဲ့လူတိုင်းက ဘယ်လို ယုံကြည်မလဲ။ စစ်ရှောင်တစ်ယောက်အနေနဲ့ (ပြောချင်တာက) ငြိမ်းချမ်းရေး ဖိတ်ခေါ်တာက ကောင်းပါတယ်။ ဒါပေမဲ့ ဒီဖိတ်ခေါ်မှုက ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ မထင်ဘူး”
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်တွေကြောင့် မိုးမောက်မြို့မှာ တစ်ကျော်အကြာ တိုက်ပွဲဖြစ်နေပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် မိုးမောက်မြို့မှာ ထိခိုက်ပျက်စီးမှုတွေ ဆက်ရှိနေတာကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က အလုပ်မဖြစ်ဘူးလို့ RFA ကိုပြောပါတယ်။
“အိမ်ပြန်ဖို့ကတော့ မျှော်လင့်တာပေါ့ ကျွန်မတို့။ ကိုယ်အိမ်ခြံ ကိုယ့်မြေထဲမှာပဲ ဘယ်သူမဆို နေချင်တာပဲလေ။ အခုဒီစစ်ရှောင်နေတဲ့အချိန်ကာလမှာ ဒုက္ခကတော့မျိုးစုံပဲ။ ကျွန်မတို့ကျတော့ အခုကာလအထိ တောင့်ခံခဲ့ တယ်ဆိုတော့ ကျွန်မတို့ဆုံးရှုံးနစ်နာမှုတွေလည်း တော်တော်များသွားပြီ။ တချို့ဆိုတော့ အိမ်တွေအကုန်လုံး ပျက်စီးသွားတယ်။ ပြန်တဲ့အချိန်လည်း နေစရာထိုင်စရာက မရှိတော့ဘူး အဲလောက်ထိ ကျွန်မတို့က တောင့်ခံပြီး ဆုံးရှုံးနစ်နာမှုတွေနဲ့ ဖြစ်ပြီးပြီ။ ဆက်ပြီးမှလည်း ဆုံးရှုံးမှုလည်း ဘာမှလည်း သိပ်မရှိတော့ဘူး။ ဆက်တောင့်ခံဖို့ပဲ ရှိတော့တာပေါ့ ကျွန်မတို့ဘက်က”
စစ်ကောင်စီက ငြိမ်းချမ်းရေးဖိတ်ခေါ်ထားပေမဲ့ စစ်ကိုင်းတိုင်း အင်းတော်၊ ပင်လည်ဘူး၊ ကန့်ဘလူ၊ ထီးချိုင့်၊ ကောလင်း၊ ခင်ဦးနဲ့ ဘုတလင် စတဲ့မြို့တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အပေါ် စစ်ဘေးဒုက္ခသည်တွေက ယုံကြည်မှုကင်းမဲ့နေတဲ့အကြောင်း တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြား နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းခန့် ရှိလာပြီ ဖြစ်ပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီက ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ စက်တင်ဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၅ ရက် ဒီနေ့အထိ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရပ်သား ၅၁ ဦး ရှိပါတယ်။
ဒီ့အပြင် ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လကုန်အထိ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးပြီးနောက် လူငါးယောက်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ခြောက်ရာကျော် (၆၄၃ ဦး) ရှိတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။