ကာချုပ်ရဲ့ NCA ၅ နှစ်မြောက် မိန့်ခွန်းအပေါ် တိုင်းရင်းသားတချို့ အမြင်

ခင်မောင်စိုး
2020.10.16

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA  ၅ နှစ်မြောက်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ တပ်မတော်အနေနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကနေ ဝန်ကြီးချုပ်တွေ ရွေးချယ်ခန့်ထားဖို့ လိုလားကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ထောက်ခံပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းကို ကြိုဆိုသူတွေရှိသလို တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကို အသာစီးရဖို့ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ပေါ်ထွက်နေပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သူ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေက ရွေးချယ်ဖို့ အောက်တိုဘာလ ၁၅ ရက်နေ့က ပြောကြားခဲ့တာဟာ ဒီမိုကရေစီနည်းကျတဲ့ အချက်ဖြစ်တယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောပါတယ်။

“ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်မှာနဲ့ပတ်သက်ပြီး ပုဒ်မ ၂၆၁ (ခ) ကို ပြင်ကိုပြင်ရမယ်။ ဒါက ဒီမိုကရေစီနဲ့ မကိုက်ညီဘူး။ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က အများစုမဲနဲ့ တင်မြှောက်မယ်။ ခန့်တာကတော့ သမ္မတ ကပေ့ါ။ ဒါပေမယ့် ရွေးချယ်တင်မြှောက်တာကတော့ ပြည်နယ်လွှတ်တော်ကပဲ ဖြစ်ရမယ်။ ဘာအကြောင်းပြချက်နဲ့မှ ဒါကိုမပြင်ဘူးဆိုတာကတော့ မဖြစ်သင့်ဘူး။ ဒီမိုကရေစီလိုလားရင် ဒါ ပြင်ကိုပြင်ရမယ်။ အဓိက က ငြိမ်းချမ်းရေး အမြန်ရရှိရေး၊ အဲဒီဘက်ကို ဦးတည်ဖို့ လိုအပ်တယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ပေးနိုင်တဲ့အစိုးရ ပေါ်ပေါက်လာအောင် ပုံဖော်ဖို့လိုအပ်တယ်လို့ ကျနော်မြင်တယ်”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က...  စိုင်းကျော်ညွန့်ကတော့ ကာကွယ်ရေးဦးစီးချုပ်ပြောဆိုချက်တွေဟာ ဒီမိုကရေစီနည်းမကျဘူးလို့ ပြောပါတယ်။

“တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ်ကို လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိတဲ့ အခင်းအကျင်းအတိုင်းပဲ ရွေးကောက်တင်မြှောက်ရမယ်ဆိုရင် ကျနော်တို့က လက်မခံဘူး။ သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်မှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် တယောက်မှ မရှိတော့ဘူးဆိုတဲ့ အချိန်ဆိုရင်တော့ ဒါက ဒီမိုကရေစီဖက်ဒရယ်ပုံစံသွားတဲ့ အတွက်ကြောင့်မို့ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်လွှတ်တော်က ရွေးကောက်တင်မြှောက်တယ်ဆိုတာကို ကျနော်တို့လက်ခံမယ်”

PR(Proportional representation) စနစ်ကို ကျင့်သုံးရင် ဘာဖြစ်လာနိုင်မလဲခင်ဗျ။

“PR စနစ်ကို သုံးလိုက်ပြီဆိုတာနဲ့ USDP ကလွှတ်တော်မှာ ၃ဝ ရာခိုင်နှုန်းလောက် ရသွားမယ်။  ပြောရမယ်ဆိုရင် USDP က အမာခံ ပရိသတ်ရှိတယ်။ သူက တချို ့နေရာတွေမှာ ကပ်ရှုံးခဲ့တာ။ ဒါပေမယ့် မဲကရှိတယ်။ PR စနစ်က မဲပေးတဲ့အရေအတွက် စုစုပေါင်းနဲ့ သွားရတာကိုး ။ ဒါကြောင့် သူက PR ကို သုံးချင်တာ။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုမျိုးရန်နောင်သိန်း ကလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေဟာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး အတွက်ပဲ အကျိုးရှိနိုင်တယ်လို့ ဝေဖန်ပါတယ်။

“ဝန်ကြီးချုပ်တွေကို ပြည်နယ်တွေက ရွေးပြီဆိုရင် အရပ်ဘက်အစိုးရအခြမ်းမှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ချိတ်ဆက်မှု ပျက်သွားမှာဖြစ်ပြီးတော့ တဖက်ကကျတော့ ကာကွယ်ရေးဦးစီးချုပ်လက်အောက်က တပ်ရင်းတပ်မတွေ လုံနယ်ဝန်ကြီးတွေ ဒါတွေက ဆက်ရှိနေမယ်။ တပ်ဖက် အုပ်ချုပ်ရေးယန္တရားက ပြည်ထောင်စုအဆင့်မှာရော တိုင်းဒေသကြီးအဆင့်မှာရော သူ့ယန္တရားအတိုင်း ဆက်ရှိနေမယ်။ ဒါပေမဲ့ အရပ်ဘက်ယန္တရားက ပျက်သွားမယ်။ နောက် PR စနစ်- PR စနစ်ပြောင်းလိုက်လို့ တိုင်းရင်းသား လူမျိုးနွယ်စုလေးတွေပေါ်မှာ ဘယ်လိုမှ သက်ရောက်မှုရှိမှာမဟုတ်ဘူး။ တနိုင်ငံလုံးရမှ ၅ ရာခိုင်နှုန်း မရှိပါဘူး။ တကယ်တမ်းကျတော့ ၃ ရာခိုင်နှုန်း ၁ ရာခိုင်နှုန်း စသဖြင့်ပဲရမှာ။ တကယ်တမ်း အကျိုးကျေးဇူးခံစားရမှာက ပြည်ခိုင်ဖြိုး။  ဘာကြောင့်လဲဆိုတော့ အကယ်၍သာ PR ကျင့်သုံးပြီဆိုရင် ပြည်ခိုင်ဖြိုးသည် လွှတ်တော်ထဲမှာ ၂ဝ ကနေ ၃ဝ ရာခိုင်နှုန်း ကိုယ်စားလှယ်ရမယ်။ အဲဒီကိုယ်စားလှယ်အရေအတွက် နဲ့ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင် အစိုးရဖွဲ့လို့ ရသွားပြီ။  ဒီအတွက်ကို တပ်ချုပ်က ဒီလိုပြောတယ်လို့ ကျနော်မြင်တယ်”

ကာကွယ်ရေးဦးစီးချုပ်ရဲ့ NCA စာချုပ် ၅ နှစ်ပြည့်အဖြစ် ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဝေဖန်သူတချို့ရဲ့ သဘောထားတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။