ရှမ်းမြောက်က တိုက်ပွဲအရှိန်လျော့ရေး ဆက်လက်ပါဝင်မယ်လို့ တရုတ်ပြော
2024.08.31

မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေ အရှိန်လျော့ရေးအတွက် တရုတ်နိုင်ငံက ဆက်လက်ပါဝင်မယ်လို့ ဩဂုတ်လ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှု လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေအတွက် ဆွေးနွေးဖို့နဲ့ အပစ်ခတ်ရပ်စဲဖို့ လုပ်ငန်းတွေကို အမြဲလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
AFP သတင်းဌာနက တရုတ်နိုင်ငံဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို စစ်ဆင်ရေးရပ်တန့်ဖို့ တောင်းဆိုတယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တဲ့အပေါ် တရုတ်သံရုံးက အခုလို ထုတ်ဖော်ဖြေကြားတာလည်း ဖြစ်ပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့လုံခြုံရေးကော်မတီက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ သတိပေးစာ ပို့ခဲ့တာပါ။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်ဖြစ်တဲ့ မစ္စ မာကျားက ဩဂုတ်လ ၃ဝ ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲမှာတော့ မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်နဲ့ စစ်ပွဲတွေဖြစ်နေတာ၊ ပြည်တွင်းရေးကို ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာနဲ့ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲပြီး တရုတ်နိုင်ငံကို အမည်ဖျက် အပုပ်ချနေတာစတဲ့ အချက်တွေကို ဆန့်ကျင်တဲ့ကြောင်း ဩဂုတ်လ ၁၅ ရက်နေ့က တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။