ဆွေးနွေးပွဲတွေဟာ နိုင်ငံတကာကို လှည့်စားဖို့ဖြစ်ကြောင်း လေ့လာသူတွေပြော

RFA Burmese
2023.06.29
ဆွေးနွေးပွဲတွေဟာ နိုင်ငံတကာကို လှည့်စားဖို့ဖြစ်ကြောင်း လေ့လာသူတွေပြော နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။
Myanmar Military

နေပြည်တော်မှာ စစ်ကောင်စီနဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဒီဆွေးနွေးပွဲတွေဟာ နိုင်ငံတကာကိုလှည့်စားဖို့သာ ဖြစ်တယ်လို့ လက်ရှိတိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဇွန်လ ၂၆ ရက်ကနေ ဇွန်လ ၂၈ ရက်အထိ သုံးရက်ကြာပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး၊ ဒေသတည်ငြိမ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့ ရည်ရွယ်ထားပေမယ့် ခရီးမပေါက်ဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ KNLA-PC ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“တကယ့်ဖြစ်လိုတဲ့အချက်ကပေါ့လေ ဒီနိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားချင်တယ်ဗျာ၊ ဒီပဋိပက္ခတွေကို ချုပ်ငြိမ်းစေချင်တယ်ဗျာ၊ ဆိုလိုချင်တာက ကျွန်တော်တို့ နိုင်ငံမှာ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ စကားပြောတဲ့ အခင်းအကျင်းတစ်ခုကို ပေါ်ပေါက်ချင်တယ်ဗျာ။ အဲဒါက ကိုယ့်ရဲ့လိုလားချက်ပေါ့၊ သို့သော်လည်းပဲ တကယ့်တကယ် ကျွန်တော်တို့ သွားတဲ့အခါကျတော့ ကျွန်တော်တို့ နဂိုစဉ်းစားထားတဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို ဘယ်လို လမ်းစပျိုးမှုဖြစ်အောင် လုပ်မလဲဆိုတာ ခရီး မရောက်ဘူးပေါ့ဗျာ”

အားလုံးပါဝင်တဲ့ အခင်းအကျင်းမျိုး တင်ပြတဲ့အခါ စစ်ကောင်စီရဲ့တုံ့ပြန်မှုက အားရစရာ မကောင်းဘူးလို့လည်း သူက ပြောပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၀၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဇွန်လ ၁၉ ရက် ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တဲ့ ကရင်အမျိုးသားအစည်း အရုံး(KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကတော့ ဒီဆွေးနွေးပွဲတွေဟာ နိုင်ငံတကာကိုလှည့်စားဖို့ သက်သက် ဆောင်ရွက်နေတာလို့ ဝေဖန်ပါတယ်။

“အခုလက်ရှိ စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံနေတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီက သူလိုချင်တဲ့ လမ်းကြောင်းရနိုင်ဖို့အတွက် ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်က ဖက်ဒရယ်ဒီမိုကရေစီကို ရောက်ရှိမယ့် နိုင်ငံရေးဆွေးနွေးပွဲ ရည်ရွယ်ချက်မပါဘူးလို့ နားလည်တယ်။ ဒီငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ စစ်ကောင်စီရဲ့ နိုင်ငံတကာကို ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကို လှည့်စားဖို့ သက်သက်ပဲ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ KNU အနေနဲ့ ရှင်းရှင်းလင်းလင်းပဲ အဲဒီလိုပဲမြင်ပါတယ်”

ဒီဆွေးနွေးပွဲတွေဟာ စစ်ကောင်စီနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တွေကြား အပြန်အလှန် အသုံးချနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြဝေဖန်ပါတယ်။

“စစ်ရေးပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ အဲဒါကို အသုံးချပြီးတော့ စစ်ကောင်စီကလည်း သူဟာ ငြိမ်းချမ်းရေးသမား၊ ငြိမ်းချမ်းရေးအတွက် တည်ဆောက်နေသူ ဖြစ်တယ်၊ တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း စစ်တပ်နဲ့ဆွေးနွေးပြီးတော့ သူတို့ဒေသအတွင်း အကျိုးစီးပွားနဲ့ဆိုင်တဲ့ တောင်းဆိုမှုတွေ လုပ်နေတယ်။ အဲတော့ အပြန်အလှန် အသုံးချနေတာပါပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် အကျိုးကတော့ ဘာမှမရှိပါဘူး”

စစ်ကောင်စီနဲ့ ဆွေးနွေးနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ တာဝန်ရှိသူတွေကလည်း သူတို့နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲအများစုဟာ တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားနဲ့ နယ်မြေတည်ငြိမ်ရေးကိုပဲ အဓိကထား ဆွေးနွေးကြတာလို့ RFA ကို ထုတ်ပြောထားပါတယ်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် NCA  လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo: Myanmar Military)
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo: Myanmar Military)

အမည်မဖော်လိုတဲ့ စစ်ကောင်စီဆွေးနွေးဖက် တချို့ကတော့ သူတို့အနေနဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းစတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေပေမယ့် စစ်ကောင်စီဘက်က ခါးခါးသီးသီး ငြင်းဆန်နေဆဲလို့ ပြောပါတယ်။

အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့ဆိုရင် စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တာ အပါအဝင် အဓိက အချက်သုံးချက်ကို အရင်ဆုံး အကောင်အထည် ဖော်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“စစ်ကောင်စီအောက်မှာလုပ်တဲ့ ဆွေးနွေးပွဲတွေက လုံး၀ရည်ရွယ်ချက် မမှန်ကန်တဲ့ လုပ်ငန်းစဉ်တွေသာဖြစ်တယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက်လုပ်တဲ့ ငြိမ်းချမ်းရေးနာမည်ခံတဲ့ စကားဝိုင်းတွေသာ ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ ဒီလိုဆွေးနွေးပွဲတွေဟာ အဓိပ္ပာယ်ရှိတဲ့ ရလဒ် ဘယ်လိုမှ မရနိုင်ပါဘူး။ ဆွေးနွေးဖက်ဖြစ်ဖို့ သူတို့ရည်ရွယ်တယ်ဆိုရင် သူတို့ရဲ့ အကြမ်းဖက်မှု လုပ်ငန်းတွေ ချက်ချင်း ရပ်ရပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်ရပါမယ်။ သူတို့တွေ မြန်မာ့ နိုင်ငံရေးကနေ လုံး၀ပါစရာ အကြောင်းမရှိတော့ဘူးဆိုတာ သူတို့ အာမခံရမယ်”

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

စစ်ရေးပဋိပက္ခနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းရေး၊ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ အာဆီယံနဲ့ နိုင်ငံတကာက အကြိမ်ကြိမ် တိုက်တွန်းနေတာပါ။

"အခုလက်ရှိ စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံနေတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီက သူလိုချင်တဲ့ လမ်းကြောင်းရနိုင်ဖို့အတွက် ရည်ရွယ်နေတာ ဖြစ်ပါတယ်။"

ဒီလိုတိုက်တွန်းနေတဲ့ နိုင်ငံတကာရဲ့ ရည်ရွယ်ချက်က ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့၊ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ နိုင်ငံတစ်ဝန်းက လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ရည်ရွယ် တိုက်တွန်းတာလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ဒီအချက်တွေကို ထုတ်ဖော်ပြောဆိုတာမရှိဘဲ တပ်မတော်ဟာ တိုက်ခိုက်မှုတွေအစား ဆွေးနွေးမှုတွေ ဆောင်ရွက်လာတာ နှစ်ပေါင်း ၃၃ နှစ်ရှိနေပြီး၊ အဲဒီအနှစ် ၃၀ ကျော်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိမ် ငါးထောင်ကျော် လုပ်ခဲ့ကြောင်း ဇွန် ၁၉ ရက် ထိုင်းနိုင်ငံက ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။ အဲဒီအချက်ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။