NCA လက်မှတ်ထိုးထားတဲ့ PNLO နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
2024.01.22

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နဲ့ စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် စံဖူးရွာအနီးမှာ ဇန်နဝါရီလ ၂၁ ရက် မနေ့က တိုက်ပွဲဖြစ် ပြီးနောက် သူတို့ရဲ့အရာရှိသုံးဦး ယာယီထိန်းသိမ်းခံခဲ့ရတယ်လို့ PNLO က ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်ညက စံဖူးရွာကို ဝင်ရောက်လာတဲ့ PNLO ယူနီဖောင်းဝတ်ဆင်ထားသူ တွေရဲ့ မော်တော်ယာဉ် ငါးစီးကို စစ်ဆေးခဲ့တဲ့နောက်မှာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကလည်း လက်အောက်ခံ မီဒီယာတွေကတစ်ဆင့် မနေ့က ချက်ချင်း ထုတ်ပြန်ပါတယ်။ ငြိမ်းချမ်းရေးကို ထောက်ထားပြီး NCA သဘော တူညီချက်တွေကို လေးစားလိုက်နာဖို့ ဆွေးနွေးခဲ့တာကြောင့် ပစ်ခတ်မှု ရပ်တန့်သွားပေမယ့် PNLO ယူနီဖောင်း ဝတ်ထားသူတွေက သူတို့ရဲ့ လက်နက်ခဲယမ်းသယ်လာတဲ့ ယာဉ်တွေကို မီးရှို့ထွက်ပြေးသွားခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ MRTV က ကြေညာပါတယ်။
“PNLO အဖွဲ့ဟာ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို ရှေးရှုပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး NCA ပါ သဘော တူညီချက်များကို လေးစားလိုက်နာ စေရေး ဆွေးနွေးညှိနှိုင်းခဲ့တဲ့အတွက် ပစ်ခတ်မှု ရပ်တန့်သွားပါတယ်။ သို့သော် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများဟာ လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ လုံခြုံရေး ညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေစဉ်အတွင်း ဒီကနေ့ မနက် ပိုင်းမှာ ၎င်းတို့ ယာဉ်တန်းမှာ ယာဉ်များကို မီးရှို့ပြီးထွက်ပြေးသွားခဲ့တာကြောင့် ယာဉ်များပေါ်ရှိ ခဲယမ်းလို့ ယူဆရတဲ့ ပစ္စည်းများ ပေါက်ကွဲပြီး စံဖူးကျေးရွာရှိ ဒေသခံများရဲ့နေအိမ် မီးကူးစက်ပြီး နေအိမ် ၂၇ လုံး မီးလောင် ပျက်စီးခဲ့ရပါတယ်”
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဒီဖြစ်ရပ်ဟာ နားလည်မှုလွဲတာဖြစ်ပြီး PNLO သယ်လာတဲ့ လက်နက်ခဲယမ်းတွေဟာ မိမိတပ်ဖွဲ့အတွက် အသုံးပြုဖို့ဖြစ်တယ် လို့ RFA ကို ပြောပါတယ်။
“ဦးဆောင်လာတဲ့ ဗိုလ်ကြီးတစ်ယောက်ကို ဟိုပုံးမှာရှိတဲ့ တပ်စခန်းထဲမှာ ခဏ ထိန်းသိမ်းထားမယ်၊ လူကြီးချင်း စကားပြောလို့ ပြေလည်ရင် ပြန်လွှတ်မယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီအခြေအနေကို ကျွန်တော်တို့ လူတွေက စိတ်မချဘူး။ ဗိုလ်ကြီး တစ်ယောက်နဲ့ ကားနှစ်စီး လက်နက်အပြည့်အစုံပါတဲ့ကားကို သွားထားမယ်ဆိုရင် ပြန်ရဖို့ မလွယ်ဘူး။ အဲဒီအပေးအယူမှာလည်း ဘာတွေတောင်းဆိုမှန်းမသိတဲ့ အခါကျတော့ ဒါကြောင့် ကျွန်တော်တို့က ကိုယ့်တပ်ကိုယ် တည်ဆောက်ဖို့ ပြန်လာတာဖြစ်တဲ့အတွက် အဖွဲ့အစည်းအနေနဲ့ အန္တရာယ် မရှိဘူး။ ကျွန်တော်တို့ ရနိုင်သလောက် ရှင်းပြပါတယ်။ ရှင်းပြလို့ ညှိနှိုင်းနေတုန်းမှာပဲ အောက်ခြေမှာ တင်းမာမှုဖြစ်ပြီး ပစ်တာခတ်တာ ပေါ်လာတာ။ နှစ်ခါပစ်တာပေါ့ဗျာ။ ကျွန်တော်တို့ တပ်တွေကလည်း ဆုံးရှုံးမယ့်အတူတူ ဘယ်သူ့မှ သုံးလို့ မရအောင် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်”
PNLO ရဲ့ ၂၀၂၄ ခုနှစ် မဟာဗျူဟာအရ နိုင်ငံတစ်ဝန်း ပဋိပက္ခတွေရှိနေပေမယ့် ဘယ်အဖွဲ့အစည်းကိုမှ ရန်သူအဖြစ် မသတ်မှတ်ဖို့၊ ကိုယ့်အဖွဲ့ကို ခုခံကာကွယ်ခြင်းမှအပ ပဋိပက္ခတွေကို ရှောင်ရှားဖို့၊ ပြည်သူ တွေကို ထောက်ခံလာအောင် စည်းရုံးဖို့၊ အကာအကွယ်ပေးဖို့၊ လက်ရှိအခြေအနေအရ တပ်ကို စစ်လက်နက်ပစ္စည်းတွေနဲ့ အင်အား ဖြည့်တင်းထားဖို့ စတဲ့ မူတွေ ချထားတယ်လို့ သူက ပြောပါတယ်။
"ညှိနှိုင်းနေတုန်းမှာပဲ အောက်ခြေမှာ တင်းမာမှုဖြစ်ပြီး ပစ်တာခတ်တာ ပေါ်လာတာ"
ဒီဗျူဟာမှာပါတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကို စစ်လက်နက် ပစ္စည်းတပ်ဆင်ဖို့နဲ့ အင်အားဖြည့်တင်းဖို့ ဆိုတဲ့အချက်အရ ဇန်နဝါရီ ၂၁ ရက်နေ့က လက်နက်တွေ သယ်ယူခဲ့တာလို့ ဆိုပါတယ်။
PNLO အနေနဲ့ တခြားသော လက်နက်ကိုင်အဖွဲ့တွေအတွက် လက်နက်၊ ခဲယမ်း သယ်ပေးခဲ့တာ မဟုတ်သလို လက်နက်ပွဲစားလည်း မလုပ်ဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး PNLO ရဲ့ တောင်ကြီးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး ခွန်မင်းသိမ်းနဲ့အတူ ဗိုလ်ကြီး ခွန်သိဒ္ဓိနဲ့ ဗိုလ်ခွန်လှဝင်း တို့ ဇန်နဝါရီလ ၂၁ ရက်ညမှာ ဖမ်းဆီးခံရပေမယ့် ဇန်နဝါရီ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ပြန်လွှတ် ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စကြောင့် NCA လမ်းကြောင်း ပျက်မသွားဘူးလို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
တိုင်းရင်းသားအရေး လေ့လာသူတွေကတော့ NCA ကို ဆက်လက်ကိုင်စွဲထားတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ရပ်တည်ချက်ကို အရင်ကထက်ပိုပြီး ဖော်ပြလာတာကြောင့် စစ်ကောင်စီနဲ့ နိုင်ငံရေး၊ စစ်ရေးအရ ပွတ်တိုက်မှုတွေ ဖြစ်လာနေတယ်လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေးမှာ ပအိုဝ်းလူမျိုး အများစုပါဝင်နေတာကြောင့် ဒီကိစ္စက PNLO အပေါ် သက်ရောက်မှုရှိ လာပြီး NCA အပေါ် ရပ်တည်ချက် ပြောင်းသွားမလားဆိုတာကို စောင့်ကြည့်ရမယ်လို့ လုံခြုံရေးအရ အမည်မ ဖော်လိုတဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“ဒီလက်ရှိ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေး အခင်းအကျင်းမှာ ပအိုဝ်းလူမျိုးတွေ ကလည်း အင်တိုက်အားတိုက် ပါလာတယ်၊ အဲဒီအနေအထားဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာကျတော့ PNLO အပေါ်မှာ သက်ရောက်မှုတွေ တစ်နည်းတစ်ဖုံ သက်ရောက် လာတယ်။ အဲတော့ PNLO ရဲ့ ရပ်တည်ချက်က မာတဲ့ဘက်ကို ရွေ့သွားမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမယ့်အနေအထားမျိုး ဖြစ်တယ်။ အခုဖြစ်နေတဲ့ ပဋိပက္ခ ကလည်း အဲဒီ အခြေအနေနဲ့ သက်ဆိုင်ပြီးတော့ စကစဘက်ကလည်း ဖိအားပေးလာ နိုင်တယ်”
NCA ဟာ အပစ်အခတ်ရပ်စဲမှုနဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်တာကြောင့် အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဆက်ဆံရေး အနည်းငယ် ကွာဟတာမျိုး ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် ဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးနောက် NCA ကို ဆက်လက်အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ရော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ပါ နေပြည်တော်မှာ မကြာခဏ တွေ့ဆုံ ဆွေးနွေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။