NCA ထိုးထားတဲ့ လက်နက်ကိုင်ခုနစ်ဖွဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်ဖို့ပြင်ဆင်

RFA Burmese
2024.03.20
NCA ထိုးထားတဲ့ လက်နက်ကိုင်ခုနစ်ဖွဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်ဖို့ပြင်ဆင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (၇) ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
NCA-S EAO

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့ဟာ 7 NCA Alliance ဆိုတဲ့နာမည်နဲ့ မဟာမိတ်အဖွဲ့သစ်ကို ပြောင်းလဲဖွဲ့စည်းပြီး ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် စတင်တော့မယ်လို့ ပြောလိုက်ပါတယ်။

မတ်လ ၁၇ ရက်ကနေ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး အစည်းအဝေး ပထမရက်မှာပဲ သဘာပတိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဲဒီလို ပြောလိုက်တာပါ။

"ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ ထူထောင်နိုင်တယ်ပြောလာတော့ သူတို့ကလည်း ငြိမ်နေလို့မရတော့ဘူး"

အစည်းအဝေး ပထမရက်မှာထုတ်ပြန်တဲ့ ကြေညာချက်အတွင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်တိုင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ထိန်းချုပ်နယ်မြေအတွင်း လူထုရဲ့လိုအပ်ချက်ကို ပိုပြီးဆောင်ရွက်နိုင်ဖို့ ဒီလိုလုပ်ဆောင်တာလို့ အပစ်ရပ်ခုနစ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ စစ်ရေးဘောင်က ကျယ်ပြန့်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဘောင်က ကျဉ်းမြောင်းနေတဲ့ကာလမှာ မငြိမ်မသက်မှုတွေဖြစ်ပေါ်နေတဲ့ ကာလအတွင်းမှာ ကိုယ်နဲ့ဆက်စပ်တဲ့နယ်မြေ၊ ကိုယ်ထိန်းချုပ်တဲ့နယ်မြေမှာ ပြည်သူလူထုအကျိုးကိုရှေးရှုပြီး ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာနဲ့ ကိုယ့်မှာရှိနေတဲ့အခြေအနေပေါ်မှာ ဒါဆောင်ရွက်ဖို့ဖြစ်တယ်”

ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်မယ့်ကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့တစ်ခုချင်းစီအတွင်းမှာ အကျေအလည် မဆွေးနွေးရသေးပေမယ့် ကိုယ့်ပုံစံနဲ့ကိုယ်ပဲ ဆောင်ရွက်ကြမယ်လို့ သူက ပြောပါတယ်။

လက်နက်ကိုင်ခုခံစစ်မှာ ပါဝင်နေသူတွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုက်သိမ်းယူပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်နေချိန်မှာ အဲဒီခုနစ်ဖွဲ့က အခုလို ပြောဆိုလာတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ အပစ်ရပ်အဖွဲ့တွေ ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်တာကို ခွင့်ပြုလိမ့်မယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ ပြောရတယ်ဆိုတာကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လုပ် လာတယ်၊ ကိုးကန့်အဖွဲ့ MNDAA က လုပ်လာတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ ထူထောင်နိုင်တယ်ပြောလာတော့ သူတို့ကလည်း ငြိမ်နေလို့မရတော့ဘူး။ ဒီလိုပြောတာလေးနဲ့တော့ တပ်မတော်က သူတို့ကို ရန်ပြုမှာ မဟုတ်ဘူး။ ခွင့်ပြုနိုင်ပါတယ်”

အပစ်ရပ်ခုနစ်ဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်ရေးမှာ နယ်မြေခွဲဝေမှုနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ညှိနှိုင်းပြီး လုပ်မယ်ဆိုရင် ဒီကိစ္စက မြန်မာပြည်သူတွေသွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ မကိုက်ညီဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“သူတို့ကတော့ စစ်တပ်နဲ့ညှိပြီးတော့ လုပ်မယ်လို့ ယူဆရတယ်။ စစ်တပ်ရဲ့ အသိအမှတ်ပြုခံ ကိုယ်ပိုင်အုပ်ချုပ်ရေး လုပ်ဆောင်မယ်ဆိုရင်တော့ ဒီဟာက မြန်မာပြည်သူလူထု၊ တိုင်းရင်းသား ပြည်သူလူထုသွားချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်နဲ့ မညီဘူးဆိုတာ ပြောချင်တယ်”

ဗိုလ်ချုပ်ကြီးယွက်စစ် ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ 7 NCA Alliance မဟာမိတ်အဖွဲ့သစ်ကတော့ တွေ့ဆုံဆွေးနွေးရေးကတစ်ဆင့် ငြိမ်းချမ်းရေးရလဒ်တွေ ဖော်ဆောင်ဖို့၊ နိုင်ငံရေးအပြောင်းအလဲ တိုးတက်ဖြစ်ပေါ်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ စတဲ့အချက်တွေကို ဆောင်ရွက်မှာဖြစ်ကြောင်း မတ်လ ၁၈ ရက် ချင်းမိုင်အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ် ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ လက်နက်ကိုင်ခုခံသူတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုက်သိမ်းယူပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်ဖို့ ကြိုးစားနေချိန်မှာ အပစ်ရပ်အဖွဲ့အချို့က စစ်ကောင်စီနဲ့ဆွေးနွေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမယ်ဆိုရင် ဒါက ရိုးသားမှုမရှိဘူးလို့ သုံးသပ်ပါတယ်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရဖို့ တိုက်နေခိုက်နေကြတဲ့ လူထုလူတန်းစား အုပ်စုအဖွဲ့တွေ အသီးသီးရှိနေတဲ့အချိန်မှာ ဒီလိုမျိုး စစ်တပ်ကလျှော့ပေးလိုက်တယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆွေးနွေးပွဲ စားပွဲဝိုင်းကနေ အသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ဟာက ဖြစ်နိုင်တာက ဟိုဘက်က တိုက်ပွဲတွေဖော်ဆောင်ပြီး တိုက်နေခိုက်နေကြတဲ့ဟာတွေဟာ တကယ့်အကြမ်းဖက်သမားတွေပါဆိုတဲ့ ပုံပြသက်သေမျိုး သူတို့က ဖော်ဆောင်ချင်တာလား၊ ဒါမှမဟုတ် အဲဒီလို သဘောသက်ရောက်သွားအောင် တွန်းပို့ဖို့အတွက် ဒီဘက်က နားလည်မှု၊ သဘောတူညီမှုတွေ ပေးလိုက်တာဖြစ်နိုင်တယ်”

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း  (၇) ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: NCA-S EAO)
NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (၇) ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: NCA-S EAO)

NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်ဆယ်ဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဆိုတဲ့ နာမည်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်မှာ အဖွဲ့ဝင်တွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က စစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာမှာပဲ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်ဖို့ဆုံးဖြတ်ပြီး ဒီနေ့အထိ တိုက်ပွဲတွေဆင်နွှဲနေပါတယ်။

အခုနောက်ပိုင်းမှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ မွန်ပြည်သစ်ပါတီ (MNSP) အဖွဲ့အတွင်းမှာလည်း သဘောထားကွဲမှုတွေဖြစ်လာပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) ကို ခွဲထွက်ဖွဲ့စည်းပြီးနောက် စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။