စစ်ကောင်စီပြုလုပ်တဲ့ NCA ပွဲတက်ရောက်သူသုံးဦးကို ABSDF တာဝန်ကနေ ရပ်ဆိုင်း

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.10.16
စစ်ကောင်စီပြုလုပ်တဲ့ NCA ပွဲတက်ရောက်သူသုံးဦးကို  ABSDF တာဝန်ကနေ ရပ်ဆိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် အခမ်းအနားကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားခေါင်းဆောင်တချို့အား တွေ့ရစဉ်။
AP

စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ရှစ်နှစ်ပြည့်အခမ်းအနားကို မတက်ရောက်ဖို့ မူ၊ သဘောထားချမှတ်ထားပေမဲ့ မိမိသဘောဆန္ဒအလျောက် တက်ရောက်ခဲ့တဲ့ ABSDF အဖွဲ့ဝင်သုံးဦးကို တာဝန်တွေကနေ ရုပ်သိမ်းကြောင်း ABSDF က အောက်တိုဘာလ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီကဦးဆောင်ပြီး နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC II) မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ရှစ်နှစ်ပြည့်အခမ်း အနားကို ကျင်းပခဲ့တာပါ။

အဲဒီအခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်စောမောင်မောင်ဦးနဲ့ ရဲဘော်မင်းဇော်တို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီလိုတက်ရောက်ခဲ့တာကြောင့် အဖွဲ့ရဲ့ စည်းမျည်းစည်းကမ်းအတိုင်း တာဝန်ကနေရုပ်သိမ်းလိုက်တာလို့ ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဆန်နီက ပြောပါတယ်။

"အဖွဲ့အစည်းရဲ့ ရပ်တည်ချက်နဲ့မညီဘူး၊ စည်းမျည်းစည်းကမ်းနဲ့လည်း မညီပါဘူး၊ နောက်ဆုံးအကြိမ်အထိ မတက်ဖို့ပြောခဲ့ပါတယ်၊ သူတို့ရဲ့ သဘောဆန္ဒအရ တက်ရောက်ခဲ့တာတွေ့ရတဲ့အတွက်ကြောင့် အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်းနဲ့ စည်းကမ်းအရ အဖွဲ့အစည်းရဲ့မူဘောင်အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ သူတို့ကို နိုင်ငံရေးတာဝန်၊ စစ်ဘက်တာဝန်တွေကနေ ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်"

ABSDF ရဲ့ မူတွေ၊ သဘောထားတွေ၊ ရပ်တည်ချက်တွေနဲ့ ဆန့်ကျင်တာတွေကိုလည်း နောက်ထပ်မပြုလုပ်ဖို့ သတိပေးကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တာဝန်ကနေ ရုပ်သိမ်းခံရတဲ့သူတွေရဲ့ သဘောထားသိရဖို့ ရဲဘော်မျိုးဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည်မဖြေကြားပါဘူး။

ABSDF အနေနဲ့ စစ်ခေါင်းဆောင်ဖိတ်ကြားတဲ့ NCA ရှစ်နှစ်ပြည့်ပွဲကို တက်ရောက်မှာမဟုတ်ကြောင်းနဲ့ တက်ရောက်ဖို့အတွက်လည်း ဘယ်သူကိုမှ တာဝန်ပေးထားခြင်း မရှိကြောင်း အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) မှာ ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က အောက်တိုဘာ ၁၂ ရက်နေ့မှာလည်း ပူးတွဲ ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် အခမ်းအနားကို တက်ရောက်လာသူတွေများအား တွေ့ရစဉ်။(Photo : AFP)
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် အခမ်းအနားကို တက်ရောက်လာသူတွေများအား တွေ့ရစဉ်။(Photo : AFP)

ABSDF အဖွဲ့ဟာ အစဉ်အလာကြီးမားတဲ့အဖွဲ့ဖြစ်ပြီး ပြည်သူ့ရန်သူဖြစ်တဲ့ စစ်ကောင်စီပွဲတက်ရောက်တာကြောင့် သူတို့ကိုအရေးယူတာကို ထောက်ခံတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

" ABSDF အဖွဲ့နဲ့ အခြားသောအဖွဲ့တွေက NCA ကို အသိအမှတ်မပြုဘူး၊ မတက်ရောက်ဘူး၊ အခြားတစ်ဘက်က NUG နဲ့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ဖို့ ပိုင်းဖြတ်ထားတာဖြစ်ပါတယ်၊ အဲဒီပိုင်းဖြတ်ချက်ကို ချိုးဖောက်ပြီးတော့ ဒုဥက္ကဋ္ဌကိုမျိုးဝင်းက တက်ရောက်တာဟာ အဖွဲ့အစည်း စည်းကမ်းကို ချိုးဖောက်တာပါပဲ၊ ဒီလို့အစဉ်အလာကြီးတဲ့ ABSDF အဖွဲ့အနေနဲ့ ဒီလိုအရေးယူတာ မှန်ကန်တယ်၊ ကောင်းမွန်တယ်လို့ ယူဆတဲ့ အကြောင်း ကျွန်တော်ကတော့ ပြောချင်ပါတယ် "

ABSDF ဟာ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလိုပဲ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

NCA ရှစ်နှစ်ပြည့်အခမ်းအနားကို စစ်ကောင်စီက ကျင်းပတာဟာ သူတို့တရားဝင်မှုကို ရချင်တာကြောင့် အသုံးချတာလို့ ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီက ပြောပါတယ်။

" NCA နှစ်ပတ်လည်အခမ်းအနားတွေကို ကျင်းပတယ်ဆိုတာက စစ်ကောင်စီက ကျင်းပတာဖြစ်ပါတယ်၊ စစ်ကောင်စီက ကျင်းပခွင့်မရှိပါဘူး၊ ပုံမှန်အားဖြင့် NCA နှစ်ပတ်လည်သော်လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုရင် Join Ownership အနေနဲ့ ကျင်းပရေးကော်မတီကို ဖွဲ့စည်းပြီး ကျင်းပခဲ့တာဖြစ်ပါတယ်၊ ဒီနေ့ အဲဒီအခန်းကဏ္ဍတွေလည်း အကုန်ပျောက်သွားပြီးတော့ ဒီနေ့ စစ်ကောင်စီကနေပြီးတော့ သူတို့လိုချင်တဲ့ တရားဝင်မှု ရနိုင်မဲ့ ကိစ္စရပ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရင်းနဲ့ ဒီနေ့ NCA နှစ်ပတ်လည်နေ့မှာလည်း NCA စာချုပ်ကိုအသုံးချပြီးတော့ သူတို့ရဲ့ တရားဝင်မှုကို ရယူနေတယ်လို့ပဲ မြင်ပါတယ် "

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားစဉ်။ Photo : AFP
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားစဉ်။ Photo : AFP

NCA ရှစ်နှစ်ပြည့်အခမ်း အနားကို ABSDF ရဲ့ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က  ခိုင်စိုးနိုင်အောင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တက်ရောက်ခဲ့သလို နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအဖွဲ့ တချို့ အပါအဝင် စစ်ကောင်စီနဲ့ နီးစပ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ပါတယ်။

NCA စာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း NCA မှာ လက်မှတ်ရေးထိုးကြဖို့ ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခြောက်ဖွဲ့က နိုင်ငံတကာအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအကျပ်အတည်းကို ကြားဝင်ဖြေရှင်းပေးဖို့ NCA ရှစ်နှစ်ပြည့်အခမ်းအနားမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။