ထိုင်းမှာ ဇီကာကြောင့် ဦးခေါင်းသေးငယ် ကလေး မွေးဖွားမှုတွေ့ရှိ
2016.10.01

ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဇီကာဗိုင်းရပ်စ်ကြောင့် မိုက်ကရို ဆက်ဖလီ ခေါ် ဦးခေါင်းသေးငယ်တဲ့ ကလေး ၂ ဦးမွေးဖွားမှုကို တွေ့ရှိခဲ့ကြောင်း ထိုင်း ကျန်းမာရေးအရာရှိတဦးက သောကြာနေ့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
အခုလိုတွေ့ရှိမှုနဲ့ ပတ်သက်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒါဟာ အရှေ့တောင်အာရှမှာ ဇီကာနဲ့ ပတ်သက်ပြီး မိုက်ကရို ဆက်ဖလီ ဖြစ်ပွားတာကို ပထမဆုံး တွေ့ရတာဖြစ်ကြောင်း ကြေညာလိုက်ပြီး ဒေသတွင်းရှိ နိုင်ငံတွေ အနေနဲ့ ကာကွယ်တားဆီးရေး၊ ရှာဖွေရေးနဲ့ ကုသရေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်ကြဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံ ကို လတ်တလော ခရီးသွားလာခြင်းက ရှောင်ကျဉ်ကြဖို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက စက်တင်ဘာလ ၂၉ ရက်နေ့စွဲနဲ့ အကြံပြုချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အဲဒီ ဗိုင်းရပ်စ်ပိုးသယ်ဆောင်နိုင်တဲ့ ခြင်တွေရှိနေသလို နိုင်ငံတကာ လေကြောင်းလိုင်းတွေလည်း အဝင်အထွက်ပိုများလာနေတာကြောင့် ဒီရောဂါပိုးပျံ့ပွားကူးစက်နိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။
"ကျနော်တို့ သွေးလွန်တုပ်ကွေး ဖြစ်နေတဲ့အနေအထားထဲမှာ၊ ခြင်ကောင်က ရှိနေတာကိုး၊ ရောဂါပိုး ရှိတဲ့ လူတစ်ယောက်သာဝင်လာရင်၊ အဲ့ခြင်ကိုက်ရင် ကူးစက်သွားနိုင်တယ်၊ ရောဂါပိုးကူးစက်ခံလာရ တဲ့သူတွေ နိုင်ငံခြားကပြန်လာရင်တော့ သူတို့ဆီကနေကူးစက်နိုင်တယ်၊ နောက်နယ်စပ်တွေကလည်း ကူးစက်နိုင်တယ်"
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ကိုယ်ဝန်ဆောင် တွေ သွားလာခြင်းရှောင်ကျဉ်ကြဖို့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံ ၁၁ နိုင်ငံကတော့ မြန်မာ၊ ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မော်လ်ဒိုက်၊ ဖိလစ်ပိုင်၊ အရှေ့တီမောနဲ့ ဗီယက်နမ်နိုင်ငံတွေ ဖြစ်ပါတယ်။
အဲဒီ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူအများစုအနေနဲ့ ယာယီနာမကျန်းမှု လောက်ပဲဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင်တွေကတော့ မိုက်ကရိုဆက် ဖလီ ခေါ် မွေးရာပါ ဦးနှောက်ချို့တဲ့ပြီး ဦးခေါင်းသေးငယ်တဲ့ ကလေးတွေ မွေးဖွား လာနိုင်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကို ကာကွယ်ကုသနိုင်တဲ့ ဆေးမရှိပါဘူး။
ဒီအတောအတွင်းမှာပဲ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနက ကြေညာချက်တစောင် မနေ့က ထပ်မံထုတ်ပြန်ပြီး ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့ပွား တဲ့ဒေသတွေကို သွားရောက်ခဲ့တဲ့ အမျိုးသားတွေအနေနဲ့ မိမိအိမ်ထောင်ဖက်နဲ့ ကလေးယူမယ်ဆိုရင် ၆ လကြာစောင့်ဆိုင်းပြီးမှ ယူကြဖို့ တိုက်တွန်းလိုက် ပါတယ်။ အရင်က ဒီဗိုင်းရပ်စ်ပျံ့ပွားတဲ့နိုင်ငံတွေက ပြန်လာရင် ကလေးယူရန်၂ လ ပဲစောင့်ဆိုင်းဖို့ အကြံပြုခဲ့ရာကနေ အခု ၆ လအထိစောင့်ဆိုင်းဖို့ ကာလ တိုးမြှင့် အကြံပြုလိုက်တာဖြစ်ပါတယ်။
ဇီကာဗိုင်းရပ်စ်ဟာ ယောကျာၤးတွေရဲ့ သုတ်ရည်အတွင်း ၆ လအထိ အသက်ရှင်နိုင်ကြောင်း ပညာရှင်တွေ က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။