၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မကွေးတိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်
2023.11.20

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစပြုလာတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်၊ ကယား၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို၊ မကွေးတိုင်းမှာလဲ ပိုဖြစ်လာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဒေသကာကွယ်ရေးအဖွဲ့တွေ စုပေါင်းပြီး စစ်ကောင်စီကို စစ်မျက်နှာစုံ ဖွင့်ပြီး တိုက်ခိုက်သွားမယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ကိုဝေကြီးက ပြောပါတယ်။
“ရှမ်းမြောက်က ကျွန်တော်တို့ ၁၀၂၇ စစ်ဆင်ရေးကတော့ တော်လှန်ရေးအတွက် ကျွန်တော်တို့ အညာဒေသက အင်အားစုတွေအတွက်ရောပေါ့နော်။ များစွာ အကျိုးရှိတယ်လို့ပဲ ပြောရမှာပေါ့နော်။ ရန်သူက တစ်ယောက်တည်းရှိတာကို ရန်သူက စစ်ကောင်စီ တစ်ယောက်တည်းကို ကျွန်တော်တို့က ညီနောင်မဟာမိတ်တွေနဲ့ စစ်မျက်နှာအစုံ ဖွင့်ပြီးတော့ တိုက်ခိုက်လာနိုင်နေပြီနော်။ အဲဒါနဲ့ တစ်ပြိုင်နက်တည်း ကျွန်တော်တို့ အညာဒေသမှာရှိတဲ့ အင်အားစုတွေကလည်း ဒါကို အခွင့်အရေးတစ်ခုလို သတ်မှတ်ပြီးတော့ပေါ့နော်။ တပေါင်းတည်း တစည်းတည်းပေါ့နော်။ ဟန်ချက်ညီ ကျွန်တော်တို့ တိုက်ခိုက်သွားကြဖို့တော့ ရှိမယ်ဗျ”
ရေစကြိုမြို့နယ်မှာ စစ်ကောင်စီ အခြေစိုက်ထားတဲ့မြို့ပေါ်နဲ့ စစ်တပ် တပ်စွဲထားတဲ့ ရွာအချို့ကလွဲရင် ကျန်တဲ့နယ်မြေ ရှစ်ဆယ် ရာခိုင်နှုန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားတယ်လို့ ပြောပါတယ်။
“စစ်ကောင်စီက မြို့အဝင်အထွက်တွေကို ကန့်သတ်နေပါတယ်”
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေ၊ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ပေမယ့် ကြာရှည် ထိန်းထားနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်ချက် ရှိနေတယ်လို့ မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်လက်ျာက ပြောပါတယ်။
“သိမ်းချင်တောင် သိမ်းနိုင်တယ် ထိန်းချုပ်နိုင်ဖို့ကတော့ မလွယ်ဘူး။ ထိန်းချုပ်နိုင်ဖို့က ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီက ကုန်းကြောင်းဆိုလို့ရှိရင် လာဖို့က လေးမျက်နှာ ငါးမျက်နှာက လာဖို့က လွယ်နေတာဆိုတော့ သိမ်းမယ်ဆိုရင် ယာယီလောက် သိမ်းပြီးတော့မှ ပြန်ခွာရမယ့် အခြေအနေမျိုးမှာ ရှိတာပေါ့။ ပခုက္ကူက ၁၀၁ တို့နဲ့ နမခက (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) လေယာဉ်တို့ ဘာတို့က လွယ်လင့်တကူ လာနိုင်တယ်လေ။ ကျွန်တော်တို့ မြို့နယ်တွေက မိနစ်ပိုင်းနဲ့ဆို မိနစ် နှစ်ဆယ်ဝန်းကျင်ဆို ရောက်နိုင်တယ်”
လက်ရှိမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ပိတ်ဆို့ ဖြတ်တောက်ထားတာ ခြောက်ရက်လောက် ရှိနေပြီး တိုက်ပွဲတွေလည်း ဖြစ်နေတယ်လို့ ဗိုလ်လကျာ်က ပြောပါတယ်။ စစ်ကောင်စီ တပ်ဘက်ကလည်း အရင်က အင်အား တစ်ရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့ပေမယ့် လက်ရှိအချိန်မှာ အင်အား နှစ်ရာကနေ သုံးရာဝန်းကျင်နဲ့ စစ်ကြောင်း ထိုးနေတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်းကို ABSDF နဲ့ ဒေသခံ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက် ကိုးနာရီဝန်းကျင်မှာ သိမ်းပိုက်ခဲ့ပြီး အဲဒီ ရဲကင်းစခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်စီးခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ပြီးတဲ့နောက် စစ်ကောင်စီက မြို့အဝင်အထွက်တွေကို ကန့်သတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဂန့်ဂေါမြို့ အဝင်အထွက်ကို ညနေ သုံးနာရီဆို ကန့်သတ်လိုက်ပြီပေါ့နော်။ သူတို့ မြို့အဝင်အထွက်ကို စစ်တပ်ဂိတ်က ညနေ သုံးနာရီကနေ ကန့်သတ်ထားတာ။ ဒါပြီးလို့ရှိရင် ညနေ သုံးနာရီနောက်ပိုင်းဆိုရင် သူတို့က သံချပ်ကားတွေ၊ ကင်းပတ်တဲ့ဟာတွေပေါ့နော်။ အဲဒါတွေနဲ့ မြို့ထဲမှာ ပတ်တယ်တဲ့။ ပတ်ပြီးလို့ရှိရင် အဲဒီ ကင်းပတ်တဲ့အချိန်မှာ တွေ့လို့ရှိရင် သူတို့က ဖမ်းတယ်တဲ့။ ဖမ်းပြီးလို့ရှိရင် မိတဲ့သူတွေကို ပိုက်ဆံနဲ့ ရွေးခိုင်းတာ။ မင်းရွာစခန်းကို သိမ်းပြီးနောက်ပိုင်းမှာ အဲဒီလို ဖြစ်သွားတာပဲ ထင်တယ်ဗျ”
အဲဒီမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်း တိုက်ပွဲတွေ လုပ်လာနိုင်တာကြောင့် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်တာ၊ လူတွေကို ဖမ်းတာဆီးတာတွေ ရှိလာနေတယ်လို့ ပြောပါတယ်။
ဆောမြို့နယ်မှာတော့ စစ်ကောင်စီက ခံစစ်ပြင်ဆင်တဲ့အနေနဲ့ အုတ်၊ သဲကျောက်တွေနဲ့ ဘန်ကာတွေ တည်ဆောက်နေတာ၊ ရိက္ခာ စုဆောင်းနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
အခုတော့ အရင်ထက် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်လို့ စိုးရိမ်သောကနဲ့ နေရတဲ့အချိန်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“အခုတစ်နိုင်ငံလုံး စခန်းတွေ သိမ်းတဲ့အခါကျတော့လည်းပဲ ရောက်လာလိမ့်မယ်လို့ ပြည်သူတွေကတော့ ဒီဟာတော့ မလွဲမသွေ ကိုယ့်ဆီ ရောက်လာမယ်လို့ မှန်းတယ်ပေါ့။ ဒီအချိန်အခါမျိုးကျတော့ ရှောင်တိမ်းဖို့တွေ စဉ်းစားကြရတာပေါ့ဗျာ။ စပါးသိမ်းဖို့တွေက တစ်မျိုး မိမိ အသက်အန္တရာယ်ကို ရှောင်တိမ်းဖို့က တစ်မျိုးနဲ့ ပြည်သူတွေ အများစုကတော့ စိုးရိမ်ကြောက်လန့်မှုတွေ ရှိပါတယ်”
အဲဒီနေရာက ရွာတွေကို စစ်ကြောင်းထိုးလို့ ဒေသခံတွေဟာ မကြာခဏ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးကြရပါတယ်။ ဒါကြောင့် ကိုယ့်ရွာမှာကိုယ် နေရာ အတည်တကျနဲ့ ဗုံးခိုကျင်း တူးနေရတာမျိုးတွေ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။
ညတိုင်း လက်နက်ကြီး ပစ်ခတ်သံတွေကို ကြားနေရပြီး လက်ရှိ ဆောမြို့ပေါ်မှာလည်း ကားအသွား အလာနဲ့ ရောင်းဝယ်ဖောက်ကားသူတွေ မရှိသလောက် ခြောက်ကပ်နေတယ်လို့ ပြောပါတယ်။
ပြီးခဲတဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ဆောမြို့ပေါ်မှာ CDF ကန်ပက်လက်အဖွဲ့ တူမီးတပ်ရင်း ဒုတိယ တပ်ရင်းမှူးနဲ့ သူ့ဖခင် ခရစ်ယာန်ဓမ္မဆရာ ဦးမန်ကွီးကို စစ်ကောင်စီ တပ်သားတွေက ပစ်သတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတယ်လို့ ပြောကြပါတယ်။