၀က်လက်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၃ ဦးသေဆုံး၊ တစ်သောင်းကျော် ထွက်ပြေးရ

2022.10.23
၀က်လက်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၃ ဦးသေဆုံး၊ တစ်သောင်းကျော် ထွက်ပြေးရ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဟန်လင်းပျူမြို့ဟောင်းအား စစ်ကောင်စီတပ်မှ ဝင်ရောက်တာကြောင့် ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေလို့ ဒေသခံ ၁၃ ဦးသေဆုံးပြီး ကျေးရွာ ၁၅ ရွာက အရပ်သား တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အောက်တိုဘာ ၈ ရက်ကနေ ဒီကနေ့ အောက်တိုဘာလ ၂၃ ရက်အထိ စစ်ကောင်စီ တပ်တွေက ဝက်လက်မြို့နယ်ထဲမှာ တစ်ရွာဝင်တစ်ရွာထွက် နယ်မြေရှင်းလင်းရေး လုပ်နေတာပါ။

ဒီကာလအတွင်း ထနောင်းကိုင်းက ဒေသခံ နှစ်ဦး၊ မင်းကုန်းက ဒေသခံ တစ်ဦး၊ သမန်းကျင်းက ဒေသခံ နှစ်ဦး၊ ဘုရားလေးကုန်းက ဒေသခံ သုံးဦး၊ ရွာတော်က ဒေသခံ သုံးဦးနဲ့ ဒူသင်တောင်ခြေ ဘုန်းကြီးကျောင်းက ဒေသခံ နှစ်ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

"ကျနော်တို့ ဟန်လင်းပတ်ဝန်းကျင် ရွာတွေတစ်လျှောက်လုံး ပြေးရတာပေါ့"

ဒီအပြင် ဆင်နင်း၊ သစ်ဆိမ့်ကြီး၊ ဘုရားလေးကုန်းနဲ့ မကျဉ်းသုံးပင်ရွာတွေက နေအိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၂၂ ရက်မနေ့က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၁၂ က ဝက်လက် မြို့နယ်အတွင်းရှိ ဟန်လင်း (ပျူ) မြို့ဟောင်းကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ် ဝင်ရောက်ခဲ့တာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဝက်လက်ဒေသခံ တစ်ဦးက ပြောပါတယ်။

"ပြေးနေရတာတော့ဗျာ။ ကျနော်တို့ ဟန်လင်းပတ်ဝန်းကျင် ရွာတွေတစ်လျှောက်လုံး ပြေးရတာပေါ့။ အဲဒီနားက ဒေါင်းတောင်တို့ ဟန်လင်း ပတ်ဝန်းကျင်ရွာတွေ။ ဟန်လင်းက အခုလက်ရှိ သူတို့ရှိနေတဲ့ အခြေအနေရှိတယ်ဗျ။ ဟန်လင်းမှာ သူတို့ အခုလက်ရှိ ဘုရား၊ ရှေးဟောင်းအမွေအနှစ် ဘုရားတွေရယ်၊ ဗိမ္မာန်တွေရယ်၊ ရွာထဲ ရယ်ဆိုပြီး ခွဲပြီးတပ်စွဲထားတဲ့ အနေအထားမှာရှိတယ်ဗျ"

ဒီစီးနင်းမှုတွေကြောင့် ရွာသစ်ကုန်း၊ ထနောင်းကိုင်း၊ ငါးကြင်းအိုင်၊ ငါးပိအိုး၊ ကံကြီးထော၊ ဒွန်တဲကုန်း၊ မဲကုန်း၊ ကျီးကန်၊ သစ်ဆိမ့်ကြီး၊ ရေဖြူ၊ မှတ်ထိ၊ သမန်းကျင်း၊ ဘုရားလေးကုန်း၊ ဟန်လင်းနဲ့ ချောင်းမှီးတို ရွာက ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။

အသက်မသေဖို့ပဲ အဓိကထားနေရတယ်လို့ ထွက်ပြေးတိမ်ရှောင်နေတဲ့ ချောင်းမှီးတိုရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ခြင်ထောင်မပါ ခေါင်းအုံးမပါ၊ စောင်မပါနဲ့ လယ်ကြိုလယ်ကြား၊ မြောင်းကြိုမြောင်း ကြားမှာ အိပ်နေရတာပေါ့။ ဦးတို့က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အသက်ကိုယ်ပဲ လွတ်ရာ လွတ်ကြောင်းပဲ ထည့်တွက်တော့တယ်။ ကျန်တာတွေ ဘာမှာကို ထည့်မတွက်တော့ဘူး၊ ကိုယ်မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကိုလည်း ထည့်မတွက်တော့ဘူး။ ဦးလေးတို့ရွာဆို တစ်ရွာလုံးပြာကျသွားပြီ။ ကျန်တဲ့ပစွည်းတွေရော နွားချည်တိုင်ကအစ အကုန်ပြာကျ တာ၊ နွားတွေရော၊ ဝက်တွေရော၊ သိုးတွေလည်း ပါတယ်၊ မွေးမြူရေး အကုန်ပါသွား တယ်"

ဟန်လင်းမြို့ဟောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒီကနေ့မနက် အပြန် အလှန် ပစ်ခတ်မှုရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူ တစ်ဦးက RFAကို ပြောပါတယ်။ ဟန်လင်းမြို့ဟောင်းထဲက စာသင်ကျောင်းနဲ့ ဝါဆိုဘုန်းကြီးကျောင်းတွေမှာ စစ်ကောင်စီက တပ်စွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သာသနိကအဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ရွာတွေထဲကို ဝင်ရောက်စီးနင်းလို့ အရပ်သားထိခိုက်သေဆုံးတာ အပြင် ထွက်ပြေးတိမ်းရှောင်နေရတာတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန် ပါဘူး။

စစ်ကောင်စီတပ်တွေက လက်နက်ကိုင်နဲ့ အရပ်သားကို မခွဲခြားတော့ဘဲ စစ်ရာဇဝတ်မှုတွေ ကို ဆက်တိုက်ကျုးလွန်လာတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက RFA ကို ပြောပါတယ်။

myaung.jpg
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: CDSOM)

"ဘာမှ လူ့အခွင့်အရေးတို့ ဘာဥပဒေမှလည်း မရှိဘူးလေ။ သူတို့လုပ်ချင်သလို လုပ်တယ်၊ သတ်ချင်သလို သတ်တယ်။ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေ တာ၊ သူတို့မှာ ဘာဥပဒေမှ မရှိဘဲနဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတာကို တွေ့ရတယ်။ ဒါက တစ်နယ်လုံးပါပဲ။ ကျနော်တို့ စစ်ကိုင်းတိုင်း တစ်ခုလုံးပေါ့"

အာဏာသိမ်းပြီး ၂၁ လအတွင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှု တွေကြောင့် အရပ်သားအများဆုံး သေဆုံးတဲ့ဒေသဖြစ်ပါတယ်။

ဒီကာလအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁,၅၁၂ ဦးထိ သေဆုံးခဲ့တယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISPMyanmar)က အောက်တိုဘာ ၁၁ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခ တွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ၅၄၅,၂၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေး နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။