မြန်မာနိုင်ငံက ဇီကာနဲ့ဆင်တုပ်ကွေး ကူးစက်မခံရဖို့ ထိုင်ဝမ်အစိုးရ သတိပေးချက်ထုတ်ပြန်


2019.08.05
smoking-622.jpg ရန်ကုန်မြို့ ရပ်ကွက်တစ်ခုအတွင်း ခြင်အန္တရာယ်ကာကွယ်နိုင်ရန် ခြင်ဆေးလိုက်လံဖျန်းနေသည်ကို တွေ့ရစဉ်
Photo: Kyaw Zin Than/ RFA

မြန်မာနိုင်ငံကို ခရီးသွားကြတဲ့ ထိုင်ဝမ်နိုင်ငံသားတွေအနေနဲ့ ဆင်တုပ်ကွေးနဲ့ ဇီကာဗိုင်းရပ် ကူးစက်မယ့်အန္တရာယ်ကို သတိထားကြဖို့ ထိုင်ဝမ် ကျန်းမာရေးဌာန ကူစက်ရောဂါ ထိန်းချုပ်ရေးဌာန CDC က အဆင့်မြင့် သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ ဒီကနေ့ တိုင်ပေတိုင်းစ် သတင်းစာက ရေးသားလိုက်ပါတယ်။

ထိုင်ဝမ်မှာ အခုနှစ်အတွင်း ဆင်တုတ်ကွေးလို့ အတည်ပြုနိုင်သူ လူနာ ၂၅ ဦးကို တွေ့ရှိထားပြီး ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဖြစ်ပွားမှုနှုန်းအများဆုံး တွေ့ရှိရတာလို့ သိရပါတယ်။

ဆင်တုပ်ကွေးဖြစ်သူ ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံက ပြန်ရောက်လာသူတွေဖြစ်ပြီး တခြားလူနာတွေကတော့ မော်လ်ဒိုက်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ အသက် ၄ဝ ကျော် ထိုင်ဝမ်နိုင်ငံသား တစ်ယောက်ဟာ မြန်မာနိုင်ငံက ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံလာရကြောင်း ထိုင်ဝမ် CDC က သောကြာနေ့က အတည်ပြုခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံကို ဇူလိုင်လ ၁၅ ရက်ကနေ ၂၆ ရက်အထိ နေထိုင်ခဲ့ပြီး ၂၇ ရက်နေ့မှာ ထိုင်ဝမ်ကို ပြန်ခဲ့ရာမှာ ခေါင်းကိုက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာနဲ့ ဖျားတာတွေ ခံစားခဲ့ရပြီး နောက်ရက်မှာ ဇီကာရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိတာဖြစ်ပါတယ်။

မြန်မာအပါအဝင် ဇီကာ၊ ဆင်တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားလျက်ရှိနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို အခုရက်ပိုင်း သွားရောက်လည်ပတ်ကြသူတွေဟာ ကိုယ့်ကိုကိုယ် ခြင်ကိုက်မခံရအောင် ဘောင်းဘီရှည်၊ အင်္ကျၤီလက်ရှည်ဝတ်ပြီး သတိထားကာကွယ်သင့်ကြောင်း၊ ခြင်လုံဇကာတပ် အဆောက်အဦတွေမှာ နေထိုင်သင့်ပြီး အစိုးရက ခွင့်ပြုထားတဲ့ ခြင်ကာကွယ်ဆေးတွေ အသုံးပြုသင့်ကြောင်းလည်း ထိုင်ဝမ် ကူးစက်ရောဂါထိန်းချုပ်ရေးဌာန လက်ထောက်ညွန်ကြားရေးမှူးချုပ်က ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။