စစ်ကြောင်းထိုးလို့ ချောင်းဦးမှာ ဒေသခံ လေးဦးသေဆုံး၊ နေအိမ် ၅၀၀ နီးပါး မီးလောင်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မြောက်ပိုင်း ငါးလုံးတင်၊ မထိသာနဲ့ မှန်ချိုရွာတွေကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။
ဒီစီးနင်းမှုအတွင်း အရပ်သား လေးဦးသေဆုံးပြီး နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီး ခဲ့သလို ကျေးရွာ ၁၀ ရွာက အရပ်သား နှစ်သောင်း ၂၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ငါးလုံးတင်ရွာကို အောက်တိုဘာလ ၁၅ ရက် မနက် ၁၀ နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာပါ။
"ရွာအလယ်ပိုင်းထဲက တိုက်အိမ်တွေကျတော့ တံခါးတွေ၊ သွပ်မိုးတွေ အကုန်ပျက်စီးသွားတယ်"
ငါးလုံးတင်ရွာက နေအိမ် သုံးရာနီးပါးပျက်စီးခဲ့ပြီး မီးလောင်သေဆုံးနေတဲ့ ဒေသခံ သုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“ငါးလုံးတင်မှာ အရပ်သားလို့ အတည်ပြုနိုင်တဲ့ အလောင်းက တစ်လောင်းတွေ့တယ် အတည်မပြုနိုင်တဲ့ အလောင်းက နှစ်လောင်း စုံစမ်းနေရတုန်းပေါ့။ အရပ်သား ဟုတ်၊ မဟုတ်ဆိုတာ။ အဲဒီ နှစ်လောင်းက မီးလောင်ပြီးသား အလောင်းတွေပေါ့။ ရုပ်တွေ ဘာတွေ မသိတော့တဲ့အတွက် အဲဒါကို ဆက်ပြီးစုံစမ်းနေတယ်။ နောက်တစ်လောင်း ကတော့ ရွာရဲ့မြောက်ပိုင်းမှာ နေထိုင်တာဗျ၊ အသက်ရွယ်ကတော့ သုံးဆယ်ကျော်ပဲ အမျိုးသားပါ။ နာမည်က ကိုရန်အောင်လို့ ခေါ်တယ်။ သူ့ကို တွေ့တွေ့ချင်းကတော့ နားထင်မှာ တည့်တည့်ပစ်ခံထားရတာ”
အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ငါးလုံးတင်ရွာအနီးက မထိသာရွာကို နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတဲ့အတွက် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီး ခဲ့တယ်လို့ မထိသာရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ရွာက အစောပိုင်းက ခြောက်ရာကျော်နေတယ်။ အခု နောက်တိုးတွေနဲ့ဆို ရှစ်ရာနီးပါးရှိတယ်။ အခုလောလောဆယ်က အိမ်ခြေနှစ်ရာကျော် လောင်တယ်။ ရွာအလယ်ပိုင်းထဲက တိုက်အိမ်တွေကျတော့ တံခါးတွေ၊ သွပ်မိုးတွေ အကုန်ပျက်စီး သွားတယ်။ ကျန်တဲ့ တဲအိမ်တွေကတော့ အကုန်ပြာကျသွားတယ်။ အခုတော့ အမျိုးသားတွေပဲ သန့်ရှင်းရေးလုပ်ဖို့နဲ့ မီးကြွင်းမီးကျန်ငြှိမ်းဖို့ ရွာကိုပြန်ဝင်နေတယ်။ အမျိုးသမီးတွေကတော့ ရှောင်တုန်း"
အောက်တိုဘာလ ၁၄ ရက်နေ့က မှန်ချိုရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်လို့ မှန်ချိုရွာက အရပ်သား တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါးလုံးတင်၊ မထိသာ၊ မှန်ချို၊ ပေါက်ပင်နီ၊ မကျဉ်းခွ၊ တောင်ဖီလာ၊ ရှမ်းထူး၊ ပေါက်ပင်၊ ညောင်ပင်သာနဲ့ ထွန်းနီရွာက ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။
စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း အင်အားအလုံးအရင်းနဲ့ ကျေးရွာတွေကို ဝင်ရောက် စီးနင်းတယ်လို့ ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အရင်တုန်းကလည်း စစ်ကြောင်းတွေဝင်ရင် မီးရှို့သွားတာရှိတယ်။ ညောင်လည်ရွာကို ဝင်တုန်းကလည်း ထွက်ပြီဆိုရင် ရှို့တယ်။ အခုက ဝင်ကတည်းက မီးရှို့တာ၊ ပြီးရင် အထိုင်ချတယ်၊ အထိုင်ချနေတုန်း ကျနော်တို့က မီးငြှိမ်းသတ်ဖို့ဝင်ရင် ပြန်ပြီးပစ်ခတ် တာတွေရှိတယ်။ ဒါကြောင့် ပြန်ဆုတ်လာရတာတွေလည်းရှိတယ်။ စစ်ကြောင်းကို တပ်စိတ် သုံးစိတ်၊ တပ်ခွဲ သုံးခွဲတို့နဲ့ အင်အား တစ်ရာကျော်နဲ့ ဝင်တာ။ တစ်ခါတလေ ညအချိန်တွေ၊ မနက်လင်းပိုင်းတွေ ဝင်တယ်"
စစ်ကောင်စီရဲ့ တပ်မ - ၅၅၊ တပ်မ - ၃၃၊ တပ်မ - ၇၇ နဲ့ တပ်မ - ၉၉ က တပ်သားတွေဟာ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်စီးနင်းနေတာလို့ ချောင်းဦး ပြည်သူ့ ကာကွယ်ရေးတပ်က ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေ ကို မီးရှို့ဖျက်ဆီးနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင် ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့တပ်ဖွဲ့ဝင်တွေဟာ နေအိမ် တွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေအထွေအတွင်း ရေးမှူးချုပ် အထူးကိုယ်စားလှယ်နဲ့ သြဂုတ်လအတွင်း တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ မီးလောင်ပျက်စီးမှုတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ကတော့ စစ်ကောင်စီတပ်သားတွေ မီးရှို့တဲ့အတွက် သြဂုတ် ၂၅ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၂၀,၁၅၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း စစ်အာဏာ သိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ၅၄၅,၂၀၀ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။