စစ်ကောင်စီ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တော်လှန်ရေးအင်အားစုတွေ ငြင်းပယ်

RFA Burmese
2024.09.27
စစ်ကောင်စီ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တော်လှန်ရေးအင်အားစုတွေ ငြင်းပယ် ပဲခူးခရိုင် အမှတ်(၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
NUG- Ministry of Defense Photo

စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )တွေ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းကနေဖြစ်ဖြစ်၊ ရွေးကောက်ပွဲ လမ်းကြောင်းကနေဖြစ်ဖြစ် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ဖိတ်ခေါ်လိုက်ပြီး တော်လှန်ရေး အင်အားစုတချို့ကတော့ ဒါကို ငြင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ NUG လက်အောက်ခံ မဟုတ်တဲ့ PDF တပ်ဖွဲ့တွေကို စစ်ကောင်စီဘက်က အခုလို ဖိတ်ခေါ်တာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

“စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ လုပ်ဆောင်မှုမှန်သမျှ ကျွန်တော်တို့ကတော့ လက်မခံဘူး"

အရင်ကတော့ စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) မဟုတ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အသိအမှတ်မပြုသလို အမြစ်ဖြတ်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားတာပါ။


ဆက်နွှယ်သော သတင်းများ

ရပ်ရွာတွေကို ဗုံးကြဲမှုက ငြိမ်းချမ်းရေး ထိခိုက်စေကြောင်း MNDAA ပြော

အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီ ကြေညာချက်ကြောင့် တရုတ်ရဲ့ အပစ်ရပ်ကြိုးပမ်းမှု ထိခိုက်

ရှမ်းမြောက်က တိုက်ပွဲအရှိန်လျော့ရေး ဆက်လက်ပါဝင်မယ်လို့ တရုတ်ပြော


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို လက်မခံသလို ထည့်သွင်းစဉ်းစားမှာလည်း မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“ပြည်သူလူထုတစ်ရပ်လုံးနဲ့ တော်လှန်ရေးတစ်စုံလုံးကို ဒါအပြစ်တွေပုံချပြီးတော့ သူသာလျှင် အမှန်ပေါ့နော်။ သူစီမံတဲ့လမ်းကြောင်းအတိုင်း လိုက်ပါဆိုပြီးတော့ ဒါပြောသွားတာပေါ့။ ဒါက ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့တော့ ထည့်သွင်းစဉ်းစားစရာ အကြောင်းမရှိဘူးပေါ့နော်”

စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်မှာ PDF အဖွဲ့လို့ သုံးနှုန်းဖော်ပြထားပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကိုတော့ မဖော်ပြပါဘူး။

လက်ရှိ မြေပြင်မှာတိုက်ပွဲပြင်းထန်နေတဲ့ မန္တလေးတိုင်းက မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ လုပ်လာတာက နှစ်ပေါင်းမနည်းတော့ဘူးလေ။ ERO တွေဆိုရင် ကြာပြီးပဲဥစ္စာကို။ သူတို့နဲ့ ခဏဆွေးနွေးတယ်။ နောက်ပြီးကျတော့ သူ့တို့ လုပ်ချင်တာလုပ်တယ်။ ဒါတွေက အခုချိန်ကာလက ကျွန်တော်တို့ ဒီဘက်ကနော် အကုန်လုံး PDF တွေ အနေနဲ့ရော၊ PDF တွေ အနေနဲ့ကတော့ လုံး၀ဆွေးနွေးမှာ မဟုတ်ဘူးဗျ ဒီပွဲကကျတော့။ ဆွေးနွေးစရာလည်း အကြောင်းမရှိဘူး ဒီပွဲက”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ကလည်း စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို လက်သင့်မခံကြပါဘူး။

ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေးကတော့ ဒီကမ်းလှမ်းချက်ကို ထည့်သွင်းစဉ်းစားစရာ အကြောင်းမရှိဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်တွေက ကျွန်တော်တို့ မြင်တာက လွန်ခဲ့သော နှစ်ပေါင်း ခုနစ်ဆယ်ကျော်က အတွေးအခေါ် အယူအဆတွေပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံပြီးတော့ ဆွေးနွေးမှာလည်း မဟုတ်သလို ကျွန်တော်တို့အနေနဲ့ အကြိမ်ကြိမ်ထုတ်ပြန်ထားတဲ့ သဘောထားတွေကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့ စဉ်းစားစရာ ဘာအကြောင်းမှမရှိဘူးလို့ပဲ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်”

ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီကလည်း စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ဟာ လက်ရှိအချိန်မှာ လက်တွေ့မကျသလို လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ လုပ်ဆောင်မှုမှန်သမျှ ကျွန်တော်တို့ကတော့ လက်မခံဘူး။ အဲဒီပြင်ပက လုပ်မယ်ဆိုရင်လည်း အခု မြန်မာ့နိုင်ငံရေး၊ ပြည်သူလူထု အနေအထား၊ အခင်းအကျင်း၊ စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှုကို ကြည့်လိုက်ရင်တော့ ဘယ်လိုမှ ဒါက လက်တွေ့ကျတာ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူးပေါ့”

ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်စွန့်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ကမ်းလှမ်းလာပေမဲ့ အခုလဆန်းပိုင်းကမှ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာပါ။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ကို ပူးပေါင်းဖွဲ့စည်းထားတာပါ။

တအာင်းတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးကတော့ စစ်ကောင်စီအနေနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ဝန်ခံပြီး TNLA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ပေးမှသာ ဒီဖိတ်ခေါ်မှုကို စဉ်းစားမယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်မတို့ PSLF/ TNLA အနေနဲ့ကတော့ တကယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးတော့မယ်ဆိုရင်တော့ နံပါတ်တစ် တစ်ချက်ကတော့ ကျွန်မတို့ကို ဒီအကြမ်းဖက်အုပ်စုအဖြစ်ကနေ ပယ်ဖျက်ရမယ်။ နောက်ပြီးတော့ နံပါတ်နှစ် အချက်ကတော့ စစ်ကောင်စီကလည်း ဒီအကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်။ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အကြောင်း ဝန်ခံပြီးတော့မှ ပြည်သူ့ဘက် အကုန်လုံးကလည်း ဆွေးနွေးဖို့ လာတယ်ဆိုရင်တော့ ကျွန်မတို့ဘက်က တစ်နည်းတစ်ဖုံ စဉ်းစားမှာဖြစ်ပါတယ်”

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲဖို့ မဖြစ်နိုင်ဘူးလို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီရဲ့ တော်လှန်ရေးအင်အားစုတွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တာဟာ ဟန်ပြသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ပြောရင်တော့ သူ့ (စစ်ကောင်စီ) အနေနဲ့နော် သူ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအတွက် ပျော့ပြောင်းတဲ့ သဘောထားတွေနဲ့ အကောင်အထည်ဖော်နေတယ်ဆိုတာကို ပုံဖော်ချင်လို့ အခုကတော့ PDF တွေကို ဖိတ်လိုက်တာပါ။ ဒါကြောင့်လည်း သူ PDF တွေကို ခွဲထုတ်ပြီးတော့ သူ့ခေါင်းဆောင်အဖွဲ့တွေကို ရည်ညွှန်းပြောဆိုတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဟန်ပြလုပ်ပြပေးတဲ့ သူ့ရဲ့ ကြေညာချက်ပဲဖြစ်တယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်”

တအောင်းအမျိုးသားတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ (Telegram/ PSLF/TNLA News Photo)
တအောင်းအမျိုးသားတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ (Telegram/ PSLF/TNLA News Photo)

စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် သန်းခေါင်စာရင်း ကောက်ယူတာကို အောက်တိုဘာလ (၁) ရက်နေ့မှာ စတင်လုပ်ဆောင်တော့မှာဖြစ်သလို သူတို့အနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ တော်လှန်ရေး အင်အားစုတွေကို ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ရွေးကောက်ပွဲ ကျင်းပရေးကြိုးပမ်းရာမှာ အမြင်လှအောင် ဟန်ရေးပြလုပ်ဆောင်တာလို့ ဝေဖန်နေကြတာပါ။

အာဏာသိမ်း စစ်ကောင်စီရဲ့ ဖြုတ်ချခြင်းခံခဲ့ရတဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ၃၆ နှစ်မြောက် အခမ်းအနားကနေတစ်ဆင့် စက်တင်ဘာ ၂၇ ရက်နေ့ ဒီနေ့ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီက ပြည်တွင်းနဲ့ နိုင်ငံတကာကို လှည့်စားဖို့ကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို ပူးပေါင်းပါဝင်မှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။