မကွေးတိုင်းက NLD အလုပ်အမှုဆောင်နဲ့ ပါတီဝင်အယောက် ၂၀ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ
မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်နဲ့ ပါတီဝင် ၂၀ ဟာ မကွေး ဒေါင်းနေထောင်တွင်းတရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စက်တင်ဘာ ၃၀ ရက်နေ့က နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ မြို့နယ် NLD ပါတီဝင်တွေက ပြောပါတယ်။
သူတို့တွေဟာ နည်းလမ်းအမျိုးမျိုး အဖမ်းခံထားရသူတွေဖြစ်တယ်လို့ ပွင့်ဖြူမြို့နယ် ပါတီဝင်တစ်ဦးက ပြောပါတယ်။
“ပွင့်ဖြူက နှစ်ယောက်ပါတယ်။ အဲဒီတစ်ယောက်က ကိုဝင်းဇော်ဦး။ ပွင့်ဖြူ NLD အလုပ်အမှုဆောင်ဗျ။ သူက စေတုတ္တရာဘက်မှာ တိမ်းရှောင်နေတာကိုး။ အထောက် အပံ့တွေ၊ ဆန်အိတ်လှူရင်းနဲ့ မိတာ။ မိတော့ ဆွေမျိုးသားချင်းတွေကို ဓားစားခံလုပ်လို့ သူက အဖမ်းခံလိုက်ရတာပေါ့နော်။ စေတုတ္တရာက မအေးအေးအောင်ဆိုတာက NLD အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဆိုတာက သူ့ကို စလင်းမြို့နယ်မှာပဲ သူ့ကို ပစ္စည်း ပေးစရာရှိတယ်ဆိုပြီး စစ်ကောင်စီက ထောင်ဖမ်းတာ”
ထောင်ချခံရသူ ၂၀ ထဲမှာ ပွင့်ဖြူမြို့နယ်က NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းဇော်ဦးနဲ့ ပါတီဝင်တွေဖြစ်ကြတဲ့ ကိုဇော်မျိုးထက်၊ ကိုဇော်ဝင်း၊ ကိုဝင်းကြိုင်၊ ကိုနီသွေး၊ ကိုကြည်လင်း၊ ကိုချစ်ညီညီ၊ ကိုလှိုင်ဝင်း၊ ကိုကျော်ဝင်းစိန်၊ ကိုစံဌေး၊ ကိုသန်းထွန်းတို့ ၁၁ ဦးပါဝင်ပါတယ်။ သူတို့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၄၉(ခ)၊ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၂၅ နှစ်စီ အသီးသီးချမှတ်ခံရတာပါ။
"တမင်အပြစ်ရှာပြီးတော့ NLD မို့လို့ လုပ်တယ်လို့ ဒီလိုလည်း ပြောလို့ရတယ်”
အလားတူ ပွင့်ဖြူမြို့နယ်က နောက် NLD ပါတီဝင်တွေဖြစ်ကြတဲ့ ကိုကျော်ဇင်မင်း၊ ကိုတင်မောင်ထွန်း၊ ကိုညီညီအောင်၊ ကိုသန်းစိုး၊ ကိုညိုဝင်းအောင်၊ ကိုဆန်းလင်းအောင် (ခ) မဲလုံး၊ ကိုဇော်မျိုးအောင်၊ ကိုဘုန်းကျော်တို့ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၀ (က)၊ ၅၂ (က) နဲ့ ထောင်ဒဏ်နှစ် ၂၀ စီ အသီးသီး ချမှတ်ခံရတာလည်းဖြစ် ပါတယ်။
နောက်တစ်ဦးကတော့ အရင်က ထောင်နှစ် ၂၀ ချမှတ်ခံထားရတဲ့ စေတုတ္တရာမြို့နယ် NLD အမျိုးသမီးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးအေးအောင်ဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့က အမိန့်နဲ့ဆိုရင် ဒေါ်အေးအေးအောင်ဟာ ထောင်ဒဏ် နှစ် ၄၀ ထိ ချမှတ်ခံရ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပွင့်ဖြူမြို့နယ် NLD ပါတီတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒေါ်အေးအေးအောင်က စေတုတ္တရာမြို့နယ်ကပါ။ ဒေါ်အေးအေးအောင်အတွက်လည်း စိတ်မကောင်းစရာပါ။ ဖမ်းခံလိုက်ရတော့ ပထမတစ်ကြိမ်မှာ ၅၀ (က) ရယ်၊ ၅၂ (က) ဆိုပြီး ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ်အနှစ် ၂၀ ချပြီးသား ဖြစ်ပါတယ်။ ထောင်ဒဏ်အနှစ် ၂၀ ချပြီးသားကို အဲဒီပုဒ်မနှစ်ခုဖြစ်တဲ့ ၅၀ (က)၊ ၅၂ (က) ဒီပုဒ်မတွေနဲ့ပဲ ထပ်တရားစွဲပြီး ထောင်ဒဏ်အနှစ် ၂၀ ပြီးခဲ့တဲ့ ၃၀ ရက်နေ့က ပြစ်ဒဏ်ချလိုက်တာပါ”
ဒေါ်အေးအေးအောင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။
ထောင်ချခံရသူတွေထဲက ပွင့်ဖြူမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၄၇ နှစ် အရွယ် ဦးဝင်းဇော်ဦးဟာလည်း ယောက်ဖဖြစ်သူ အသက် ၃၆ နှစ်အရွယ် ကိုဇော်မျိုးထက် နဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရာကနေ မိသားစုဝင်တချို့ကို စစ်ကောင်စီကဖမ်းဆီး အကျပ်ကိုင်ပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က အဖမ်းခံခဲ့ရတာလို့ ဒေသခံ NLD ပါတီဝင်တွေက ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ - ၄၉ (ခ) ဟာ နိုင်ငံပိုင် အဆောက်အအုံ၊ စက်ပစ္စည်းနဲ့ ယာဉ်တွေ ပျက်ဆီးစေတာ၊ လက်နက်နဲ့ ခဲယမ်းမီးကျောက်နဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ လွှဲပြောင်း၊ ထောက်ပံ့ရင် အနည်းဆုံး ထောင် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ ပုဒ်မ - ၅၀ (က) ကတော့ အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံပိုင် အခြေခံအဆောက်အအုံ၊ ယာဉ်စက်ပစ္စည်းတွေကို ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးစေတာ၊ အများပြည်သူနဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုး ရွားရွား ထိခိုက်စေတာအတွက် ပြဌာန်းထားတဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ ပုဒ်မ ၅၂ (က) ကတော့ အကြမ်းဖက်အုပ်စုမှာ ပါဝင်ပတ်သက်ရင်၊ အကြမ်းဖက်သမားတွေကို အဆောက်အအုံနဲ့ နေရာ၊ သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရင် ထောင် သုံးနှစ် ကနေ ခုနှစ်နှစ်အထိ ငွေဒဏ်နဲ့အတူ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ပါတီအလုပ်အမှုဆောင်နဲ့ ပါတီဝင် ၂၀ ကို ချမှတ်တဲ့ အမိန့် တွေဟာ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်ပြီး ဒါဟာ NLD အပေါ်ထားတဲ့ နိုင်ငံရေး ပယောဂ ကြောင့်ဖြစ်တယ်လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေ တစ်ဦးက ထောက်ပြပါတယ်။
“ကျန်တဲ့သူတွေကိုသာ တရားဥပဒေ စိုးမိုးရေးအကြောင်းပြောနေတာ သူတို့ကတော့ မလိုက်နာဘူး။ သူကတော့ အမြင့်ဆုံးပြစ်ဒဏ် ချမှာပဲလေ။ ခေါင်းဆောင်တွေကိုသာ ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ နောက်ပိုင်းကျတော့ နည်းနည်းလျော့ပေါ့တွေ ဘာတွေလုပ်တာ။ ကျန်တဲ့သူတွေကတော့ အမြင့်ဆုံးပြစ်ဒဏ်တွေချည်းပဲ။ တမင် အပြစ်ရှာပြီးတော့ NLD မို့လို့ လုပ်တယ်လို့ ဒီလိုလည်း ပြောလို့ရတယ်”
ရန်ကုန်တိုင်း ဒလမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ NLD ပါတီ ဝင်တွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်တာဟာ စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတာလို့ ပြောပါတယ်။
“ဒီစေတုတ္တရာတို့ ပွင့်ဖြူနယ်ဘက်မှာ ဖြစ်တဲ့ကိစ္စမျိုးကတော့ လူတစ်ယောက်ကို မမိလို့ရှိရင် အနီးစပ်ဆုံး ဆွေမျိုးသားချင်းကို ဒုက္ခပေးတာပေါ့နော်။ တော်တော်ကို နည်းလမ်းမကျတဲ့ တော်တော်ကို အောက်တန်းကျတဲ့ အနေအထားတစ်ရပ်နဲ့ တစ်ပြည် လုံးရင်ဆိုင်နေကြရတာပါနော်။ အကြမ်းဖက်စစ်ကောင်စီဟာ နင်မဟုတ်ရင် နင့်ဘပဲ ဆိုပြီး ရမ်းလုပ်နေတဲ့ကိစ္စမျိုးတွေဟာ တစ်ပြည်လုံးမှာကို ဖြစ်နေတဲ့ကိစ္စတွေဖြစ်တယ် လို့ပဲ ကျနော့် အနေနဲ့ မှတ်ချက်ပြုပြောပါရစေခင်ဗျာ”

စစ်ကောင်စီဟာ အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေကို လိုက်လံဖမ်းဆီးပြီး နေအိမ်၊ အဆောက်အအုံတွေကို ချိတ်ပိတ်နေတာလို့ ပါတီဝင်တွေက ပြောပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အတွင်း NLD ပါတီဝင်ပေါင်း ၉၇၂ ဦး ဖမ်းဆီးတရားစွဲခံထားရပြီး သေဒဏ်နဲ့ ကွပ်မျက်ခံခဲ့ရတဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ပါတီဝင် ၅၅ ဦးလည်း သေဆုံးခဲ့ရတယ်လို့ NLD က ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား သူတွေကို တစ်ကျပ်၊ တစ်ပြားလှူဒါန်းရင်တောင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းပြီးနောက် အရပ်သား တစ်သောင်းခွဲကျော် အဖမ်းခံခဲ့ရပြီး အဲဒီထဲက လူပေါင်း ၁၂,၅၄၈ ဦးကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။